ယူရို ၂၀၁၂ အကြိုသုံးသပ်ချက်

ဓာတ်ပုံ မူပိုင် UEFA

ဥရောပဖလားပွဲကလည်း နီးသထက်နီးလာပြီဆိုတော့ ပြိုင်ပွဲဝင် အသင်းတွေလည်း လက်စသတ် ကစားခဲ့ကြပြီ ဖြစ်ပါတယ်။

အင်္ဂလန် - ဘယ်ဂျီယံ

အင်္ဂလန်အသင်းက ဘယ်လ်ဂျီယံ အသင်းကို စနေနေ့က လန်ဒန်မြို့ ဝမ်ဘလေကွင်းမှာ လက်ခံ ခြေစမ်း ကစားခဲ့ ပါတယ်။

စနေနေ့က ကစားခဲ့တဲ့ ယူရိုပွဲ ခြေစမ်း ပွဲတွေမှာတော့ အင်္ဂလန်အသင်းက ဘယ်လ်ဂျီယံ အသင်းကို ဝမ်ဘလေကွင်းမှာ တဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

အဲဒီပွဲရဲ့ တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားခဲ့သူကတော့ Danny Welbeck ဖြစ်ပြီး၊ ပထမပိုင်း ၃၆ မိနှစ်မှာ သူ့ကို အက်ရှ်လေ ယန်းက ချပေးလိုက်တာကို အပိုင် ကန်သွင်းလိုက်တာ ဖြစ်ပါတယ်။

အဲဒီပွဲမှာ ဧည့်သည် ဘယ်ဂျီယံအသင်းက ဘောလုံးပိုင်ဆိုင်မှုလည်း ပိုများခဲ့ သလို ဂိုးသွင့်ခွင့်တွေမှာလည်း ပိုများခဲ့ပါတယ်။

လာမယ့် ပရီမီးယားလိခ်မှာ အင်္ဂလန်မြေမှာ ခြေချတော့မှာ ဖြစ်တဲ့ ဘယ်လ်ဂျီယံအသင်းက ဟတ်ဇတ် ဟာဆိုရင် ဘောလုံးအပေးအယူ အများဆုံးလုပ်နိုင်ခဲ့သလို ဂိုးကန် သွင်းခွင့်လည်း အများဆုံး ရရှိခဲ့ပါတယ်။ အင်္ဂလန်အသင်းကတော့ ကိုယ့်အိမ်ကွင်း ကန်နေရပေမယ့် ခံစစ်ကိုသာ အဓိက ထားနေရပါတယ်။

ဒါပေမယ့် အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန် ကတော့ ဘယ်လ်ဂျီယံအသင်းက အင်္ဂလန် ဂိုးကို သိပ် မခြိမ်းခြောက်နိုင်ဘူး လို့ဘဲ ဆိုခဲ့ပါတယ်။ အဲဒီလို ခံစစ်သာ အလေးပေး ကစားနေခဲ့ရတဲ့ အတွက် စိုးရိမ်စရာကောင်းတယ်၊ တကယ်လို့ ဘယ်လ်ဂျီယံထက် ကောင်းတဲ့ အသင်းမျိုးနဲ့ တွေ့လို့ကတော့ အခုလို သက်သာမှာ မဟုတ်ဘူးလို့ ဘောလုံးဝေဖန်သူတွေက သုံးသပ်ကြ ပါတယ်။

ဒီပွဲရဲ့ထူးခြားချက်ဒီပွဲမှာ နောက်ခံလူ ဂျွန်တယ်ရီလည်း ဒဂေါက်ကြော နာသွားသလို၊ သူနဲ့ တကန့်မ်ထဲက ဂယ်ရီ ကေးဟေးလ် Gary Cahill လည်း ယူရို မကစား နိုင်တော့ဘူးလို့ သိရပါတယ်။ ဒါဟာ အင်္ဂလန်နည်းပြသစ်ရဲ့ ဒုတိယ မြောက်ပွဲလည်းဖြစ်ပြီး၊ အခုချိန်အထိတော့ နှစ်ပွဲစလုံးကို တဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ရာနှုန်းပြည့် အောင်ပွဲကို ဆက်ထိန်းထားနိုင်ပါတယ်။

