သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပရီးမီးယားလိဂ်နဲ့ ဆူဇီကီးဖလား ခြေစစ်ပွဲများ

ဓာတ်ပုံ မူပိုင် PA
Image caption မန်ချက်စတာ ယူနိုက်တက်ရဲ့ တွမ် ကလဲဗာလီ

အရှိန် ရလာနေတဲ့ ပရီးမီးယား လိဂ် ပွဲစဉ် ၇ က ရလဒ်တွေနဲ့ အတူ မြန်မာ နိုင်ငံမှာ ကျင်းပ နေတဲ့ ဆူဇူကီး ဖလား ဘောလုံး ခြေစစ် ပွဲတွေ အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

လောလောဆယ် ဘောလုံးနဲ့ မစင်ခင်မှာ ပူပူနွေးနွေး စနေနေ့က ကျင်းပခဲ့ကြတဲ့ မြန်မာ နဲ့ ဖိလစ်ပိုင် တို့ရဲ့ ရိုးရာ လက်ဝှေ့ ပွဲတွေ အကြောင်းနဲ့ စချင်ပါတယ်။

မြန်မာ ရိုးရာ လက်ဝှေ့ကို ကမ္ဘာက စိတ်ဝင်စား လာတာနဲ့ အမျှ ပြည်ပက ရိုးရာ လက်ဝှေ့နဲ့ ပတ်သက်ပြီး မြီးစမ်း ချင်သူတွေဟာ မြန်မာ့ရိုးရာ လက်ဝှေ့ သမားတွေနဲ့ လာရောက် ထိုးသတ်လေ့ ရှိကြတာ အစဉ်အလာ လိုတောင် ဖြစ်နေပါပြီ။

အခုလည်း ဖိလစ်ပိုင်က လက်ဝှေ့သမားတွေ မြန်မာပြည်ကို လာပြီး လက်ရည်စမ်းကြ ပြန်ပါပြီ။ မြန်မာဘက်က တွေ့မရှောင်( နဂါးမာန်)၊ ခိုင်လင်းဦး နဲ့ သတ္တိအောင် ( တောင်ကလေး) တို့ ထိုးခဲ့ကြပါတယ်။

တွေ့မရှောင်နဲ့ သတ္တိအောင်တို့က အလဲထိုးတွေနဲ့ အနိုင်ရခဲ့ပြီး ခိုင်လင်းဦးကတော့ သရေကျခဲ့ပါတယ်။

အခုတော့ ဘောလုံးဘက်ကို အလှည့် ပေးမှာ ဖြစ်ပါတယ်။

အင်္ဂလိပ် ပရီးမီးယား လိဂ် ဘောလုံး ပွဲတွေက အခုဆို ပွဲစဉ် ၇ တောင် ရောက်လာပြီ ဖြစ်ပါတယ်။ အသင်းကြီးတွေ ပုံမှန် ခြေစွမ်းတွေ ပြန်ရသလောက် ဖြစ်လာနေပြီ ဖြစ်သလို အသင်းငယ် တွေကလည်း လူစုံတက်စုံ ကစား နေနိုင်တဲ့ အခြေအနေမို့လို့ ပွဲတွေက ပိုပြီး ကြည့်ကောင်း လာနေပါပြီ။

စနေနေ့က ကစားခဲ့ကြတဲ့ အင်္ဂလိပ် ပရီးမီးယား လိဂ် ပွဲစဉ် တွေမှာတော့

မန်ချက်စတာ စီးတီး အသင်းက ဆန်းဒါးလန်း အသင်း ကို ၃ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

