BBC navigation

တပတ်အတွင်း အားကစား သတင်း

နောက်ဆုံး ရေးသားချိန် 27 ဇန်နဝါရီလ 2013 - 22:01 GMT

မီဒီယာ ပလေးယား

အဖ်အေ ဖလား စတုတ္ထဆင့် ရှုံးထွက် ပွဲများနဲ့ ဩစတေးလျ အိုးပင်း

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

မင်္ဂလာပါ ခင်ဗျား။

djokovic

၃ ကြိမ်ဆက် ချန်ပီယံ ဂျော့ကိုဗစ်(ချ)

ပူပူနွေးနွေး ကျင်းပ သွားခဲ့တဲ့ ဩစတေးလျ အိုးပင်း တင်းနစ် ပြိုင်ပွဲမှာ ဘယ်သူတွေ အောင်ပွဲ ခံခဲ့ကြသလဲ ဆိုတာအပြင် ဘောလုံး လောကက မမျှော်လင့်တဲ့ ရလဒ်တွေ ထွက်ခဲ့တဲ့ အဖ်အေဖလား ဘောလုံး ပွဲတွေ အကြောင်း တင်ဆက်ပေးသွားဖို့ ရှိပါတယ်။

အခုတော့ အရင်ဆုံး တင်းနစ်နဲ့ စရအောင်ပါ။ မဲလ်ဘုန်း ပါ့ခ်မှာ ကျင်းပခဲ့တဲ့ သြစတေးလျ အိုးပင်း တင်းနစ် ပြိုင်ပွဲ ရဲ့ အမျိုးသမီး တဦးချင်း ဖိုင်နယ် ပွဲမှာတော့ လက်ရှိ ချန်ပီယံ ဘယ်လာရပ်စ် က အသက် ၂၃ နှစ်အရွယ် ကမ္ဘာ့ နံပါတ် ၁ ဗစ်တိုးရီးယား အာဇာရန်ကာ က တရုတ်က ကမ္ဘာ့ နံပါတ် ၆ လီနာကို အနိုင်ရပြီး ချန်ပီယံ ဘွဲ့ကို ဆက်လက် ထိန်းသိမ်း နိုင်ခဲ့ပါတယ်။

အာဇာရန်ကာဟာ ပွဲကြီး တပွဲ ရှုံး နေပြီးမှ နောက်က လိုက်ကစားပြီး ကျန်နှစ်ပွဲမှာ နိုင်လို့ ၄-၆၊ ၆-၄၊ ၆-၃ နဲ့ နိုင်ပြီး ဗိုလ်စွဲ နိုင်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ နှစ်ဦးရဲ့ နောက်ဆုံး ဗိုလ်လုပွဲဟာ ပွဲကောင်း တပွဲ ဖြစ်ခဲ့ပေမယ့် ၊ နောက်ဆုံး တတိယ ဆက်မှာ လီနာ လဲကျပြီး နာသွား ခဲ့တဲ့ နောက်မှာ ပိုပြီး ကြံ့ခိုင်တဲ့ အဇာရန်ကာက အနိုင်ကစား သွား နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခု ဒီဗိုလ်လုပွဲကို နိုင်လိုက်တဲ့ အတွက် အဇာရန်ကာ ဟာ ဒုတိယမြောက် Grand Slam ချန်ပီယံဘွဲ့ကို ရယူ နိုင်ခဲ့ပြီး သူ့ရဲ့ လက်ရှိ ကမ္ဘာ့ နံပါတ် ၁ နေရာကိုလည်း ဆက်လက် ထိန်းသိမ်း ထား နိုင်ခဲ့ပါတယ်။

အမျိုးသမီး ချန်ပီယံဘွဲ့ကို လက်ရှိ ချန်ပီယံနဲ့ ကမ္ဘာ့နံပါတ် ၁ က ဆက်ပြီး ထိန်းထား နိုင်ခဲ့သလို အမျိုးသား ချန်ပီယံဘွဲ့ကိုရော လက်ရှိ ချန်ပီယံနဲ့ ကမ္ဘာ့ နံပါတ် ၁ ဂျော့ကိုဗစ်(ချ)က ဆက်ထိန်း နိုင်ပါမလား လို့ အားလုံး က စိတ်ဝင်တစား စောင့်ကြည့် ခဲ့ကြပါတယ်။

သူနဲ့ အမျိုးသား တဦးချင်း နောက်ဆုံး ဗိုလ်လုပွဲမှာ တွေ့မှာက ပူပူနွေးနွေး အမေရိကန် အိုးပင်း မှာ ဂျော့ကိုဗစ်(ချ)ကို အနိုင်ကစား ထားတဲ့ ဗြိတိန်က အင်ဒီ မာရေး ဖြစ်ပါတယ်။ ဒီတော့ ဒီတခါလည်း မာရေးက အနိုင်ယူ သွားမလား လို့ ထင်နေကြတဲ့ သူတွေလည်း ရှိခဲ့ပါတယ်။

