လန်ဒန် အိုလံပစ် ဒုတိယနေ့အပြီး တရုတ် ဉီးဆောင်နေ

olympic ဓာတ်ပုံ မူပိုင် Getty
Image caption လန်ဒန် အိုလံပစ် ဖွင့်ပွဲနေ့ မြင်ကွင်း

လန်ဒန် အိုလံပစ်ပြိုင်ပွဲကို သောကြာနေ့က လန်ဒန် အရှေ့ပိုင်း စထရက်ဖို့မှာ ခမ်းခမ်း နားနား ဖွင့်လှစ်လိုက်ပါပြီ။

ပထမဆုံးနေ့မှာ အိမ်ရှင် ဗြိတိန်အသင်းအတွက် စက်ဘီးကနေ ရွှေတံဆိပ် ယူပေးနိုင်မယ်လို့ မှန်းထားကြပေမယ့် ထင်သလို ဖြစ်မလာခဲ့ပါဘူး။

အိုလံပစ် မစခင် တပတ်လောက်ကပဲ ပြင်သစ် တိုးဒီဖရန့် ခရီးရှည် စက်ဘီးပြိုင်ပွဲမှာ ဗြိတိန်က ဘရက်ဒလီ ဝစ်ဂင်းစ ပထမဆုံး အကြိမ် အနိုင်ရခဲ့သလို ပေကျင်း အိုလံပစ်တုန်းကလည်း ဗြိတိန် စက်ဘီးသမားတွေက ရွှေတံဆိပ်အများအပြား ယူခဲ့နိုင်တာမို့ ကိုယ့်မြေမှာ ကျင်းပတဲ့ စက်ဘီးပြိုင်ပွဲမှာ ဗြိတိန်စက်ဘီးသမားတွေ ရွှေရမယ်လို့ ယုံကြည်ပြီး ပန်းတိုင်ရှိရာ Buckingham နန်းတော်ရှေ့မှာ ပရိသတ် သိန်းချီ လာရောက် ကြည့်ရှုခဲ့ကြပါတယ်။

ဒါပေမယ့် သူတို့ မြင်ချင်တဲ့ ဗြိတိသျှစက်ဘီးသမားတယောက် ထိပ်ဆုံးက ပန်းမဝင် နိုင်ဘဲ ကာဇက်စတန်က Alexander Vinokurov က ရွှေရသွားပါတယ်။

ပထမဆုံး အိုလံပစ်ရွှေ

ဓာတ်ပုံ မူပိုင် Getty
Image caption အိုလံပစ် ပထမဆုံး ရွှေကို တရုတ်က ရိဆိုင်း လင်းက ဆယ်မီတာ လေသေနတ်ပစ်ကနေ ရယူ

ပထမဆုံးနေ့မှာ ရွှေတံဆိပ် ၁၂ ခု ပေးစရာရှိပြီး အိုလံပစ် ပြိုင်ပွဲရဲ့ ပထမဆုံးရွှေတံဆိပ်ကို အမျိုးသမီး ဆယ်မီတာ အဲရိုင်ဖယ် လေသေနတ်ပစ် ပြိုင်ပွဲမှာ တရုတ်ကက ရိဆိုင်းလင်းက ရသွားပါတယ်။

တရက်ထဲမှာ ကျင်းပတဲ့ အမျိုးသား ဆယ်မီတာ ပစ္စတိုပြိုင်ပွဲမှာတော့ တောင်ကိုရီးယားက ကျင် ကျောင်ကိုးက ၅၈၈ မှတ်နဲ့ ရွှေတံဆိပ် ယူသွားပါတယ်။

ဒီပွဲမှာ မြန်မာနိုင်ငံက မောင်ကြူလည်း ဝင်ရောက် ယှဉ်ပြိုင်ပြီး ၅၆၅ မှတ်နဲ့ နံပတ် ၃၉ ချိတ်ပါတယ်။

ပထမနေ့မှာ ရေကူးကနေ ရွှေတံဆိပ် လေးခု ထွက်လာခဲ့ပြီး အံ့အားသင့်စရာ ကောင်းတာက ပထမဆုံးနေ့ ရေကူး ရွှေလေးခုမှာ နှစ်ခုကို တရုတ် ရေကူး သမားတွေက ယူသွားတပဲ ဖြစ်ပါတယ်။