ချဲလ်ဆီးကတော့ နောရစ်(ချ) စီးတီး အသင်းကို ၄ ဂိုး ၁ ဂိုး နဲ့ နိုင်ပါတယ်။

ဆွမ်ဆီးနဲ့ ရဲဒ်ဒီန်း တို့ကတော့ ၂ ဂိုးစီ သရေကျပါတယ်။

ဝက်စ်ဘရောမ်း အသင်းက ကျူပီအာကို ၃ ဂိုး ၂ ဂိုး နဲ့ နိုင်ပါတယ်။

ဝီဂန်နဲ့ အဲဗာတန် ၂ ဂိုး စီသရေပါ။

ဝက်စ်ဟမ်း ကိုတော့ အာဆင်နယ်က ၃ ဂိုး ၁ ဂိုး နဲ့ နိုင်ပါတယ်။

တနင်္ဂနွေ နေ့မှာတော့ ကျန်နေတဲ့ ၄ ပွဲမှာ ၃ ပွဲက အရင်ကစား ခဲ့ကြတာပါ။

အဲဒီ ၃ပွဲထဲက ဆောက်သမ်တန် အသင်းနဲ့ ဖူလမ် တို့ပွဲမှာတော့ ၂ ဂိုးစီ သရေနဲ့ပဲ ပွဲပြီးသွားပါတယ်။ ဆောက်သမ်တန်အတွက် ဖွန်တေက ၄ မိနစ်မှာ ၁ ဂိုး သွင်း ယူပေးခဲ့ပြီး ဖူလမ်အ တွက်ကတော့ မိနစ် ၇၀ ဆောက်တမ်တန် အသင်းက ဟူးဗလက်ဒ်က ကိုယ့်ဂိုး ကိုယ်သွင်းတဲ့ အတွက် ၁ ဂိုး စီဖြစ်သွားပါတယ်။

၈၈ မိနစ်မှာ ရစ်ချတ်ဆင်က ဖူလမ်အတွက် သွင်းသွားလို့ ဖူလမ်တောင် နိုင်မလို ဖြစ်သွားပါသေးတယ်။ ပွဲပြီးခါနီး မိနစ် ၉၀ မှာ ခုနက အဖွင့်ဂိုး သွင်းတဲ့ ဖွန်တွေက ပြန်သွင်းလိုက်လို့ ၂ ဂိုးစီ သရေနဲ့ ပွဲပြီးသွား ခဲ့တာပါ။

တခါ လစ်ဗာပူး အသင်းကတော့ စတုခ်အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားရပေမယ့် ၂ သင်းစလုံး ဂိုး မသွင်း နိုင်ခဲ့ကြလို့ ဒီပွဲကတော့ ဂိုးမရှိ သရေပါ။

စပါးစ် အသင်းကလည်း အက်စ္စတန် ဗီလာကို အိမ်ကွင်းမှာ လက်ခံကစား ခဲ့ပါတယ်။ ပထမပိုင်းမှာ တဘက်နဲ့ တဘက် ဂိုး မသွင်း နိုင်ခဲ့ကြဘဲ ဒုတိယပိုင်းကျမှ စပါးစ်က ကော်လ်ကာက ၅၈ မိနစ်မှာ စပါးစ် အတွက် အဖွင့်ဂိုး ကို သွင်းယူနိုင်ခဲ့ပါတယ်။

တခါ ၆၇ မိနစ်မှာ လင်နွန်က စပါးစ် အတွက် ဒုတိယဂိုးကို သွင်းယူ ပေးခဲ့ပါတယ်။ ဗီလာ ခြေပနိုင်ဖို့ ကြိုးစားပေမယ့် ပွဲပြီးသည်အထိ မချေပနိုင်ဘဲ စပါးစ်ကပဲ ၂ ဂိုး ဂိုးမရှိနဲ့ နိုင်သွား ခဲ့ပါတယ်။

တနင်္ဂနွေ နေ့က နောက်ဆုံး ကစား ခဲ့ကြတဲ့ ပွဲကတော့ နယူးကာဆယ်ယူနိုက်တက်ရဲ့ ကွင်းမှာ ကစားခဲ့ကြတဲ့ နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲပါ။

အိမ်ကွင်းမှာ ပြီးခဲ့တပတ်က စပါးစ်ကို ရှုံးထားခဲ့တဲ့ မန်ယူဟာ အိမ်ကွင်း ကစားအား ကောင်းတဲ့ နယူးကာဆယ်ကို မနှစ်ကလည်း ရှုံးထားတာမို့ ဒီတခါလည်း သရေရအောင် တော်တော် ကစားယူရမယ်လို့ ထင်ထား ခဲ့ရတာ ဖြစ်ပါတယ်။ တခါ မန်ယူမှာလည်း နာမည်ကြီး တိုက်စစ်မှူးတွေပါ၊ နယူးကာဆယ်ဘက်ကလည်း တိုက်စစ်မှူးတွေက ကောင်းတော့ အကြိတ်အနယ် ရှိပြီး ဂိုးတွေ အပြိုင်သွင်းကြမလား မျှော်လင့် ခဲ့ကြတာပါ။