ပွဲစတော့လည်း ပထမဆက် ပွဲကြီးကို မာရေးက ၇-၆ နဲ့ နိုင်သွား ခဲ့ပါတယ်။ ဒုတိယ ဆက်ကစား တဲ့ အခါမှာလည်း အကျိတ်အနယ်ရှိခဲ့ပြီး တိုင်ဘရိတ်ခ် ကစား ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတခါမှာတော့ ဂျော့ကိုဗစ်(ချ)က နိုင်သွားခဲ့လို့ တယောက် တဆက်စီ ဖြစ်သွား ခဲ့ပါတယ်။

ပွဲကောင်းနေတုန်းမှာ မာရေး ခြေဖဝါးမှာ အသားလန်လို့ ခြေလှမ်းတိုင်း နာတဲ့ အဖြစ်နဲ့ ကြုံရပြီး အဲဒါကနေတဆင့် အနားတောင်း ခြေအနာကို ကုသ ရပြန်ပါတယ်။

ဒါပေမယ့်လည်း အဲဒီနောက်မှာ မာရေး အမှားပိုများ လာခဲ့သလို ဂျော့ကိုဗစ်(ချ)ကလည်း ရိုက်ချက် မမှန်ရင်တောင်မှ ကံကလိုက်ပြီး အမှတ်တွေ ရလာလို့ တတိယ ဆက်ကိုပါ ၆-၃ နဲ့ ထပ်နိုင်ပါတယ်။

စတုတ္ထ ဆက်မှာတော့ ဆီးမီးမှာ ဖက်ဒရာနဲ့ ၅ ပွဲ ရိုက်ခဲ့ရပြီး ၁ ရက်သာ နားခဲ့ရတဲ့ မာရေးကို ဒါးဗစ် ဖာရဲကို ၃ ပွဲပြတ်နဲ့ နိုင်ပြီး ၂ ရက် အားဖြည့် ထားတဲ့ ဂျော့ကိုဗစ်(ချ)က ၆- ၂နဲ့ ထပ်နိုင်လို့ ချန်ပီယံ သရဖူကို ကာကွယ်နိုင်ခဲ့ပါတယ်။

ဒီနှစ်ပါနဲ့ ဆိုရင် ဒါဟာ ဂျော့ကိုဗစ်(ချ) အတွက် ဩစတေလျ အိုးပင်းကို ၃ နှစ်ဆက်တိုက် ဗိုလ်စွဲ နိုင်ခဲ့တာလည်း ဖြစ်ပြီး ဒီလို ၃ ကြိမ်ဆက် နိုင်တာဟာလည်း သမိုင်းမှာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

အခုတော့ ဘောလုံး လောကကို တချက် ကြည့်ရအောင်ပါ။

စနေနေ့က ကန်ခဲ့ကြတဲ့ အင်္ဂလိပ် ဘောလုံး အဖွဲ့ချုပ် ဖလား( FA ဖလား) ဘောလုံး ပြိုင်ပွဲရဲ့ စတုတ္ထ အဆင့် ရှုံးထွက် ပွဲတွေမှာတော့

စတုခ် စီးတီး အသင်းကို သူ့ကွင်းမှာ မန်ချက်စတာ စီးတီး အသင်းက ၁ ဂိုး ဂိုး မရှိနဲ့ နိုင်ပါတယ်။

ဘိုလ်တန် အသင်းကိုလည်း အဝေးအသင်း အဲဗာတန်က ၂ ဂိုး ၁ ဂိုး နဲ့ နိုင်ပါတယ်။

ဘရိုက်တန် အသင်းကိုလည်း သူ့အိမ်ကွင်းမှာ အာဆင်နယ် အသင်းက ၃ ဂိုး ၂ ဂိုး နဲ့ နိုင်ပါတယ်။

အဖ်အေဖလား ပြိုင်ပွဲတွေဟာ ရှုံးထွက်ပွဲတွေ ဖြစ်လို့ တခါတလေ မထင်မှတ်တဲ့ အံ့ဩစရာ ရလဒ် တွေလည်း ထွက်လာစမြဲ ဖြစ်ပြီး ဒီတပတ်မှာလည်း ပရီးမီးယား လိဂ်က အိမ်ကွင်း အားကောင်းတဲ့ နောရစ်(ချ) စီးတီး အသင်းကို အောက်တန်းက လူတန် အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွား ခဲ့တာကိုလည်း တွေ့ရပါတယ်။

