ဇွန် ၁၆ ရက် ကမ္ဘာ့ဖလား သတင်း

ဓာတ်ပုံ မူပိုင် AP
Image caption ပေါ်တူဂီ တိုက်စစ်မှူး ရိုနယ်ဒို ကစားနိုင်မယ်

ဒီနေ့ ၃ ပွဲကစားဖို့ ရှိရာမှာ အရင်ဆုံး ဂျာမနီနဲ့ ပေါ်တူဂီ အသင်းတွေ ကစားကြမှာပါ။

ဒီပွဲမှာ ဒဏ်ရာကြောင့် နားနေရပြီး နောက်ဆုံး ခြေသွေးပွဲကျမှ ပြန်ကစား နိုင်လာတဲ့ ပေါ်တူဂီ အသင်းက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒို ဝင်ကစားနိုင်ဖို့ များပါတယ်။

ဒီလိုဆိုရင်တော့ ဂျာမနီ နောက်တန်းက ဂျာရုမ်း ဘိုတန်း အတော်လေး အလုပ်များဖို့ ရှိပါတယ်။ ဒါကြောင့် ဂျာမနီ နည်းပြ ယော့ကင်မ်လို က နောက်တန်း အလယ်တန်း စွယ်စုံရတဲ့ ဖိလစ် လမ်းကို အလယ်ကို ပို့ပြီး နောက်တန်း ရှေ့ကနေ ကာကစားခိုင်းမယ့် သဘောရှိနေပါတယ်။

ဂျာမနီဟာ နောက်ဆုံး ကမ္ဘာ့ဖလား ၆ ကြိမ်မှာ အဖွင့်ပွဲတိုင်းကို အနိုင်ကစား နိုင်ခဲ့ပါတယ်။

နောက်တစ်ပွဲကတော့ အီရန်နဲ့ နိုင်ဂျီးရီးယားပွဲ ဖြစ်ပါတယ်။ အာရှဇုန်က ခြေစစ်ပွဲတွေမှာ အီရန် အသင်းဟာ ဂိုးအများဆုံး သွင်းနိုင်ခဲ့တဲ့ အသင်းဖြစ်ပြီး ဂိုး ၃၀ သွင်းခဲ့တာပါ။

နိုင်ဂျီးရီးယား ကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ရခဲ့တဲ့ ၃ ဂိုး စလုံးဟာ အလွတ် တည်ကန်ဘောတွေက ရခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး ကစားကြမှာက အမေရိကန်နဲ့ ဂါနာတို့ ဖြစ်ပါတယ်။ သူတို့ ၂ သင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၂ ကြိမ်မှာလည်း တွေ့ခဲ့ကြဖူးပြီး ၂ ကြိမ်စလုံး ဂါနာကပဲ ၂ ဂိုး ၁ ဂိုး နဲ့ နိုင်ထားပါတယ်။

အမေရိကန် ကစားခဲ့တဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပွဲ ၂၃ ပွဲမှာ ဂိုးမပေးရတာ ၂ ပွဲပဲ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