ဒါပေမယ့် ဒီပွဲမှာ အစွမ်းပြသွားတာက မန်ယူရဲ့ နောက်တန်းပါ။ နယူးကာဆယ် တိုက်စစ်မှူးတွေကို ဂိုးသွင်းခွင့် မပေးခဲ့ရုံ တင်မကဘဲ သူတို့က ပါမန်ယူအတွက် ဂိုးတွေ တက်သွင်းသွား ခဲ့ကြတာပါ။ ပွဲစပြီး ၈မိနစ်မှာ အဲဗန်းစ်က တလုံး နဲ့ ၁၅ မိနစ်မှာ အဲဗရာက တလုံးစီ ခေါင်းတိုက်လို့ သွင်းသွား ခဲ့ကြတာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ နယူးကာဆယ် ချေပနိုင်ဖို့ လိုက်ကစား ခဲ့ပါတယ်။

ဒါပေမယ့် ၇၁ မိနစ် အရောက်မှာတော့ မန်ယူက ကလဲဗာလီက ပင်နယ်တီ ဧရိယာ အစပ်ကနေ လှလှပပ ကန်သွင်းသွား ခဲ့လို့ မန်ယူက ၃ ဂိုး ဂိုးမရှိနဲ့ နိုင်သွား ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ မန်ယူ နည်းပြကြီး ဆာအဲလက်စ်ဖာဂတ်ဆင်က အခုပွဲကို အာရုံစိုက်ပြီး အနိုင်ရဖို့ ကြိုးစား ကစားခဲ့ကြတဲ့ အကြောင်း၊ ပထမပိုင်း ကစားပုံကတော်တော် ကောင်းခဲ့တဲ့ အကြောင်းနဲ့ နယူးကာဆယ်လို အသင်းမျိုးက ကစားရတာ အင်မတန် ခက်ခဲလို့ အခုပွဲကို ရလဒ် အရရော ကစားပုံ အရပါ ကျေနပ်တဲ့ အကြောင်း တွေကို ပြောကြား သွားခဲ့ပါတယ်။

အခု လက်ရှိ ၇ ပွဲကန်ပြီး ချိန်မှာတော့ ပရီးမီးယားလိဂ် ဇယားကို ချဲလ်ဆီးက ၁၉ မှတ်နဲ့ ဦးဆောင်နေပြီး သူ့နောက်မှာ မန်ယူနဲ့ မန်စီးတီးက ၁၅ မှတ်စီနဲ့ ဒုတိယနဲ့ တတိယ နေရာတွေမှာ အသီးသီး ရှိနေကြပါတယ်။

ပြည်တွင်း ဘောလုံးကို တချက်ကြည့် ရအောင်ပါ။ ၂၀၁၂ ဆူဇူကီး ဖလား ဘောလုံး ပြိုင်ပွဲအ တွက် ခြေစစ်ပွဲတွေကို မြန်မာ နိုင်ငံမှာ ကျင်းပနေပါတယ်။

မြန်မာ အသင်းဟာ ဘရူနိုင်းကို ၁ ဂိုး ဂိုးမရှိ ၊ အရှေ့တီမော ကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်ခဲ့လို့ အခုအချိန်မှာတော့ ၂ ပွဲကစား ၆ မှတ်နဲ့ ဇယားထိတ်မှာ ရောက်နေပြီး သူ့နောက်မှာ အရှေ့တီမောနဲ့ လာအို အသင်းတွေ က ၃ မှတ်စီနဲ့ ရှိနေကြပါတယ်။

မြန်မာ အသင်း ခြေစစ်ပွဲ အောင်ဖို့ အတွက်ကတော့ လာမယ့် ၁၁ ရက် ကြာသပတေးနေ့မှာ ကမ္ဘောဒီးယား အသင်းနဲ့ ကန်ရမှာ ဖြစ်ပြီး ၁၃ ရက်နေ့ စနေနေ့မှာတော့ လာအိုအသင်းနဲ့ ကစား ရမှာ ဖြစ်တဲ့ အကြောင်း ကြိုတင် သတင်းကောင်းလေး ပါးရင်း အားကစား သတင်းတွေကို ဒီမှာ အဆုံးသတ်ပါတယ်။