မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ စံချိန်တင်တာတွေ ဘယ်တော့ ရပ်မှာလဲ

ဓာတ်ပုံ မူပိုင် AFP
Image caption သမိုင်းတစ်လျောက် အကောင်းဆုံး ခြေစွမ်းပြနေတဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒို

ကမ္ဘာ့ဘောလုံး လောကအတွင်း မက်ဆီနဲ့ ရော်နယ်လ်ဒို တို့နှစ်ဦး ဘောလုံး ပရိသတ်တွေ အကြားမှာ ဘယ်သူ အကောင်းဆုံးလဲဆိုတာကို နှစ်ဖက် ပရိသတ်တွေ ဘယ်တော့မှ ငြင်းခုံလို့ ပြီးဆုံးမယ့် အကြောင်းရာပဲ ဖြစ်ပါတယ်။ တစ်ပတ်မှာ မက်ဆီက စံချိန်တင်လိုက်၊ နောက်တစ်ပတ်မှာ ရော်နယ်လ်ဒိုက ပြန်ချိုးလိုက်၊ တစ်ပတ် အကြာမှာ မက်ဆီက ပြန်ချိုးလိုက်၊ နောက် ရော်နယ်လ်ဒိုက ပြန်တင်လိုက်နဲ့ ဖြစ်လာခဲ့တာ ဆယ်စု နှစ်ပေါင်းများစွာ ရှိလာခဲ့ပါပြီ။ ပြီးခဲ့တဲ့ စနေနေ့တုန်းကလည်း စူပါစတား ဘောလုံးသမား နှစ်ယောက်စလုံး နောက်ထပ် စံချိန်သစ်တွေကို အတူတင်ခဲ့ကြတာပါ။ လိဂ်ပြိုင်ပွဲတွေ မတူညီပေမယ့် တူညီတာက သူတို့နှစ်ဦးစလုံး ဘယ် စံချိန်ကို တင်မလဲ၊ ချိုးမလဲဆိုတာပါပဲ။

မက်ဆီနဲ့ သွင်းဂိုး ၁၀၀၀

ဒီနှစ်ရာသီ လာလီဂါမှာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့ ပွဲမတိုင်ခင် လိဂ်ပြိုင်ပွဲမှာ ၄ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေသူပါ။ အဓိက အတွဲဖော် ဆွာရက်ဇ် ဒဏ်ရာ ရနေချိန်မှာ အသင်းဖော်တွေကလည်း အားမရတဲ့ အနေအထားကြောင့် မက်ဆီ တစ်ယောက် တိုက်စစ်ပိုင်းအတွက် ဂိုးလိုအပ်ချက်တွေ ကို သွင်းဂိုးတွေအပြင် ဖန်တီးမှုတွေနဲ့ လုပ်ဆောင်နေရသူပါ။ ဒါပေမယ့် နောက်ဆုံး ၄ပွဲဆက်တိုက် ဂိုးပေါက် ပျောက်နေတဲ့ မက်ဆီဟာ ပြီးခဲ့တဲ့ အေဘာကို အနိုင်ရခဲ့တဲ့ ပွဲမှာတော့ ခြေစွမ်းပြန်ပြခဲ့ပြီး တစ်ပွဲတည်း ၄ဂိုးအထိ သွင်းခဲ့ပါတယ်။ ပထမပိုင်း ၃ဂိုး အပါအဝင် ဒုတိယပိုင်း ၁ဂိုးနဲ့ ၄ဂိုးသွင်းနိုင်ခဲ့ပါတယ်။ မက်ဆီအတွက်တော့ လာလီဂါမှာ ၁၈ဂိုးမြောက်ရခဲ့တာဖြစ်ပြီး သူ့ရဲ့ ကစားသမား သက်တမ်း တစ်လျောက် သွင်းဂိုး ၁ဝဝဝ နဲ့ အထက်ကို တိုက်ရိုက် ပါဝင် ပတ်သတ်နိုင်ခဲ့တာပါ။