အိုလံပစ် ရေကူးမှာ တရုတ်အမျိုးသား ရေကူး သမားတွေ ရွှေတခါမှ မရဖူးဘဲ အခု လန်ဒန် အိုလံပစ်မှာ ပထမဆုံးရွှေတံဆိပ် ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား မီတာ လေးရာ လက်ပစ်ကူး မှာ လက်ရှိအိုလံပစ် ချံပီယန် တောင်ကိုရီး ယားက ပတ်တေဟွန်း စောထွက်မိတဲ့ အတွက် heat မှာ ပထမရပေမယ့် အပယ်ခံရပါတယ်။

ဒါပေမယ့် နောက်ပိုင်း အယူခံဝင်ရာမှာ ဖိုင်နယ်မှာ ဝင်ပြိုင်ခွင့် ရပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ပရိသတ်ရဲ့ အာရုံကို ဖမ်းစားသွားနိုင်သူက တရုတ်က ဆန်းယန်းပါ။

မီတာ လေးရာ လက်ပစ်ကူးမှာ တရုတ်က ဆန်းယန်းက သူ့ရဲ့ အဓိကပြိုင်ဘက် တောင်ကိုရီးယားက ပတ်ကို အနိုင်ယူပြီး ရွှေတံဆိပ်ယူသွားခဲ့ပါတယ်။

မီတာလေးရာကို ၃ မိနစ် ၄၀ ဒဿမ ၁၄ စက္ကန့်နဲ့ ပထမရပြီး ကမ္ဘာ့စံချိန် ချိုးနိုင်ဖို့ သုညဒဿမ ၀၇ စက္ကန့်ပဲ လိုပါတယ်။

ဆန်းယန်း ကမ္ဘာ့စံချိန်နဲ့ကပ်လွဲခဲ့ပေမယ့် တနိုင်ငံထဲက အသက် ဆယ့်ခြောက်နှစ် သာ ရှိသေးတဲ့ အမျိုးသမီး ရေကူးသမား ရီရှီဝမ်းက မီတာ လေးရာ တဉီးချင်း လေးမျိုးစုံပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်သစ် တင်ပြီး တရုတ် ရေကူးအသင်း အတွက် ဒုတိယ ရွှေတံဆိပ်ကို ယူပေးခဲ့ပါတယ်။

အမေရိကန်က အဲလိဇဘက် ဘီဇဲလက ငွေရပြီး တရုတ်က လီရွှမ်ရှုက ကြေးရပါတယ်။ အိမ်ရှင် ဗြိတိန်အသင်းက ဟန်နာ မိုင်လီကတော့ နံပါတ် ငါးနေရာကပဲ ပန်းဝင်ပြီး ဆုတံဆိပ်နဲ့ လွဲခဲ့ပါတယ်။

ရေကူး လေးနိုင်ငံ ရွှေနှစ်ခုစီယူ

ဓာတ်ပုံ မူပိုင် AFP
Image caption မီတာ ၁၀၀ လိပ်ပြာကူးမှာ ကမ္ဘာ့ စံချိန် တင်ခဲ့တဲ့ အမေရိကန်က ဒေနာ ဗေါ်လမာ

ရေကူး ပထမနေ့မှာပေးတဲ့ ရွှေလေးခုမှာ တရုတ်က နှစ်ခု အမေရိကန်နဲ့ သြစတြေးလျတို့က တခုစီ ယူသွားကြပြီး ဒုတိယနေ့မှာတော့ ပြင်သစ်က ရွှေနှစ်ခု အမေရိကန်နဲ့ တောင်အာဖရိက တို့က ရွှေတခုစီ ထပ်ယူခဲ့ကြပါတယ်။

အမျိုးသမီး မီတာ တရာ လိပ်ပြာကူးမှာ အမေရိကန်က ဒေနာဗေါ်လမာက ၅၅ ဒဿမ ၉၈ စက္ကန့်နဲ့ ကမ္ဘာ့ စံချိန်တင်ပြီး ရွှေရပါတယ်။ တရုတ်က လုယင်းနဲ့ သြော်စတြေးလျက အလီရှာကော့စက ကြေးရပါတယ်။

တရက်ထဲမှာ အမျိုးသမီး မီတာလေးရာ လက်ပစ်ကူးမှာ ပြင်သစ်က ကမလီမူဖေးက ရွှေရပြီး အမျိုးသား မီတာတရာ ရင်ဘောင်တန်းမှာ တောင်အာဖရိကက နံမယ်ကြီး ရင်ဘောင်တန်း ရေကူးသမား ကင်မရွန်း ဗင်ဒါဗတ်က ရွှေတံဆိပ်ယူပါတယ်။