နယ်သာလန်-မြောက်အိုင်ယာလန်

ဒီနှစ် ဗိုလ်စွဲလောက်ပြန်တယ်လို့ ရေပန်းစား နေတဲ့ နယ်သာလန် အသင်းကလည်း မြောက်အိုင်ယာလန်ကို အမ်စတာဒန်မှာ ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြလိုက်ပါတယ်။

ဒါဟာ မြောက်အိုင်ယာလန် အတွက်လည်း ၅၁ နှစ်အတွင်းမှာ ပထမဦးဆုံးအကြိမ် ဂိုးပြတ်ရှုံးနိမ့်ရတာလည်း ဖြစ်ပါတယ်။ အနိုင်ဂိုးသွင်းသူတွေထဲမှာ အာဆင်နယ်မှာ ကန်နေတဲ့ ရောဘင် ဗန်ပါစီက နှစ်ဂိုးသွင်းယူခဲ့ပြီး၊ အင်တာမီလန်က စနိုက်ဒါ ကလည်း သွင်းယူခဲ့ပါတယ်။အိမ်ရှင် ပိုလန်ကလည်း အင်ဒိုရာအသင်းကို ၄ ဂိုးပြတ်နဲ့ နိုင်ပါတယ်။

အခြားပွဲစဉ်များ

ဒိန်းမတ် ကတော့ သြစတြေးလျကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင် ရရှိသွားပါတယ်။ တခါ ပေါ်တူဂီ အသင်းကတော့ တူရကီအသင်းနဲ့ အိမ်ကွင်းမှာ ခြေစမ်းခဲ့ ရာမှာ ၃ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့် သွားပါတယ်။ ပေါ်တူကီထက် ပိုဆိုးခဲ့တာကတော့ နာမည်ကြီး အီတလီပါ။

သောကြာနေ့က ကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာ အီတလီကို ရုရှားအသင်းက ၃ ဂိုးပြတ်နဲ့ အနိုင်ယူသွားခဲ့ပါတယ်။ ဇွန်လ ၈ ရက်နေ့မှာ ပထမဦးဆုံးပွဲစဉ်တွေအဖြစ် အိမ်ရှင်ပိုလန်နဲ့ ဂရိ၊ ရုရှားနဲ့ ချက်စ်တို့ စကန်ကြမှာပါ။ နောက်တနေ့ ၉ ရက်နေ့မှာတော့ နာမည်ကြီးတွေ ဖြစ်ကြတဲ့ ဂျာမဏီနဲ့ ပေါ်တူကီ၊ နယ်သာလန်နဲ့ ဒိန်းမတ်တို့ တွေ့ကြမှာပါ။အင်္ဂလန်ကလည်း သူ့ရဲ့ အဖွင့်ပွဲမှာ ပြင်သစ်နဲ့ကန်ရမှာပါ။

ပထမပွဲစဉ်တွေအတွက် အားကစားကလောင်ရှင် ကိုဇော်မျိုးသန့်ရဲ့ သုံးသပ်ချက်

အုပ်စု (က)

ရုရှားနဲ့ ချက်စ်

ရှရှားနဲ့ ချက်ခ် ပွဲမှာတော့ ရုရှားကပဲ နိုင်လိမ့်မယ်လို့ ယူဆကြောင်း ကိုဇော်မျိုးသန့်က သုံးသပ်ပါတယ်။

အကြောင်းကတော့ ပြီးခဲ့တဲ့ ခြေစမ်းပွဲမှာ ချက်ခ် အသင်းရဲ့ ကစားပုံဟာ သိပ်မကောင်းကြောင်းနဲ့ ရုရှားကတော့ အီတလီကို ၃ ဂိုး ဂိုးမရှိနဲ့ နိုင်ထားပြီး၊ ရုရှားကစားပုံက အီတလီလို အသင်းမျိုးကို တော်တော်လေးကို ဖိဖိစီးစီးနဲ့ ခြိမ်းခြောက်ပြီး ကစားသွား နိုင်တယ်လို့ဆိုပါတယ်။