မက်ဆီဟာ ကလပ်နဲ့ နိုင်ငံလက်ရွေးစင် အသင်းအတွက် ပွဲပေါင်း ၈၅၃ပွဲ ကစားခပေးခဲ့ပြီး သွင်းဂိုးပေါင်း ၆၉၆ဂိုးသွင်းကာ ဖန်တီးမှုပေါင်း ၃၀၆ကြိမ်အထိ လုပ်နိုင်ခဲ့တာပါ။ ဒါဟာ ကစာသမား တစ်ယောက်အတွက် သွင်းဂိုးပေါင်း ၁ဝဝ၂ဂိုးကို ပါဝင်ပတ်သတ်ခဲ့သူအဖြစ် ပထမဆုံး ဘောလုံးသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မက်ဆီဟာ တစ်ပွဲတည်း ၄ဂိုးကို လာလီဂါမှာ ၅ကြိမ်နဲ့ ပြိုင်ပွဲစုံမှာ ၇ကြိမ်အထိ သွင်းထားတာပါ

တစ်ပွဲတည်း ၄ဂိုး

မက်ဆီဟာ လာလီဂါ သမိုင်းတစ်လျောက်မှာတော့ တစ်ပွဲတည်း ၄ဂိုး သွင်းနိုင်ခဲ့တာ ၅ကြိမ်မြောက် ရှိလာခဲ့ပါတယ်။ အေဘာအသင်းကိုပဲ ၂ကြိမ်သွင်းခဲ့ပြီး အစောပိုင်း ကာလတွေမှာ ၃ကြိမ်ရခဲ့တာပါ။ ကစားသမား သက်တမ်းတစ်လျောက် မှာတော့ တစ်ပွဲတည်း ၄ဂိုးနဲ့ အထက်သွင်းနိုင်တာ ၇ပွဲအထိ ရှိခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး ၄ဂိုးကိုတော့ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ စတင်ရခဲ့တာဖြစ်ပြီး အာဆင်နယ် ဖက်ကို သွင်းနိုင်ခဲ့တာပါ။ ၂၀၁၂ခုနှစ်မှာတော့ တစ်ပွဲတည်း ၄ဂိုးကို ၃ကြိမ် အထိ သွင်းနိုင်ခဲ့သလို လေဗာကူဆင်နဲ့ ကစားခဲ့တဲ့ ဥရောပ ချန်ပီယံလိဂ်ပွဲမှာ ၅ဂိုးအထိ ရခဲ့တာပါ။ မက်ဆီအတွက်တော့ ကစားသမား သက်တမ်းတစ်လျောက် ဘယ်တော့မှာ ပြန်မချိုးနိုင်တဲ့ စံချိန်မျိုးတွေကို တင်နေပြီး အကောင်းဆုံးဆိုတဲ့ ခြေစွမ်းမျိုးရအောင် ကြိုးစားနေဆဲဖြစ်ပါတယ်။

ပွဲ ၁၀၀၀ ပြည့်နဲ့ ရော်နယ်လ်ဒို

မက်ဆီက လာလီဂါဖက်မှာ စံချိန်တွေ တင်နေချိန် စီးရီးအေမှာ ရော်နယ်လ်ဒို ကလည်း ကစားသမား သက်တမ်းတစ်လျောက် ပွဲ ၁၀၀၀ပြည့် ကစားခဲ့ပါတယ်။ စပို့တင်းလစ္စဘွန်း၊ မန်ချက်စတာယူနိုက်တက်၊ ရီးယဲယ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ် အသင်းတွေမှာ ကစားရင်းက ပွဲပေါင်း ၁၀၀၀ ပြည့်ခဲ့သူပါ။ အဲ့ဒီ ၁၀၀၀ ပြည့်ပွဲ အပြင် ရော်နယ်လ်ဒိုဟာ စီးရီးက စံချိန်သစ် တစ်ခုကိုလည်း တင်နိုင်ခဲ့ပါတယ်။

