ပျော်ပျော်ရွှင်ရွှင် ပြီးဆုံးသွားတဲ့ လန်ဒန် အိုလံပစ် ၂၀၁၂

Olympic Closing ဓာတ်ပုံ မူပိုင် Getty
Image caption ခမ်းခမ်းနားနား မြိုင်မြိုင်ဆိုင်ဆိုင် ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးဆုံးသွားတဲ့ လန်ဒန် အိုလံပစ် ၂၀၁၂

၂ဝ၁၂ လန်ဒန် အိုလံပစ် ပြိုင်ပွဲကြီး မြိုင်မြိုင် ဆိုင်ဆိုင်နဲ့ ပြီးဆုံး သွားခဲ့ပါပြီ။ ဂရိတ် ဗြိတိန် အသင်းရဲ့ စွမ်းစွမ်းတမန် အားထုတ်မှုက တိုင်းပြည်ကို အားသစ်လောင်း ပေးတယ်လို့ အဲလိဇဘတ် ဘုရင်မကြီး ပြောခဲ့သလိုပဲ ဒီအိုလံပစ်ပွဲက စီးပွားရေး ကြောင့် ထိုင်းမှိုင်း လေးကန်နေတဲ့ ဗြိတိသျှ လူ့အဖွဲ့အစည်းကို ယုံကြည်ချက် အသစ်တွေ တက်လာစေတယ်လို့ နယူးယောက်တိုင်းမ်စ်၊ ဂါးဒီးယန်း စတဲ့ အနောက်တိုင်း သတင်းစာကြီးတွေက မှတ်ချက်ပေးပါတယ်။

ဒါပေမဲ့ နောက်လေးနှစ်အတွင်း ဒေါ်လာ ၁၃ ဘီလီယံလောက် စီးပွားတက် လာမယ်လို့ ခန့်မှန်း ထားတာတွေကတော့ အရင် အိုလံပစ် ကျင်းပခဲ့ဖူးတဲ့ မြို့ကြီးတွေရဲ့ အစဉ်အလာအရ ဖြစ်နိုင်ခြေ နည်းနေပါတယ်။

ဒီပွဲကြီး မကျင်းပခင်က လန်ဒန်မှာ ဒီပွဲကြောင့် ခရီးသွားလာရေးတွေ နှောင့်နှေးပြီး ကမောက်ကမ အဆင်မပြေတာ၊ လုံခြုံရေး စိုးရိမ်ရတာတွေ ဖြစ်တော့မှာပဲလို့ တွက်ဆ နေကြတာတွေ ဖြစ်မလာဘဲ ချောချောမောမောနဲ့ ပြီးဆုံးသွားပါတယ်။

အားကစား သမားတွေ တည်းခိုမယ့် အိုလံပစ် ရွာနဲ့ တက္ကသိုလ် ဆောင်တွေမှာလဲ ဗြိတိသျှ အိမ်ရှင်တွေရဲ့ ဧည့်ဝတ်ကျေ ဖော်ရွေမှုကြောင့် ဂုဏ်တက်ခဲ့ရပါတယ်။ လုံခြုံရေး အတွက် အိမ်ခေါင်မိုး တွေမှာ ဒုံးကျည်တွေ ဆင်တာကို ဒေသခံတွေက ကန့်ကွက် ခဲ့ကြပေမယ့် အဲဒီ ဒုံးကျည် အစီအမံ တွေကြောင့်ပဲ ပွဲကြီး အေးအေးချမ်းချမ်းနဲ့ ပြီးဆုံး သွားခဲ့ပါတယ်။

ပွဲရာသီမှာ အရောင်းအဝယ် ကောင်းလိမ့်မယ်လို့ မှန်းထားကြပေမယ့် ထင်သလောက် မရောင်းရတဲ့ အတွက် ပွဲစီစဉ်သူတွေနဲ့ လန်ဒန် ခရီးသွားလာရေး ဌာနကို လက်လီဆိုင်တွေက အပြစ်တင် ကြပါတယ်။ ပွဲချိန်မှာ လူအသွားအလာများလို့ ဘူတာတွေ လမ်းတွေ ပိတ်ကျပ်မနေအောင် ဘယ်လို သွားကြပါ ဘယ်နေရာတွေကို ရှောင်ကြပါလို့ သူတို့က ခန့်မှန်း ချက်တွေ ထုတ်ခဲ့လို့ပါပဲ။

ဒေါ်လာ သန်း ၆ ထောင့် ငါးရာ အကုန်ခံ ပြင်ဆင် ထားတဲ့ လန်ဒန် မြေအောက်နဲ့ မြေပေါ် ရထားလိုင်းတွေမှာ ခရီးသည် ပြည့်ကျပ်မှုတွေ ရှိခဲ့ပေမယ့် အစက ထင်ထား သလောက်တော့ မဆိုးရွား ခဲ့ပါဘူး။ ဒီရက်ပိုင်း လန်ဒန် လေဆိပ်တွေကနေ ပွဲပြန် ခရီးသွား တရက်ကို ၂ သိန်း လောက် ထွက်ခွာ ကြလိမ့်မယ်လို့ မျှော်မှန်း ထားပါတယ်။

ပွဲချိန်တွင်းမှာ လက်မှတ်တွေ ထပ်ရောင်း ပေးခဲ့ပေမယ့် လူ ၂ သန်းခွဲလောက် လက်မှတ်ရဖို့ ကြိုးစား နေကြတာပါ။ နောက် လူမရှိတဲ့ ထိုင်ခုံတွေ ရုပ်သံ သတင်းမှာ တွေ့ရတော့ လူတွေ စိတ်ဆိုး ဒေါသ ထွက်ကြပါတယ်။ ဒါပေမဲ့ မြို့တွင်း ပြေးပွဲတွေမှာတော့ လူတွေ သောင်းသောင်းဖြဖြ အားပေး ကြပါတယ်။

ပွဲမတိုင်ခင် အင်္ဂလန်ရဲ့ အစိုးမရတဲ့ နွေရာသီ မိုးကြောင့် ရွှေပွဲလာတွေ ကသီကရီ ဖြစ်ကြမှာ စိုးခဲ့ကြပေမယ့် နေခြည်ဖြာတဲ့ ဗြိတိသျှ နွေအစစ်နဲ့ ကြုံသွား ကြရပါတယ်။ မသန် မစွမ်း အိုလံပစ် ပြိုင်ပွဲ ကိုလဲ သြဂုတ် ၂၉ ရက်မှာ လန်ဒန်မှာပဲ လက်ခံ ကျင်းပမှာ ဖြစ်ပါတယ်။