ဒီအတွက် ပြောရမယ်ဆိုရင် ရုရှားပဲ နိုင်သွား လိမ့်မယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

ပိုလန်နဲ့ ဂရိ

ပိုလန်နဲ့ ပွဲမှာတော့လည်း ပိုလန်ပဲ နိုင်မယ်လို့ သုံးသပ်ပါတယ် ဘာလို့လဲဆိုတော့ ပိုလန်က အိမ်ရှင်လည်း ဖြစ်တယ်၊ ဂရိက ဒီနောက်ပိုင်းမှာ ယူရိုခြေစစ်ပွဲမှာ အုပ်စုပထမနေရာကနေ ခြေစစ်ပွဲ အောင်ခဲ့တယ်ဆိုပေမယ့် သူက ခံစစ်ကို အရမ်းအသားပေးလွန်းအားကြီးတယ်။

ပိုလန်နဲ့ ဂရိပွဲမှာ ပိုလန်နိုင်မယ်။

အုပ်စု (ခ) (သို့) သေမင်းတမန် အုပ်စု

ဂျာမဏီနဲ့ ပေါ်တူကီ

ပေါ်တူကီကတော့ ဂျာမဏီကို အဲဒီဖွင့်ပွဲမှာ နိုင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ပေါ်တူကီက လိခ်ပြိုင်ပွဲတွေ အပြီး၊ ခြေစမ်းပွဲတွေ ကစားရာမှာ ၂ ပွဲစလုံး မနိုင်ခဲ့ပါဘူး။

ဂျာမဏီအသင်းကို ပေါ်တူကီ ခံကစားဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ပါ။

ဟော်လန်နဲ့ ဒိန်းမတ်

ဟော်လန်နဲ့ ဒိန်းမတ်ပွဲမှာလည်း ဒိန်းမတ်က ပေါ်တူကီကို နိုင်ပြီးတော့ အုပ်စုပထမနေရာကနေ ခြေစစ်ပွဲအောင်လာတယ်ဆိုပေမယ့် နယ်သာလန်နဲ့ ကစားသမားချင်း ယှဉ်လိုက်ရင် နယ်သာလန်ထက် တဆင့်နိမ့်တဲ့ အနေအထားမှာ ရှိပတယ်။

ဆိုလိုတာက ဒိန်းမတ်မှာပါတဲ့ ကစားသမား အများစုက ဥရောပ ထိပ်သီးကလပ်အသင်းတွေမှာ ဝင်ကစားနေတဲ့ ကစားသမား အရေအတွက်နည်းတယ်။

အဲဒီပွဲမှာတော့ ဟော်လန်ကို အနိုင်ပေးချင်ပါတယ်လို့ ဆိုပါတယ်။

အုပ်စု (ဃ)

အင်္ဂလန်နဲ့ ပြင်သစ်

အင်္ဂလန်နဲ့ ပြင်သစ် ပထမဦးဆုံး ကစားမယ့်ပွဲစဉ်မှာ အင်္ဂလန်နည်းပြ ရွိုင်း ဟော့ဒ်ဆန်က သူအားသာတဲ့ ကစားမယ့် ပုံစံက ကွင်းလယ်လူ ၅ ယောက် ထားပြီး၊ တိုက်စစ်မှူး တယောက်တည်းနဲ့ ခံစစ် အသားပေး ပုံစံမျိုး ထွက်လာမှာ ဖြစ်တယ်။

အဲဒီအတိုင်းဆိုရင်တော့ အင်္ဂလန်က သရေလောက် ထိန်းကစားသွားနိုင်မယ့် အနေအထားလို့ သုံးသပ်ပါတယ်။