ဒါကတော့ စီးရီးအေ ဘောလုံးလောကမှာ လိဂ်ပွဲပေါင်း ၁၁ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ စံချိန်ပါ။ အရင်က တင်ထားတဲ့သူတွေက ဖိအိုရင်တီးနားရဲ့ တိုက်စစ် မှူးဟောင်းကြီး ဘာတစ္စတူတာနဲ့ ဆမ်ဒိုးရီးယား တိုက်စစ်မှူး ကွာလီရယ်လာ တို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးက စီးရီးအေမှာ ၁၁ပွဲ ဆက် ဂိုးသွင်းထားသူတွေပါ။ ရော်နယ်လ်ဒိုကတော့ စီးရီးအေ ၁၀ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပြီးနောက် စပယ်နဲ့ပွဲမှာ တစ်ဂိုး ထပ်သွင်းခဲ့လို့ စီးရီးအေရဲ့ ပူးတွဲ စံချိန်ကို ရခဲ့တာလည်းဖြစ်ပါတယ်။ ၂-၁ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ပွဲအတွင်း ရော်နယ်လ်ဒိုဟာ ၃၉ မိနစ်မှာ ကွာဒရာဒို ပေးတာကို ပိတ်သွင်းခဲ့တာပါ။ ဒါဟာ ရော်နယ်လ်ဒိုအတွက် စီးရီးအေမှာ ၁၁ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သလို အဲ့ဒီ ၁၁ပွဲမှာလည်း သွင်းဂိုး ၁၆ဂိုးအထိ ရခဲ့တာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရော်နယ်လ်ဒိုဟာ ကစားသမား သက်တမ်းတစ်လျောက် ပွဲ ၁ဝဝဝ ပြည့်ကစားခဲ့

ပြိုင်ပွဲ ၃ခုနဲ့ စံချိန်သစ်

ရော်နယ်လ်ဒိုဟာ လာလီဂါမှာလည်း လိဂ်ပွဲ ၁၁ပွဲဆက်တိုက် ဂိုးသွင်းခဲ့ဖူးတဲ့ စံချိန်တင်ခဲ့ဖူးသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၁၁ပွဲဆက်တိုက် ဂိုးသွင်းထားသူလည်းဖြစ်ပါတယ်။ စီးရီးအေ၊ လာလီဂါနဲ့ ချန်ပီယံလိဂ်တွေမှာ ၁၁ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်း တင်နိုင်ခဲ့တာပါ။ ၃၅နှစ် အရွယ်ရှိတဲ့ ရော်နယ်လ်ဒိုဟာ သူ့ရဲ့ ကစားသမား ဘ၀ ပွဲ ၁၀၀၀ ပြည့်မှာ သွင်းဂိုးပေါင်း ၇၂၄ဂိုးသွင်းနိုင်ခဲ့ပြီး ဂိုးဖန်တီးပေးမှု ၂၂၀ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ကာ စံချိန်ပေါင်း များစွာကို တင်နေဆဲဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပြိုင်ပွဲစုံမှာ သွင်းဂိုး ၄ဝ အထိ သွင်းထားတဲ့ ဒေါ့မန် တိုက်စစ်မှူး ဟာလန်

