ဇွန် ၁၉ ရက် အုပ်စုပွဲစဉ်တွေ အနေအထား

ဓာတ်ပုံ မူပိုင် Reuters
Image caption ခြေစွမ်းပြဖို့ လိုနေတဲ့ ဝိန်း ရူနီ

ဒီနေ့ ပထမဆုံး ကန်မယ့် ပွဲကတော့ အုပ်စု C က ကိုလံဘီယာနဲ့ အိုင်ဗရီကို့စ် တို့ပွဲ ဖြစ်ပါတယ်။

ဒီပွဲမှာ ကိုလံဘီယာဟာ ဂရိနဲ့ ပွဲမှာ ကစားခဲ့တဲ့ Line-up နဲ့ပဲ ထွက်လာမယ့် သဘောရှိပါတယ်။

အိုင်ဗရီကို့စ် နည်းပြကတော့ တိုက်စစ်မှူး ဒရော့ဘာနဲ့ ပွဲထွက်ဖို့ ဆုံးဖြတ်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။

ဒုတိယ ပွဲကတော့ အုပ်စု D က ဥရုဂွေးနဲ့ အင်္ဂလန်တို့ပွဲ ဖြစ်ပါတယ်။

ဥရုဂွေး တိုက်စစ်မှူး လူဝဇ် ဆွာရက်ဇ် ဒူးခွဲစိတ် ခံထားရပြီးနောက်မှာ ပြန်လည် ကြံ့ခိုင်လာနေပြီ ဖြစ်လို့ ဒီပွဲမှာ ပွဲထွက် ကစားနိုင်ဖို့ အခြေအနေ ကောင်းနေပါတယ်။

ညာနောက်ခံ မက်ဆီ ပရဲရားကတော့ ကော်စတာ ရီကာနဲ့ ပွဲမှာ အထုတ်ခံခဲ့ရလို့ သူ့နေရာမှာ ဟိုဟေး ဖူစီလီ ဝင်ကစားနိုင်ပါတယ်။

အင်္ဂလန် အသင်းမှာတော့ ဝိန်းရူနီ တယောက် ကမ္ဘာ့ဖလား ပွဲတွေမှာ ဂိုး မသွင်းနိုင်တာ ၉ ပွဲ ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် သူ့ကို ဆက်ပြီး ပွဲထွက် ကစားသမား နေရာမှာ ပေးကစားမလား ဆိုတာ စောင့်ကြည့်ရမှာပါ။

ဒဏ်ရာကြောင့် အီတလီနဲ့ ပွဲမှာ မကစားနိုင်ခဲ့တဲ့ အဲလ်က်စ် အောက်စလိတ် ချိန်ဘာလိန် ကတော့ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပြီ ဖြစ်ပေမယ့် ပွဲကစား နိုင်ဖို့တော့ မသေချာသေးပါဘူး။

နောက်ဆုံး ကစားမယ့် အုပ်စု C က ဂျပန်နဲ့ ဂရိတို့ ပွဲမှာတော့ ဂျပန်က တိုက်စစ်မှူး ယုယ အိုဆာကို အစား ယိုရှီဘို အိုကူဘို ကို ထည့်ကစားနိုင်ပါတယ်။

ဂရိကလည်း ပြီးခဲ့တဲ့ ပွဲမှာ ခြေစွမ်း မပြနိုင်ခဲ့တဲ့ ဘယ်နောက်ခံ အိုလေဘတ်စ် နေရာမှာ ဂျော်ဂျီယော့စ် ဇာဘဲလပ်စ် နဲ့ အစားထိုးနိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