၂၀၁၄ ကမ္ဘာ့ဖလား အုပ်စု B အနေအထား

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဓာတ်ပုံ မူပိုင် n
Image caption အုပ်စု B မှာ စပိန်၊ နယ်သာလန် ၊ ချီလီ နဲ့ သြစတြေးလျ တို့ ပါဝင်

ဇွန်လ ၁၂ ရက်နေ့မှာ စတင် ကစားမယ့် ၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အသင်းပေါင်း ၃၂ သင်း ပါဝင် ယှဉ်ပြိုင်မှာဖြစ်ပြီး ၄ သင်းကို တစ်အုပ်စုစီနဲ့ ၈ အုပ်စု ခွဲထားရာမှာ အုပ်စု B မှာ စပိန်၊ နယ်သာလန် ၊ ချီလီ နဲ့ သြစတြေးလျ တို့ ပါနေပါတယ်။

စပိန်

ဓာတ်ပုံ မူပိုင် GETTY IMAGES
Image caption စပိန်အသင်း

စပိန်အသင်းဟာ လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ပြီး ကမ္ဘာ့အဆင့် နံပါတ် ၁ သတ်မှတ်ခံထားရပါတယ်။။ ၄-၃-၃ ကို အခြေခံပေမယ့် ဘောလုံး ဆုံးရင် မရမက ပြန်လိုက်ယူပြီး အပေး အယူ စိပ်စိပ်နဲ့ တဘက် အသင်းကို ဖိအားပေး ကစားတဲ့ အသင်းပါ။

အလယ်တန်းမှာ ရှာဗီး၊ အင်နီယက်စတာ၊ ဘော့စကက်၊ အလွန်ဆို နဲ့ ဖာဘရီဂတ်စ် တို့လို့ နာမည်ကြီးတွေ ပါဝင်ရုံမက တစ်သင်းလုံး ထိတ်ထိတ်ကြဲတွေချည်းမို့ သူတို့ကို ယှဉ်ဖို့ တော်ရုံ မလွယ်ပါဘူး။

နည်းပြကလည်း ဗင်းဆင့် ဒဲလ် ဘော့စ်ခ် ဖြစ်လို့ အတွေ့အကြုံ ရင့်တဲ့ နည်းပြနဲ့ လက်ရှိ ချန်ပီယံ အသင်းမှာ အားနည်းချက်က တော်တော် ရှာရခက်ပါတယ်။ ပြောစရာ ဆိုလို့ ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ သိပ်မကစား ရတဲ့ ဂိုး သမား ကပ်ဆီးလပ်စ် ပဲ ရှိပါတယ်။

မနှစ်က ဘရာဇီးမှာ ကျင်းပခဲ့တဲ့ တိုက်ကြီးများ ဖလား ဗိုလ်လုပွဲမှာတော့ အိမ်ရှင် ဘရာဇီးကို ရှုံးခဲ့ရပါတယ်။ နောက်ပြီး ကမ္ဘာ့ဖလား သမိုင်းမှာ တောင်အမေရိကမှာ လုပ်တဲ့ ပြိုင်ပွဲတွေမှာ ဘယ်ဥရောပ အသင်းမှ ဗိုလ်မစွဲဖူးတာကြောင့် ပြီးခဲ့တဲ့ ဥရောပနဲ့ ကမ္ဘာ့ပြိုင်ပွဲကြီး ၃ ခုမှာ ဗိုလ်စွဲခဲ့တဲ့ စပိန်အသင်း အနေနဲ့ အခုပြိုင်ပွဲမှာ စံချိန်ဆိုးကို ခြိုးဖျက်နိုင်မလား စောင့်ကြည့်ရမှာပါ။

နယ်သာလန်

ဓာတ်ပုံ မူပိုင် AP
Image caption နယ်သာလန်အသင်း

အုပ်စု B ရဲ့ အသင်းကြီးတစ်သင်း ဖြစ်တဲ့ နယ်သာလန်ဟာ လက်ရှိ ကမ္ဘာ့ အဆင့် နံပါတ် ၁၅ သတ်မှတ်ခံထားရပြီး ဒီနှစ် အတွင်းမှာ တစ်ပွဲ မရှုံးသေးတဲ့ အသင်းပါ။

နည်းပြက လူဝီ ဗန်ဂေါလ် ဖြစ်ပြီး အတွေ့အကြုံ မသေးလှတဲ့ နည်းပြပါ။

လူငယ် ခြေတက် တော်တော်များများကို ပွဲထုတ်လာတဲ့ အသင်းဖြစ်သလို ခြေစစ်ပွဲတွေမှာ ၁၀ ပွဲကစား ၉ ပွဲနိုင်၊ ၁ ပွဲ သရေနဲ့ ၃၄ ဂိုး သွင်းထားပါတယ်။

ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ၁၉၇၄၊ ၁၉၇၈ နဲ့ ၂၀၁၀ တို့မှာ ၃ ကြိမ် တက်ခဲ့ပေမယ့် အမြင့်ဆုံး ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဗန်ပါစီ၊ ရော်ဘင်၊ စနိုက်ဒါ၊ ဗန်ဒါဗတ် တို့ ခြေစွမ်းတွေနဲ့ တိုက်စစ်မှာတော့ လျှော့မတွက် နိုင်တဲ့ အသင်းပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အတွက် မကျေပွဲအဖြစ် စပိန်အသင်းနဲ့ ဇွန် ၁၃ ရက်မှာ ဖွန်တေ နိုဗာကွင်းမှာ ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

ချီလီ

ဓာတ်ပုံ မူပိုင် AP
Image caption ချီလီအသင်း

ချီလီ အသင်းကတော့ ကြည့်ကောင်းသလောက် ကစားရ ခက်တဲ့ အသင်းလို့ ဆိုကြပါတယ်။ ကမ္ဘာ့ အဆင့် ၁၃ ဖြစ်ပါတယ်။

စောင့်ကြည့်ရမယ့် သူကတော့ ဘာစီလိုနာမှာ ကစားနေတဲ့ အလက်ဆီ ဆန်ချေ့စ် ပဲ ဖြစ်ပါတယ်။ အလယ်တန်းက အာတူရို ဗီဒါးလ်ဟာလည်း ခြေတွေ့ပြီဆိုရင် အင်မတန် ကောင်းတဲ့ ကစား သမား ဖြစ်ပါတယ်။

နည်းပြ ဟော်ဟေး ဆမ်ပါယိုလီက ချီလီကို ခြေစစ်ပွဲ အောင်မြင်ဖို့ စွမ်းဆောင်ပေးခဲ့ပေမယ့် စပိန်နဲ့ ဟော်လန်ကို ကျော်ဖြတ်နိုင်ဖို့ကတော့ အတော်လေး ကြိုစားရမှာပါ။

သြစတြေးလျ

ဓာတ်ပုံ မူပိုင် Reuters
Image caption သြစတြေးလျအသင်း

နောက်တစ်သင်း ဖြစ်တဲ့ သြစတြေးလျ ကတော့ ကမ္ဘာ့အဆင့် ၅၉ ဖြစ်ပြီး နည်းပြသစ် အန်ဂါ ပို့စ်တဲကော့ဂလူ ကိုင်တွယ်မှာ ဖြစ်ပါတယ်။

သြစတြေးလျ အသင်းမှာ စောင့်ကြည့်ရမယ့် ကစားသမားကတော့ မိုင်းလ် ယာဒီနက်ခ် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