ကိုလံဘီယာနဲ့ တူနီးရှားတို့ ပထမဆုံး ရွှေတံဆိပ်ရ

ဓာတ်ပုံ မူပိုင် Reuters
Image caption အမျိုးသမီး BMX စက်ဘီးစီး ပြိုင်ပွဲမှာ ကိုလံဘီယာ က Mariana Pajon အနိုင်ရ

လန်ဒန်အိုလံပစ် အာကစားပြိုင်ပွဲ ကျင်းပ ပြီးစီးဖို့ ၂ ရက်သာ လိုတော့တဲ့ သောကြာနေ့ မှာတော့ အမျိုးသမီး BMX စက်ဘီးစီး ပြိုင်ပွဲမှာ ကိုလံဘီယာက Mariana Pajon က အနိုင်ရရှိပြီး သူ့နိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ကို ဆွတ်ခူးပေး သွားပါတယ်။

အမျိုးသားပွဲ BMX ပွဲမှာတော့ လက်ဗီယား နိုင်ငံက Maris Strongbergs က ရွှေတံဆိပ် ရရှိသွား ပါတယ်။

အပြင်ဘက်မှာ ကူးရတဲ့ ၁၀ ကီလိုမီတာ အမျိုးသား ရေကူးပြိုင်ပွဲမှာ တူနီရှားက Oussama Mellouli က ပထမ နေရာ ကနေ ပန်းဝင်ပြီး သူ့နိုင်ငံ အတွက် ပထမဦးဆုံး ရွှေတံဆိပ် ကို ဆွတ်ခူးပေး နိုင်ခဲ့ ပါတယ်။

ဒီရေကူးပြိုင်ပွဲမှာ ဂျာမဏီက ငွေတံဆိပ်နဲ့ ကနေဒါက ကြေးတံဆိပ် အသီးသီး ရရှိသွားကြပါတယ်။

အမျိုးသမီး မီတာ ၅၀၀၀ ပြိုင်ပွဲဟာလည်း ဒီကနေ့ သောကြာနေ့ အတွက် အဓိက လူကြိုက်များမယ့် ပြိုင်ပွဲ တခု ဖြစ်ပါလိမ့်မယ်။

အီသီယိုပီးယား နိုင်ငံက မီတာတသောင်း အပြေးပြိုင်ပွဲ ရွှေတံဆိပ် ဆုရှင် တီရူးနပ်စ် ဒီဘားဘားပဲ ဒီပွဲမှာ အအနိုင်ရလိမ့်မယ်လို့ ရေပန်းစား နေပါတယ်။ ဒီပွဲမှာ သူ့ရဲ့ အဓိက ပြိုင်ဖက် ကတော့ ကင်ညာသူ ဗီဗီယန် ချယ်ယူရော့ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ၁၀ ကီလိုမီတာ အမျိုးသား ရေကူးပြိုင်ပွဲက Oussama Mellouli

ခြေတုပြား အပြေးသမား အော်စကာ ပစ္စတိုရီးရပ်စ် တယောက်လည်း မီတာ ၄၀၀ လက်ဆင့်ကမ်း နောက်ဆုံးဗိုလ်ပွဲမှာ ဝင်ပြိုင်ခွင့်ရရှိသွားပါတယ်။

သူ့နိုင်ငံက လက်ဆင့်ကမ်း အပြေးသမား ပြေးနေစဉ် တိုက်မိပြီး ဒဏ်ရာရသွားတဲ့ အတွက် အော်စကာကို အစားထိုး ပြေးခိုင်းဖို့ အယူခံ ဝင်ရာမှာ ခွင့်ပြုချက် ရရှိသွားတာ ဖြစ်ပါတယ်။

မနေ့က ကြာသပတေးနေ့ အမျိုးသား မီတာ ၂၀၀ ပြေးပွဲမှာ ဂျမေကာက ယူစိန်ဘို့တ်ပဲ အနိုင် ရရှိသွားတဲ့ အတွက် ဂျမေကာ ပြည်သူတွေဟာ မြို့တော် ကင်းစ်တန်က လမ်းမတွေ ပေါ် ထွက်ပြီး အောင်ပွဲခံခဲ့ ကြပါတယ်။

လူအုပ်ကြီးတွေဟာ ဂျမေကာ အလံတွေ ဝှေ့ယမ်းပြီး ဟွန်းတွေတီးကာ ညနက်အချိန် အထိကို အောင်ပွဲခံခဲ့ကြတာ ဖြစ်ပါတယ်။

ယူစိန်ဘို့တ်ဟာ တာတိုပြေးပွဲ မီတာ ၁၀၀ နဲ့ မီတာ ၂၀၀ နှစ်ခုစလုံး အတွက် အိုလံပစ် နှစ်ကြိမ် ဆက်တိုက် ဗိုလ်စွဲခဲ့တဲ့ ပထမဦးဆုံး အပြေးသမား အဖြစ် သမိုင်းတွင်သွားပါတယ်။

မနေ့က မီတာ ၂၀၀ နောက်ဆုံး ဗိုလ်ပွဲမှာ ရွှေ၊ ငွေနဲ့ ကြေးတံဆိပ် သုံးခုစလုံးကို ဂျမေကာ အပြေးသမားတွေက ရရှိသွားကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