၂၀၁၄ ကမ္ဘာ့ဖလား အုပ်စု H အနေအထား

ဓာတ်ပုံ ရင်းမြစ်, b
အုပ်စု H မှာ ဘယ်လ်ဂျီယံ၊ တောင်ကိုရီးယား ၊ ရုရှားနဲ့ အဲလ်ဂျီးရီးယား အသင်းတွေ ပါဝင်
ကမ္ဘာ့ဖလားရဲ့ အုပ်စု H မှာတော့ ဘလ်ဂျီယံ၊ တောင်ကိုရီးယား ၊ ရုရှားနဲ့ အဲလ်ဂျီးရီးယား အသင်းတွေ ပါပါတယ်။
ဘယ်လ်ဂျီယံ
ဓာတ်ပုံ ရင်းမြစ်, AP
လက်ရှိ ကမ္ဘာ့အဆင့် ၁၁ ဘယ်လ်ဂျီယံအသင်း။
အရင်ဆုံး ဘယ်လ်ဂျီယံ အသင်းကို ကြည့်မယ်ဆိုရင် ၄-၂-၃-၁ ကို အခြေခံပြီး အဲဒီအပေါ်မှာ အပေးအယူ ကျစ်ကျစ်လစ်လစ်နဲ့ အပြင်းစား တိုက်စစ်ဆင် ကစားတတ်တဲ့ အသင်းဖြစ်ပါတယ်။
အလယ်တန်း တိုက်စစ်သမား ၃ ယောက် နေရာ အပြောင်းအလဲ လုပ်ပြီး ကစားတတ်တာကြောင့် သူတို့ကို လူကပ်ကစားဖို့ မလွယ်ပါဘူး။
အလုံးအထည် ကောင်းတဲ့ ကစားသမားတွေ ပါတဲ့အတွက် သူတို့ကို အကြမ်းနည်းနဲ့ ကစားလည်း ဖြုံမယ့် အသင်းမဟုတ်ပါဘူး။
လက်ရှိ ကမ္ဘာ့အဆင့် ၁၁ မှာ ရှိနေပြီး စောင့်ကြည့်ရမယ့် ကစားသမားကတော့ အေဒင် ဟာ့ဇတ် ဖြစ်ပါတယ်။
နည်းပြကတော့ တချိန်က ဘယ်လ်ဂျီယံရဲ့ နာမည်ကျော် မာ့ခ် ဝေးလ်မော့တ်စ် ဖြစ်ပါတယ်။
သူတို့အသင်းမှာ အားနည်းချက် ရှိနိုင်တာ ဆိုလို့ အသင်းရဲ့ ပွဲထွက် ကစားသမားတွေထဲက တချို့ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း သူတို့ရဲ့ ကလပ်အသင်းတွေမှာ ပွဲများများ မကန်ခဲ့ရတာပဲ ရှိပါတယ်။
ကမ္ဘာ့ဖလားကို ၁၉၈၂ ကနေ ၂၀၀၂ အထိ ၆ ကြိမ်ဆက်တိုက် ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့တဲ့ အသင်းဖြစ်ပြီး ၁၉၈၆ ခုနှစ်က စတုတ္ထ ရခဲ့ပါတယ်။
ရုရှား
ဓာတ်ပုံ ရင်းမြစ်, AP
လက်ရှိ ကမ္ဘာ့အဆင့် ၁၉ ရုရှားအသင်း
ရုရှား အသင်းကို ကြည့်မယ် ဆိုရင် လက်ရှိ ကမ္ဘာ့ အဆင့် ၁၉ မှာ ရှိနေပါတယ်။
နည်းပြကြီးကတော့ အများသိပြီး ဖြစ်တဲ့ ဖာဘီယို ကာပယ်လို ဖြစ်ပါတယ်။ အင်္ဂလန် အသင်းကို ကိုင်ခဲ့တုန်းက သူ့ရဲ့ ပြတ်သားတဲ့ ပုံစံကို သိပ်သဘော မတွေ့ကြပေမယ့် ရုရှားမှာတော့ သူ အလုပ်ဖြစ်နေပါတယ်။
