အိုလံပစ် တတိယနေ့ ရွှေ ၁၂ ခု ထပ်ယူကြ

medals ဓာတ်ပုံ မူပိုင် PA
Image caption လန်ဒန် အိုလံပစ် တတိယနေ့မှာ ရွှေ ၁၂ ခုထပ် ယူခဲ့ကြ

လန်ဒန် အိုလံပစ် တတိယနေ့မှာ အားကစား ဟဲဗီးဝိတ် တရုတ်နဲ့ အမေရိကန်တို့ ရွှေ တံဆိပ်တွေ ထပ်ယူခဲ့ကြပါတယ်။

ဒိုင်ဗင် အမျိုးသား ဆယ်မီတာ နှစ်ယောက်တွဲမှာ တရုတ်က ကောက်ယွမ်နဲ့ ကျန့်ယမ်ကွမ်းတို့ အတွဲက ရွှေတံဆိပ်ယူသွားပြီး မက္ကဆီကိုကငွေ၊ USA က ကြေးရပါတယ်။

ယူကေ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ကိုယ်တိုင် ဗြိတိန်အသင်းက တွမ်ဒလေးနဲ့ ပီတာ ဝေါ်တာဖီးလတို့ အတွဲကို လာအားပေးပေမယ့် စတုထ္ထပဲ ရပြီး ဆုတံဆိပ်နဲ့ ကပ်လွဲခဲ့ပါတယ်။

တရုတ်အသင်းက အမျိုးသား အသင်းလိုက် အလှပြ ကျွမ်းဘားနဲ့ အလေးမ အားကစားတွေကနေလည်း ရွှေတခုစီ ယူခဲ့ပါတယ်။

အမျိုးသား အသင်းလိုက် အလှပြ ကျွမ်းဘားမှာ ဗြိတိန်အသင်းက တတိယ ကြေးတံဆိပ်ရပြီး နှစ်ပေါင်း တရာအတွင်းမှာ ဗြိတိန် ကျွမ်းဘား အားကစား သမားတွေ ပထမဆုံးအကြိမ် အဖြစ် ဆုတံဆိပ်တခု ရယူနိုင်တာ ဖြစ်ပါတယ်။

ဂျပန်က အမျိုးသမီး ဂျူဒို ၅၇ ကီလိုတန်းကနေ ခု အိုလံပစ်အတွက် ပထမဆုံး ရွှေတံဆိပ်တခု ယူနိုင်ခဲ့ပါတယ်။

ဂျပန်လိုပဲ မနေ့က ပထမဆုံး ရွှေတံဆိပ်တခု ယူနိုင်ခဲ့တဲ့ အသင်းက ရိုမေးနီးယားနဲ့ လစ်သူယေးနီးယားပါ။

အမျိုးသား ဆယ်မီတာ လေသေနတ်ပစ် ပြိုင်ပွဲမှာ ရိုမေးနီးယားက အာလင် မော်လဒိုဗီးနူးက ရွှေတံဆိပ်ယူပေးခဲ့ပြီး အီတလီက ငွေနဲ့ အိန္ဒိယက ကြေးတံဆိပ် ရပါတယ်။

ဒီကြေးတံဆိပ်ဟာ အိန္ဒိယ အသင်းရဲ့ ခုလန်ဒန် အိုလံပစ်မှာ ပထမဆုံးရတဲ့ ဆုတံဆိပ်လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လစ်သူယေးနီးယားရဲ့ ပထမဆုံး ရွှေကို ယူပေးခဲ့တဲ့ ဆယ့်ငါးနှစ်အရွယ် ရုတ

နောက်တခါ လစ်သူယေးနီးယားအသင်းအတွက် ပထမဆုံး ရွှေကိုတော့ အမျိုးသမီး ရေကူး မီတာ တရာ ရင်ဘောင်တန်း ပြိုင်ပွဲမှာ အသက် ဆယ့် ငါးနှစ်အရွယ် ရူတာ မေလူတိုက်က ယူပေးခဲ့ပါတယ်။

မနေ့က ရေကူးကနေ ရွှေတံဆိပ် လေးခု ထွက်လာခဲ့ရာမှာ ကျန်တဲ့ သုံးခုကို အမေရိကန်က နှစ်ခုနဲ့ ပြင်သစ်က တခု ယူသွားပါတယ်။

အမျိုးသမီး မီတာ တရာ ပက်လက်ကူးမှာ အမေရိကန်က မစ်စီ ဖရန်ကလင်က USA အတွက် ရွှေတံဆိပ် ယူပေးခဲ့ပြီး အမျိုးသား မီတာ တရာ ပက်လက်ကူးမှာ အမေရိကန်က မက်သယူး ဂါဗာက ရွှေတခု ယူပေးခဲ့ပါတယ်။

နောက်ဆုံးကျန်တဲ့ ရွှေတခုကို ပြင်သစ်က ယန်းနစ် အက်ဂနဲလက ယူသွားပါတယ်။

ဒီရွှေဟာ ယန်းနစ် အက်ဂနဲလအတွက် ဒုတိယရွှေ ဖြစ်ပြီး ပထမရွှေကို တနင်္ဂနွေ နေ့က မီတာ လေးရာ လက်ဆင့်ကမ်းကနေ ယူခဲ့တာဖြစ်ပါတယ်။

မြန်မာ အားကစား သမားတွေရဲ့ အခြေအနေကို ကြည့်ရင် အမျိုးသား တဉီးချင်း မြှားပစ်မှာ နေမျိုးအောင်ဟာ ရိုမေးနီးယားက ပြိုင်ဘက်ကို အနိုင်ရခဲ့ပေမယ့် နောက်ဆုံး ဆယ့်ခြောက်နေရာ အတွက် လုရာမှ ယူကရိန်းက အိဗက်ရှကိုကို ရှုံးပြီး ပြိုင်ပွဲက ထွက်သွားရပါတယ်။

တတိယနေ့ ပွဲစဉ်တွေအပြီးမှာ တရုတ်အသင်းက ရွှေ ကိုးခု အပါအဝင် ဆုတံဆိပ် ပေါင်း ၁၇ ဆုနဲ့ ထိပ်ကပြေးနေပြီး USA က ရွှေ ငါးခုနဲ့ ဒုတိယနေရာမှာ ရှိပါတယ်။

ပြင်သစ်နဲ့ မြောက်ကိုရီးယားက ရွှေသုံးခုစီနဲ့ အမေရိကန်နောက်မှာ ကပ်လိုက်နေ ပါတယ်။