အံ့စရာ ရလဒ် နောက်တခု ကတော့ ပရီးမီးယား လိဂ် နောက်တသင်း ဖြစ်တဲ့ ကျူပီအာကို အောက်အသင်း နောက်တသင်း ဖြစ်တဲ့ မေလ်တန်း ကီန်းစ် ဒွဲန်းစ် အသင်း က ၄ ဂိုး ၂ ဂိုးနဲ့ နိုင်သွား ခဲ့တာပဲ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်က ရဒ်ဒီန်း အသင်းကတော့ ရှက်ဖီးလ်ဒ် ယူနိုက်တက်ကို ၄ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် နိုင်သွား ခဲ့ပါတယ်။

တခါ ပရီးမီးယား လိဂ်ရဲ့ ထိပ်က ပြေးနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း တခြား ပရီးမီးယား လိဂ် အသင်းဖြစ်တဲ့ ဖူလမ်ကို ၄ ဂိုး ၁ ဂိုးနဲ့ နိုင်သွား ခဲ့ပါတယ်။

တနင်္ဂနွေ နေ့မှာတော့ ၃ ပွဲ ကစား ခဲ့ပါတယ်။ လက်ရှိ အဖ်အေ ဖလား ချန်ပီယံ ဖြစ်တဲ့ ချဲလ်ဆီးက တတိယတန်း အသင်း ဘရန့်ဖို့ဒ်နဲ့ တွေ့ခဲ့ပါတယ်။

စာရွက်ပေါ်မှာ ဆိုရင်တော့ တရေးနိုးထ ကစား နိုင်နိုင်တဲ့ အသင်းလို့ ထင်စရာပါ။ တကယ်တန်း ကစားတော့ အိမ်ရှင် ဘရန့်ဖို့ဒ် ၄၂ မိနစ်မှာ ဦးဆောင် ဂိုးကို သွင်းယူခဲ့ပါတယ်။ နောက် ချဲလ်ဆီးက ၅၅ မိနစ်မှာ ပြန်ချေ၊ ၇၃ မိနစ်မှာ ဘရန့်ဖို့ဒ်ဘက်က ပြန်သွင်းပြီး ပွဲပြီးခါနီး အထိ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး ၈၃ မိနစ် ရောက်မှ သန်း ၅၀ တန် တိုက်စစ်မှူး တောရက်စ် ကယ်လိုက်လို့ ချဲလ်ဆီးတို့ ချေပဂိုး ရလို့ သရေကျခဲ့ ရတာ ဖြစ်ပါတယ်။

တခါ တော့တင်ဟမ် အသင်းကိုလည်း အောက်တန်းက လိဒ်စ် ယူနိုက်တက်က အိမ်ကွင်း အဲလန်ရုဒ်မှာ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ယူ သွား ခဲ့ပြန်ပါတယ်။

ပထမပွဲ ရလဒ် က မထင်မှတ် စရာ ဆိုရင် ဒုတိယပွဲက ပိုပြီးတောင် အံ့သြစရာ ကောင်းပါတယ်။ အဲဒါထက် ပိုပြီး အံ့ဩစရာက နောက်ထပ် ပရီးမီးယား အသင်းကြီး ဖြစ်တဲ့ လစ်ဗာပူးလ်ကို တတိယတန်းမှာ အတန်းမဆင်းဖို့ ရုန်းကန်နေတဲ့ အိုးလ်ဟမ်း အက်သလက်တစ်က ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ယူပြီး နောက်တဆင့် တက်သွား ခဲ့တာပဲ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ လူစုံတက်စုံ ကစားခဲ့ကြပေမယ့် အိုးလ်ဟမ်းပဲ ကောင်းလွန်းတာလား လစ်ဗာပူးလ်ပဲ ခြေမပေါ်တာလား ပြောရတော့ တော်တော် ခက်ပါတယ်။

ရှေ့မှာ ဆိုခဲ့တဲ့ အတိုင်းပါပဲ၊

လာမယ့် ၃၀ ရက်နေ့မှာ စပိန် ဘုရင့်ဖလား ပွဲကောင်း အဖြစ် စပိန် ဘောလုံး လောကရဲ့ မဟာ ပြိုင်ဘက်ကြီး ၂ သင်း တွေ့ကြဦးမှာ ဖြစ်သလို အဲဒီ တနေ့ထဲမှာပဲ ဒီဘက် ပရီးမီးယား လိဂ် ဘက်မှာလည်း အာဆင်နယ် ကွင်းမှာ အာဆင်နယ် အသင်းနဲ့ လစ်ဗာပူးလ်တို့ တွေ့ကြဦးမှာ ဖြစ်လို့ ပွဲကြီးပွဲကောင်းတွေ မလွတ်ရအောင် ကြိုတင်အသိ ပေးထားရင်း အားကစား သတင်းတွေကို ဒီမှာ အဆုံးသတ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။