ဒုတိယနေ့အတွက် ရေကူးက နောက်ဆုံး ရွှေတံဆိပ်ဆုကိုတော့ အမျိုးသားမီတာ လေးရာ လက်ဆင့်ကမ်းပြိုင်ပွဲမှာ ပြင်သစ် ရေကူးသမားတွေကယူသွားခဲ့ပါတယ်။

တရုတ် အမေရိကန် ပြိုင်ဆိုင်မှု

စိတ်ဝင်စားဖို့ ကောင်းတာက တရုတ်တွေဟာ သူတို့ အစဉ်အလာအားဖြင့် အားကောင်းတဲ့ အားကစားနည်းတွေကနေ တခြား အားကစားနည်းတွေကိုပါ ထိုးဖောက်လာတာပဲ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ပင်ပေါင်လို့ သိကြတဲ့ စားပွဲတင်တင်းနစ်နဲ့ ကျွမ်းဘားအားကစား တွေဟာ တရုတ်တွေ ရွှေရလေ့ရှိတဲ့ အားကစားတွေ ဖြစ်ပေမယ့် တရုတ် ဆင်ဟွာ သတင်းဌာနရဲ့ ခန့်မှန်းချက်အရ ပြောခဲ့တဲ့ ပင်ပေါင်၊ ကြက်တောင်၊ ဒိုင်ဗင်၊ ကျွမ်းဘား၊ သေနတ်ပစ်နဲ့ အလေးမတို့ကနေ ရွှေ ၂၈ ခုလောက် ယူနိုင်ပြီး ကျန်တဲ့ ရေကူး၊ ပြေးခုန်ပစ်၊ ဂျူဒို၊ လက်ဝှေ့နဲ့ တိုက်ကွမ်ဒို တို့ကနေ ရွှေ ဆယ်ခုလောက် ရနိုင်မယ်လို့ မှန်းနေပါတယ်။

တဘက်မှာ Goldman Sachs ရင်းနှီးမြှတ်နှံမှုဘဏ်က ဘောဂဗေဒပညာရှင်တွေကတော့ တရုတ်တွေဟာ ပေကျင်း အိုလံပစ်နောက်ပိုင်း အားကစားမှာ ရင်းနှီးမြှတ်နှံမှုပိုင်းကို လျှော့လိုက်တာမို့ နိုင်ငံအလိုက် ဆုတံဆိပ် ရရှိမှု ဇယားမှာ အမေရိကန်က ဗိုလ်စွဲလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

အိုလံပစ် ပထမ သီတင်းပတ်မှာ ရေကူး ပြိုင်ပွဲအများစု ပြီးဆုံးမှာမို့ ရှေ့သီတင်းပတ် အစလောက်မှာ ဘယ်အသင်း ဗိုလ်စွဲနိုင်ချေရှိသလဲဆိုတာ ပိုပြီး သဲကွဲလာနိုင်ပါတယ်။

ပြေးခုန်ပစ်ပွဲတွေ အခုလာမယ့် သောကြာနေ့မှာ အမျိုးသမီး မီတာ တသောင်းနဲ့ စမှာဖြစ်ပြီး နံမယ်အကြီးဆုံး အိုလံပစ် အားကစားသမားဖြစ်တဲ့ ဂျမေကာက ကမ္ဘာ့အမြန်ဆုံးလူသာ ယူစိန်ဘော့ကို ရှေ့အပတ်မှာ တွေ့ရမှာဖြစ်ပါတယ်။

အာရှမှာ တရုတ်ပြီးရင် ကိုရီးယားနှစ်နိုင်ငံက ရှေ့က ပြေးနေပါတယ်။ ဒုတိယနေ့မှာ တောင်ကိုရီးယား အမျိုးသမီး အသင်းလိုက်မြှားပစ်အဖွဲ့က ဒုတိယမြောက် ရွှေတံဆိပ်တခု ယူပေးခဲ့ပါတယ်။

မြောက်ကိုရီးယားကလည်း အမျိုးသမီး ဂျူဒို ၅၂ ကီလိုတန်းနဲ့ အမျိုးသား အလေးမတို့ကနေ ရွှေတံဆိပ် တခုစီ ယူသွားကြပါတယ်။