အသင်းကိုလည်း ချန်ပီယံလိဂ်မှာ စီအက်စ်ကေအေ အသင်းနဲ့ နောက်တန်းမှာ ခြေစွမ်းပြခဲ့တဲ့ ဇင်းနစ် စိန့်ပီတားစ်ဘတ်ခ်က အဖွဲ့တွေနဲ့ အမာခံ ဖွဲ့စည်းထားတာပါ။ ဒါကြောင့် ခံစစ်ပိုင်း ကျစ်လစ်ပါတယ်။
စောင့်ကြည့်ရမယ့် သူကတော့ ဂိုးသမား အီဂေါ် အကင်ဖိဗ် ဖြစ်ပြီး သူဟာ ရုရှား အမျိုးသားအသင်းရဲ့ စံချိန်တင် ၁၂ နာရီကြာ ဂိုးမပေးရအောင် ကစားနိုင်ခဲ့တဲ့ ဂိုး သမား ဖြစ်ပါတယ်။
အယ်လ်ဂျီးရီးယား
ဓာတ်ပုံ ရင်းမြစ်, Reuters
လက်ရှိ ကမ္ဘာ့အဆင့် ၂၂ အယ်လ်ဂျီးရီးယား အသင်း။
အယ်လ်ဂျီးရီးယား အသင်းကတော့ ကမ္ဘာ့အဆင့် ၂၂ မှာ ရှိနေပါတယ်။
နည်းပြက ဗာဟစ် ဟာလီဟိုဒစ်ချ် ပါ။ ၂၀၁၁ က စကိုင်ခဲ့ပြီး လူဟောင်းထက် မျိုးဆက်သစ်တွေကို ဆွဲတင်ပေးသူ ဖြစ်ပါတယ်။
၁၉၈၂ ကမ္ဘာ့ဖလားမှာ ၂ ပွဲ နိုင်ဖူးတဲ့ ပထမဆုံး အာဖရိက အသင်းဖြစ်ခဲ့ဖူးပါတယ်။
စောင့်ကြည့်ရမယ့် သူကတော့ ၂၄ နှစ် အရွယ် ဆိုဖီယန်း ဖေဟူးလီ ဖြစ်ပြီး အာဆင်နယ် မန်နေဂျာ အာဆင်ဝင်းဂါးကတောင် အင်မတန်ကောင်းတဲ့ ကစားသမားလို့ ချီးမွမ်းခဲ့ရသူ ဖြစ်ပါတယ်။
အသင်းလိုက် အနေနဲ့လည်း ဒီဘရာဇီး ပြိုင်ပွဲမှာ မထင်မှတ်တာတွေ လုပ်ပြနိုင်မယ့် အသင်းဖြစ်တယ်လို့ တချိန်က နာမည်ကျော် မာရာဒိုနာက ဟောကိန်းထုတ်ထားတဲ့ အသင်း ဖြစ်ပါတယ်။
တောင်ကိုရီးယား
ဓာတ်ပုံ ရင်းမြစ်, Reuters
ကမ္ဘာ့အဆင့် ၅၅ တောင်ကိုရီးယား အသင်း။
တောင်ကိုရီးယား အသင်းကတော့ ကမ္ဘာ့ဖလားကို ၈ ကြိမ် ကန်ခဲ့ပြီး ဖြစ်ပါတယ်။
၂၀၀၂ အိမ်ရှင် အဖြစ် ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ စတုတ္ထ ရခဲ့တာက အမြင့်ဆုံး အောင်မြင်မှု ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့အဆင့် ၅၅ ပါ။
နည်းပြကတော့ တောင်ကိုရီးယား စတုတ္ထ ရခဲ့စဉ်က အသင်းခေါင်းဆောင် အဖြစ် ကစားခဲ့သူ ဖြစ်ပြီး ပီလီရဲ့ ကမ္ဘာ့အကောင်းဆုံး သက်ရှိထင်ရှား ဘောလုံးသမား ၁၂၅ ယောက် စာရင်းမှာ ပါခဲ့ဖူးတဲ့ ဟောင်မြောင်ဘို ဖြစ်ပါတယ်။
စောင့်ကြည့်ရမယ့် သူကတော့ ဟမ်းဘတ်ဂ် အသင်းက ပလေးမိတ်ကာ ဆန်ဟျူန် မင်း ဖြစ်ပြီး လူငယ်ခြေတက် တဦးဖြစ်ပါတယ်။