အီတလီရှုံးတာဟာ အင်္ဂလန်အသင်း ထွက်ရတာ

costa_rica_italia_pinto ဓာတ်ပုံ မူပိုင် ap
Image caption ကော့စတာရီကာ အောင်ပွဲခံ

၂၀ ရက် ဂျွန်လ၊ သောကြာနေ့က ကစားသွားကြတဲ့ အုပ်စု D ပွဲစဉ်မှာ၊ နာမည်ကြီး အီတလီ အသင်းကို၊ ကော့စတာရီကာ က ၁-၀ နဲ့ အနိုင် ရ သွားပါတယ်။

အီတလီရဲ့ ကစားပုံ အလွန် ညံ့ခဲ့ပြီး၊ ကော့စတာရီကာ ကတော့၊ အရှေ့တန်း အလယ်တန်း အနောက်တန်း၊ အားလုံး၊ အပေးအယူ အချိတ်အဆက် ကောင်းမွန်စွာနဲ့ အံ့မခန်း ကစားသွားခဲ့တယ် ဆိုပြီး၊ ပရီးမီးယားလိဂ် ကစားသမားဟောင်း ရောဘီ ဆဲ့ဗေ့ချ်က သုံးသပ်ခဲ့ပါတယ်။

ဒီလို အီတလီ အသင်း ရှုံးနိမ့် သွားတာဟာ၊ အင်္ဂလန်အသင်း အခု ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ၊ အုပ်စု အဆင့်မှာတင်၊ ထွက်ရပြီ ဆိုတာ၊ သေချာ သွားစေခဲ့ပါတယ်။ ကော့စတာရီကာ အသင်းဟာ၊ ပထမ ပွဲ တုန်းကလည်း၊ ဥရုဂွေးကို အနိုင်ကန်ထားတာမို့၊ ၆ မှတ်နဲ့ အုပ်စု D မှာ ဦးဆောင် နေပါတယ်။

အုပ်စု E ထဲက ပြင်သစ်နဲ့ ဆွစ်ဇလန် ပွဲမှာတော့၊ ပြင်သစ်က ၅ ဂိုးပြတ်နဲ့ ဦးဆောင်နေရာက၊ မိနစ် ၈၀ ကျော်မှ၊ ဆွစ်ဇလန်က ချေပဂိုး ၂ ဂိုး ပြန်လည် သွင်းယူခဲ့လို့၊ ပြင်သစ်က ၅ ဂိုး ၂ ဂိုးနဲ့ နိုင်သွားပါတယ်။

ပြင်သစ် အသင်းက ဘဲန်ဇီးမား ဒီပွဲမှာလည်း ၁ ဂိုး သွင်းယူနိုင်တာကြောင့်၊ အခု ကမ္ဘာ့ဖလားပွဲမှာ လက်ရှိ ၃ ဂိုး သွင်း ထားနိုင်ပြီ ဖြစ်ပါတယ်။

အုပ်စု E ရဲ့ နောက်ထပ် ပွဲစဉ် မှာတော့ အီကွေဒေါ က ဟွန်းဒူးရပ်စ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ဒီနေ့ ၂၁ ရက် ဂျွန်လ၊ စနေနေ့မှာ အာဂျင်တီးနားနဲ့ အီရန်၊ နိုင်ဂျီးရီးယားနဲ့ ဘော့စနီးယား ဟာဇီဂိုဗီးနား၊ ဂျာမဏီနဲ့ ဂါနာတို့ ကစားကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