အိုလံပစ် ဒုတိယနေ့ ပွဲစဉ်တွေ

ဓာတ်ပုံ မူပိုင် AFP
Image caption အမျိုးသမီး နှစ်ယောက်တွဲ သုံးမီတာ ဒိုင်ဗင်မှာ တရုတ်က ရွှေတဆံ ဆွတ်ခူး

အိုလံပစ် ဒုတိယနေ့ ပြိုင်ပွဲတွေမှာ တရုတ်က ရွှေတံဆိပ်တွေ ထပ်ရပြီး ရွှေ ၆ ခု၊ ငွေ ၁၊ ကြေး ၂၊ စုစုပေါင်း တံဆိပ် ၉ ခုနဲ့ ရှေ့ကနေ ဦးဆောင်နေပါတယ်။

အမေရိကန်ကတော့ ရွှေတံဆိပ် ၂ ခု၊ စုစုပေါင်း တံဆိပ် ၇ ခုနဲ့ ဒုတိယနေရာမှာ ရှိနေပြီး၊ အီတလီ ကတော့ ရွှေ ၂ ခုနဲ့ တတိယနေရာမှာ ရှိနေပါတယ်။

အမျိုးသမီး ကီလိုမီတာ ၁၄၀ စက်ဘီးစီး ပြိုင်ပွဲမှာ Lizzie Armitstead ဟာ ဒုတိယနေရာက ပန်းဝင်ပြီး၊ ဗြိတိန်အတွက် ပထမဦးဆုံး ဆုတံဆိပ်ကို ဆွတ်ခူးပေးခဲ့ပါတယ်။

ဒီကနေ့ အတွက် ရေကူးပြိုင်ပွဲတွေ ကလည်း အဓိက စိတ်ဝင်စား စရာ ဖြစ်ပါလိမ့်မယ်။

ပြီးခဲ့တဲ့ ဘေဂျင်း အိုလံပစ်တုန်းက ရွှေတံဆိပ် ရှစ်ဆုရှင် အမေရိကန် ရေကူးသမား မိုက်ကယ်ဖဲ့လ်ပ်စ်က စနေနေ့က မီတာ ၄၀၀ ပွဲမှာ တနိုင်ငံထဲသား ပြိုင်ဖက် ရိုင်ယန်လော့ခ်တေကို ရှုံးပြီး နံပတ် လေးနေရာပဲ ချိတ်ခဲ့လို့ ဒီကနေ့မှာ သူ့သိက္ခာ ဆယ်တဲ့ ပွဲတွေ ပြိုင်ရမှာပါ။ ဒီကနေ့ မီတာ ၁၀၀ လေးယောက် လက်ဆင့်ကမ်းပြိုင်ပွဲမှာ ဖဲ့လ်ပ်စ် ပြိုင်ပါမယ်။

လက်ရှိ အိုလံပစ်ချန်ပီယံ အမေရိကန် ဘတ်စ်ကက်ဘောအသင်းလဲ ဒီကနေ့မှာပဲ လက်စွမ်းထက်တဲ့ ပြင်သစ် အသင်းနဲ့ စကစားမှာပါ၊

တင်းနစ်ပွဲစဉ်တွေမှာတော့ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ အမျိုးသမီးထဲက မာရီယာ ရှာရာပိုဗာ၊ အမျိုးသားထဲက နိုဗက် ဂျိုကိုဗစ် နဲ့ အင်ဒီမာရေးတို့ရဲ့ ပွဲစဉ်တွေရှိပါတယ်။

ဘောလုံးပွဲတွေမှာတော့ ဗြိတိန်အသင်းကလဲ ယူအေအီးနဲ့ ကစားမှာ ဖြစ်ပါတယ်။ ဒီကနေ့ အိုလံပစ် ပွဲစဉ်တွေကနေ စုစုပေါင်း ရွှေတံဆိပ် ဆုရှင် ၁၄ ယောက် ထွက်ပေါ်လာမှာပါ။

ဒီကနေ့ အိုလံပစ် အာကစားပွဲတွေမှာ အထူးသဖြင့် ဂျွမ်းဘားနဲ့ အစောပိုင်း ရေကူးပြိုင်ပွဲတွေကို လာရောက် အားပေးသူ ပရိသတ် နေရာ အတော်များများ လွတ်နေတာကို တွေ့ရတဲ့ အတွက် ဗြိတိန် မှာ မကျေနပ်ဖြစ်တဲ့ အသံတွေ ထွက်ပေါ်လာပါတယ်။

ဗြိတိန် အစိုးရ ဝန်ကြီးတဦးဖြစ်တဲ့ Jeremy Hunt က အခုလို ဘာကြောင့် ဖြစ်ရတယ် ဆိုတာကို လေ့လာပြီး အလျင်အမြန် ဖြေရှင်းဖို့ ပြောကြားလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