ယူရို ၂၀၁၂ မှာတွေ့ရမယ့် စပိန်အသင်း

စပိန်ဟာ Euro 2012 ပြိုင်ပွဲမှာ လက်ရှိ ချန်ပီယံသရဖူကို ဆက်လက် ထိမ်းသိမ်း ကာကွယ်ဖို့ ကြိုးစားရမယ့် အသင်းဖြစ်ပါတယ်။ ယူရို ၂၀၀၈ မှာ စပိန်ဟာ ဗိုလ်စွဲခဲ့ပြီး အဲဒီအရင်တုန်းကတော့ ၁၉၆၄ တုန်းက ယူရို ဖလားကို တကြိမ် ဆွတ်ခူးခဲ့ဖူးပါတယ်။ ဒါကြောင့် ယူရို ဖလား ၂ ကြိမ်ရဘူးတဲ့ အသင်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters

စပိန်ကစားနည်း

လက်ရှိ ကမ္ဘာ့ဘောလုံးလောကမှာ ဘုရင်တဆူ ဖြစ်နေတဲ့ စပိန်အသင်းအတွက် မန်နေဂျာ Vicente del Bosque အနေနဲ့ ရှေ့က ပွဲစဉ်တွေကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ ကစားသမားတွေနဲ့ ဘယ်လိုပုံစံ ကစားသင့်တယ်ဆိုတာ မဟာဗျူဟာ ချရမှာ ဖြစ်ပါတယ်။ နည်းပြ Bosque ဟာ ၂၀၁၀ ကမ္ဘာဖလားမှာတော့ အင်တိုက်အားတိုက်ပုံစံမျိုးထက် ရစ်ကန်ရစ်ကန်နဲ့ တက်လာတယ်လို့တောင် ပြောလို့ ရနိုင်တဲ့ အနေအထားနဲ့ ထိန်းထိန်းသိမ်းသိမ်း မှန်တမ်းလေးပဲ ကစားပြီး ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီတုန်းက စပိန်အသင်းဟာ တခြားအသင်းကြီးတွေလို ဂိုးအများကြီး မသွင်းခဲ့ပါဘူး။ အခုပြိုင်ပွဲမှာ အလယ်တန်းလူ Sergio Ramos ဟာ ဒဏ်ရာရနေတဲ့ Carles Puyol ကို အစားထိုးဖို့ နောက်တန်းအလယ်ကို ရောက်လာနိုင်ပါတယ်။ Athletic Bilbao အသင်းက ကစားသမား Javi Martínez ကလည်း စပိတ်အသင်းအတွက် ခြေစွမ်း ပြလာဖွယ်ရှိပါတယ်။ စပိန်အသင်းအတွက် ဖြစ်နိုင်တဲ့ ပုံစံကတော့ ၄-၂-၃-၁ ဖြစ်ပါတယ်။

အစပွဲတွေမှာ ထည့်ကစားနိုင်တဲ့သူ ၁၁ ဦးကတော့

  1. Iker Casillas
  2. Alvaro Arbeloa
  3. Sergio Ramos
  4. Gerard Piqué
  5. Jordi Alba
  6. Sergio Busquets
  7. Xabi Alonso
  8. Xavi
  9. Andrés Iniesta
  10. David Silva
  11. Fernando Llorente

စတားပလေယာ ဘယ်သူဖြစ်မလဲ

စပိန်အသင်းမှာက ခြေစွမ်းထက်တဲသူတွေကတော့ အများသား။ ဒါပေမယ့် အလယ်တန်းက Xavi ကတော့ တဘက်အသင်းက အလယ်တန်းတွေ နောက်တန်း တွေကြားကနေ လွတ်ထွက်လာအောင်ကိုပဲ အကွက်ဆင်တဲ့နေရာမှာ တော်တဲ့သူမို့ သူလဲ စတားပလေယာ ဖြစ်လာနိုင်ပါတယ်။ သူဟာ Euro 2008 တုန်းကလည်း ပြိုင်ပွဲတခုလုံးရဲ့ အကောင်းဆုံးကစားသမား ဖြစ်ခဲ့ပါတယ်။

စောင့်ကြည့်ရမယ့်သူများ

ဒေးဗစ် ဗီယာက သူ့ရဲ့ ဒဏ်ရာ ပြန်ကောင်းလာပြီမို့ သူက စောင့်ကြည့်ရမယ့် သူတဦးဖြစ်သလို ဖာနန်ဒို တောရပ်စ်ကလည်း ခြေစွမ်းတွေ ပြန်ပြလာသလို အခုပြိုင်ပွဲမှာလည်း ခြေစွမ်း ပြန်ထက် လာနိုင်မယ့် အနေအထားရှိပါတယ်။ Fernando Llorando လည်း ထင်ပေါ်လာနိုင်သူတဦး ဖြစ်နိုင်ပါတယ်။