အိုလံပစ် အဌမနေ့

olympics_phelps ဓာတ်ပုံ မူပိုင် AP
Image caption အအောင်မြင်ဆုံး အိုလံပစ် အားကစား သမား ရေကူးချန်ပီယံ မိုက်ကယ်လ် ဖဲ့လ်ပ်စ်

၂၀၁၂ လန်ဒန် အိုလံပစ်ရဲ့ စနေနေ့က ကျင်းပခဲ့တဲ့ ပြေးခုန်ပစ် ပွဲစဉ် တွေကိုတော့ ဗြိတိသျှ အားကစား မောင်မယ် တွေက လွှမ်းမိုးထား ခဲ့ပါတယ်။

ပြေးခုန်ပစ် အားကစားနည်း ၇ မျိုးကို ပြိုင်ရတဲ့ ဟက်ပတာသလွန် ပြိုင်ပွဲမှာ ဗြိတိန်က ဂျက်ဆီကာ အဲန်းနစ္စက ဗိုလ်စွဲလို့ ရွှေဆုကို ယူနိုင်ခဲ့သလို အလျားခုန် ပြိုင်ပွဲမှာလည်း ဂရက် ရူသာဖို့ဒ်က ဂရိတ် ဗြိတိန် အသင်းအတွက် ရွှေတံဆိပ် ကို ရယူ ပေးနိုင်ခဲ့ပြန်ပါတယ်။ အမျိုးသား မီတာ ၁၀၀၀၀ အပြေး ပြိုင်ပွဲမှာတော့ ဗြိတိန်ကို ဆိုမာလီယားက ဒုက္ခသည် အဖြစ်နဲ့ ရောက်လာခဲ့တဲ့ မိုဖာရာက အနိုင်ရလို့ ဗြိတိန်အတွက် နောက်ထပ်ပြီး ရွှေဆုကို ရယူ ပေးနိုင်ခဲ့ပြန်ပါတယ်။

အစောပိုင်းကတော့ ဗြိတိသျှ အမျိုးသား နဲ့ အမျိုးသမီး လှေလှော် အားကစား သမားတွေက ရွှေဆု ၂ ခုကို ရယူ ပေးနိုင်ခဲ့ပါတယ်။ တခါ ရုံတွင်း စက်ဘီး ပြိုင်ပွဲ အမျိုးသမီး အသင်းလိုက် ဗိုလ်လုပွဲမှာလည်း ဂရိတ် ဗြိတိန် အသင်းက ကမ္ဘာ့ စံချိန်သစ် တင်လို့ ရွှေဆုကို ရယူခဲ့ပါတယ်။ အဲဒီ စက်ဘီးမယ်တွေက ပြိုင်ပွဲ ၆ ခုမှာ ကမ္ဘာ့စံချိန် တွေကို ဆက်တိုက် ဆိုသလို တင်နိုင် ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီး မီတာ ၁၀၀ ပြိုင်ပွဲမှာတော့ ဘေဂျင်း အိုလံပစ်မှာ ဗိုလ်စွဲခဲ့တဲ့ ဂျမေကာက အပြေးမယ် ဆယ်လီ အဲန်း ဖရေဆာ ပရိုက်စ်ကပဲ အနိုင်ရလို့ သရဖူကို ကာကွယ်ရင်း နောက်ထပ် ရွှေတံဆိပ်ဆုကိုပါ ရရှိသွားခဲ့ပါတယ်။

ရေကူးပြိုင်ပွဲ တွေမှာတော့ အမေရိကန် အသင်းက ဂန္တဝင် ရေကူးသမား မိုက်ကယ်လ် ဖဲ့လ်ပ်စ် က သူ့အတွက် ၁၈ ခုမြောက် အိုလံပစ် ရွှေဆုကို ရယူ သွားခဲ့ပါတယ်။ သူဟာ ဒီလန်ဒန် အိုလံပစ် ပြိုင်ပွဲ အပြီးမှာ အားကစား လောကကနေ အနားယူတော့မှာ ဖြစ်ပါတယ်။ သူ့မှာ ဒီရွှေ ၁၈ ခုအပြင် ငွေ ၂ ၊ ကြေး ၂ နဲ့ စုစုပေါင်း အိုလံပစ် ဆုတံဆိပ် ၂၂ ခု ရှိပါတယ်။ ဒါကြောင့်လည်း သူ့ကို ဆုတံဆိပ် အများဆုံး ရယူ နိုင်ခဲ့တဲ့ အိုလံပစ် အားကစား သမားအဖြစ်ပါ ဂုဏ်ထူးဆောင် ဆုနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။

တောင်အာဖရိက နိုင်ငံက အိုလံပစ် ပြိုင်ပွဲတွေမှာ ပထမဆုံး မသန်စွမ်းသူထဲက ပြိုင်ပွဲဝင်လာတဲ့ ခြေတုနဲ့ အပြေးသမား အော်စကာ ပစ္စတိုရီးယပ်စ်ကတော့ မီတာ ၄၀၀ အပြေးပြိုင်ပွဲ တွေရဲ့ အကြိုဗိုလ်လုပွဲ အဆင့်အထိ ကိုတက်ရောက် သွားခဲ့ပြီ ဖြစ်ပါတယ်။

တနင်္ဂနွေ နေ့မှာတော့ အမျိုးသမီး မာရသွန်နဲ့ တခြား ပြေးခုန်ပစ် ပြိုင်ပွဲတွေရဲ့ နောက်ဆုံး ဗိုလ်လုပွဲတွေ ကျင်းပသွားဖို့ ရှိပြီး ရွက်လှေ ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲ တွေကိုလည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ တခါ ရုံတွင်း စက်ဘီး ပြိုင်ပွဲတွေရဲ့ အမြန်နင်း ဗိုလ်လုပွဲတွေ ကိုလည်း ကျင်းပဖို့ ရှိနေပါတယ်။ ကျွမ်းဘားပြိုင်ပွဲ တွေက အမျိုးသား နဲ့ အမျိုးသမီး ဗိုလ်လုပွဲ တွေလည်း ကျင်းပဖို့ ရှိနေသလို တင်းနစ် ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲတွေလည်း ကျင်းပသွားဖို့ ရှိနေပါတယ်။