မက်ဆီ - ရော်နယ်လ်ဒို ခေတ်လွန်

၁၀စုနှစ်ပေါင်းများစွာကို စံချိန်တွေ၊ သွင်းဂိုးတွေနဲ့ အပြိုင်အဆိုင် ဖြစ်နေကြတဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ နှစ်ဦးက သူတို့ရဲ့ ကစားသမားဘ၀ နေဝင်ချိန်ကို နီးကပ်လာပြီဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ဒီနှစ်ရာသီ စီးရီးအေမှာ ၂၁ပွဲမှာ ၂၁ဂိုးသွင်းထား အီတလီမှာ ဒုတိယ ဂိုးအများဆုံး သွင်းထားတာပါ။ ပြိုင်ပွဲအရပ်ရပ် မှာတော့ ပွဲပေါင်း ၃၀မှာ ၂၅ဂိုး သွင်းထားပြီး ၂ဂိုး ဖန်တီးပေးထားတာပါ။ မက်ဆီက လည်း လာလီဂါ ပွဲ ၂၀မှာ ၁၈ဂိုးသွင်းထားပြီး ပြိုင်ပွဲအရပ်ရပ် ပွဲပေါင်း ၂၈ပွဲမှာ ၂၃ဂိုးသွင်းကား ၁၆ဂိုး ဖန်တီးပေးထားပါတယ်။ ဘောလုံးလောကရဲ့ အမြင့်ဆုံး အဆင့်မှာ ပုံစံကောင်းကို အမြဲပြနေကြတဲ့ သူတို့နှစ်ဦးက ဒီနှစ်ရာသီမှာလည်း စိတ်ဝင်စားစရာ စံချိန်တွေ တင်နေချိန် သူ့တို့ရဲ့ ခေတ်အလွန်မှာ ဘယ်သူက နေရာ ရယူမလဲဆိုတာကို အားလုံး စိတ်ဝင်စားနေပါတယ်။

လက်ရှိမှာတော့ မက်ဆီ၊ ရော်နယ်လ်ဒိုတို့ရဲ့ ခေတ်လွန်မှာ ပီအက်စ်ဂျီရဲ့ အမ်ဘတ်ပေက အကောင်းဆုံးဖြစ်လာဖွယ်ရှိတယ်လို့ ဆိုနေပေမယ့် မထင်မှတ်ဘဲ ဒေါ့မန်ရဲ့ လူငယ်တိုက်စစ်မှူးလေး ဟာလန်ကလည်း ဖြစ်လာဖွယ်ရှိသူလို့ ဆိုရမှာပါ။ အသက် ၁၉နှစ်သာရှိသေးပြီး ဂျာမန် ကလပ် ဒေါ့မန်မှာ ၈ပွဲသာ ကစားထားတဲ့ ဟာလန်ဟာ ၁၂ဂိုးအထိ သွင်းထားတာပါ။ လိဂ်ပြိုင်ပွဲမှာ ၉ဂိုးသွင်းထားသလို ချန်ပီယံလိဂ်မှာလည်း သွင်းဂိုး ၁၀ဂိုးအထိ ရထားတဲ့ ဟာလန်ဟာ ဆယ်ကျော်သက် တစ်ဦးရဲ့ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားသူပါ။ ဒီနှစ်ရာသီ အသင်းဟောင်း ဆာဇ်ဘတ်နဲ့ ပြိုင်ပွဲအရပ်ရပ် ၂၈ဂိုး သွင်းထားသလို လက်ရှိ ကလပ်သစ် ဒေါ့မန်မှာလည်း ၁၂ဂိုး သွင်းထားတာကြောင့် ဟာလန်ဟာ ဒီနှစ်ရာသီ အတွင်း ကလပ်ပြိုင်ပွဲကနေ သွင်းဂိုး ၄၀ ပြည့်ထားတဲ့ တစ်ဦးတည်းသော ကစားသမား အဖြစ် မှတ်တမ်းတင်ထားသူပါ။ သူ့ရဲ့ ကြိုးစားမှု၊ ပါးနပ်မှုတွေကြောင့် မထင်မှတ်ဘဲ မက်ဆီ၊ ရော်နယ်လ်ဒို ခေတ်လွန်မှာ အကောင်းဆုံး ဘောလုံးသမား တစ်ယောက် ဖြစ်လာမလားဆိုတာကိုတော့ ဘောလုံးပရိသတ်တွေ စိတ်ဝင်စားနေကြမှာ သေချာပါတယ်။

ဆက်စပ် အကြောင်းအရာများ