အင်္ဂလန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်ရဖို့ နီးလာ

ဓာတ်ပုံ မူပိုင် AFP
Image caption အင်္ဂလန်အသင်း ဥရုဂွေးကို ပြန်ချေပနိုင်ဖို့ကြိုးစား

မနေ့က အုပ်စုဒီက အင်္ဂလန်နဲ့ ဥရုဂွေးတို့ ကစားခဲ့ကြရာမှာ ဥရုဂွေးက ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

၂ သင်းစလုံး ပထမပွဲ ရှုံးထားတဲ့အသင်းတွေ ဖြစ်လို့ ဒီပွဲအနိုင်ရမှသာ နောက်တဆင့်တက်နိုင်မှာကြောင့် ကြိုးစားကစားခဲ့ကြပါတယ်။

ဥရုဂွေးအတွက် ၂ ဂိုးကို ဒူးဒဏ်ရာခွဲစိတ်ခံထားရတဲ့ ဆွာရက်ကချည်း ၃၉ နဲ့ ၈၄ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပြီး အင်္ဂလန်အသင်းအတွက် ဂိုးကို ဝိန်းရူနီက ၇၅ မိနစ်မှာ သွင်းယူခဲ့တာပါ။ အင်္ဂလန်အသင်းရှုံးရတာနဲ့ပတ်သက်လို့ အားကစား ကလောင်ရှင် ကိုဇော်မျိုးသန့်က နည်းပြရဲ့ လူရွေးချယ်ပုံကို ဝေဖန်ခဲ့ပြီး ဥရုဂွေးအသင်းရဲ့ ခြေဟာ အကောင်းကြီးမဟုတ်တာကြောင့် အင်္ဂလန်အသင်း ရှုံးရတာဟာ ကစားကွက် ဖန်တီးနိုင်စွမ်းမရှိတာ၊ ဂိုးသွင်းနိုင်သူမရှိတာတွေကြောင့်လို့ သုံးသပ်ခဲ့ပါတယ်။

အင်္ဂလန်မန်နေဂျာ ရွိုင်ဟော့ဆန်ကတော့ သူ့အနေနဲ့ မျှော်လင့်ချက်အများကြီးထားခဲ့ပေမယ့် ဖြစ်မလာခဲ့လို့ အကြီးအကျယ်စိတ်မကောင်းဖြစ်ရပါတယ်လို့ ပြောခဲ့ပါတယ်။

အုပ်စုဒီမှာ ကော့စတာရီကာ အီတလီနဲ့ ဥရုဂွေးတို့ ၃ မှတ်စီရနေကြပြီး အင်္ဂလန်ကတော့ ကော့စတာရီကာနဲ့ ကစားဖို့ တပွဲပဲကျန်ပါတော့တယ်။

ဒါကြောင့် ပြိုင်ပွဲကထွက်ရဖို့အတော်နီးစပ်နေပြီလို့ ပြောနိုင်ပါတယ်။

မနေ့က ကစားခဲ့တဲ့ အုပ်စု စီက ကိုလံဘီယာနဲ့ အိုင်ဗရီကို့စ်တို့ကစားခဲ့ကြတဲ့ပွဲမှာ ကိုလံဘီယာက ၂ ဂိုး ၁ ဂိုးနဲ့ နိုင်လို့ ကိုလံဘီယာအသင်း ၂ပွဲနိုင် ၆မှတ်နဲ့ နောက်တဆင့်တက်ဖို့ သေချာသွားပါပြီ။

အိုင်ဗရီကိုစ့်ကတော့ ၁ပွဲနိုင်၁ပွဲရှုံးနဲ့ ၃ မှတ်နဲ့ အုပ်စုဒုတိယနေရာမှာရှိနေပါတယ်။

အုပ်စုစီက ဂျပန်နဲ့ဂရိတို့ကတော့ ဂိုးမရှိသရေ ဖြစ်သွားပါတယ်။