အင်္ဂလန် နဲ့ အီတလီ အုပ်စုက ထွက်ရပြီ

England-Costa Rica ဓာတ်ပုံ မူပိုင် Reuters
Image caption စတားရစ်ချ်လည်း ဂိုးပေါက်လွဲ

ဒီကနေ့ ကစားသွားတဲ့ ကမ္ဘာ့ဖလား အုပ်စု (D) ပွဲစဉ်မှာ အင်္ဂလန် နဲ့ ကော့စတာရီကာတို့ ဂိုးမရှိ သရေကျခဲ့ပါတယ်။

ဘယ်လိုအဖြေပဲ ထွက်ထွက် အင်္ဂလန်အနေနဲ့ အုပ်စုက ထွက်ရပြီမို့ လူငယ်လူသစ်တွေ အများစုကို ပွဲထုတ်ကစားပါတယ်။

တိုက်စစ်မှူး စတားရစ်ချ်က ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် ဂိုး မဝင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ လူစားဝင်ကစားတဲ့ ဝိန်းရူနီ သွင်းတဲ့ ဂိုးလည်း မဝင်ခဲ့လို့ အင်္ဂလန် ဂိုးမရပဲ ပွဲ သိမ်းခဲ့တာ ဖြစ်ပါတယ်။

အုပ်စု (D) ပွဲတွေ အားလုံးပြီးသွားပြီမို့ ကော့စတာရီကာက ၂ ပွဲနိုင် ၁ ပွဲသရေ ၇ မှတ်နဲ့ အုပ်စု ပထမ၊ နောက် ဒီနေ့ကစားတဲ့ ပွဲမှာ အီတလီကို အနိုင်ရလိုက်တဲ့ ဥရုဂွေးက ၆ မှတ်နဲ့ အုပ်စု ဒုတိယရပြီး ရှုံးထွက်ပွဲတွေကို တက်သွားပါတယ်။

အီတလီနဲ့ အင်္ဂလန်ကတော့ အုပ်စုကပဲ ထွက်ခဲ့ကြရပြီဖြစ်ပါတယ်။ အင်္ဂ်လန်ဟာ ၂ ပွဲရှုံး ၁ ပွဲ သရေနဲ့ ၁ မှတ်ပဲ ရပြီး အုပ်စုက ထွက်ခဲ့ရတာပါ။

ဓာတ်ပုံ မူပိုင် Getty
Image caption ကပ္ပတိန် ဂေါ်ဒင်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ရှုံးထွက်ပွဲ တက်

အုပ်စု (D) ရဲ့ နောက်ပွဲစဉ်မှာ ဥရုဂွေးက အီတလီကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်။ ထောင့်ကန်ဘောကတဆင့် ဥရုဂွေး ကပ္ပတိန် ဒီယေဂို ဂေါ်ဒင်က ခေါင်းတိုက်သွင်းယူခဲ့တာပါ။

ဒါပေမယ့် ဒီပွဲမှာ ပြောစမှတ်ဖြစ်စရာ အဖြစ်တခုကတော့ ဥရုဂွေးတိုက်စစ်မှူး လူဝစ် ဆွာရက်စ်က ဘောလုံးလုရင်း အီတလီ နောက်ခံလူ Giorgio Chiellini ရဲ့ ပုခုံးကို ကိုက်လိုက်တဲ့ ပုံမျိုး တွေ့ခဲ့ရတာပါ။ Chiellini က သူ့ ပုခုံးကို လှန်ပြရင်း ဒိုင်ကို တိုင်ကြားခဲ့ပေမယ့် ဒိုင်က မတွေ့လိုက်လို့ ဆွာရက်စ်ကို အရေးယူတာ မလုပ်ခဲ့ပါဘူး။

ကမ္ဘာ့ဖလား ချန်ပီယံ လေးကြိမ် ဖြစ်ဖူးတဲ့ နာမည်ကြီး အီတလီ အုပ်စုကတင် ထွက်ရတာမို့ မန်နေဂျာ Cesare Prandelli က သူ နှုတ်ထွက်မယ်လို့ ပွဲအပြီးမှာ ကြေငြာလိုက်ပါတယ်။

အုပ်စု (C)

ဓာတ်ပုံ မူပိုင် Getty
Image caption အတွေ့အကြုံအရ ဂျပန် ကိုလံဘီယာကို မယှဉ်နိုင်

အုပ်စု စီ ပွဲတွေမှာတော့ ကိုလံဘီယာက ဂျပန် ကို ၄ ဂိုး ၁ ဂိုးနဲ့ နိုင်ပါတယ်၊ ပထမပိုင်းမှာ ၁ ဂိုး စီသရေ ဖြစ်နေပြီး ဒုတ်ယပိုင်းမှာတော့ ဂျပန် ကိုလံဘီယာခြေကို မယှဉ်နိုင်တော့ပါဘူး။

နောက်တပွဲမှာတော့ ဂရိ က အိုင်ဗရီကို့စ် ကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်သွားပါတယ်၊ ၁ ဂိုး စီ သရေ ဖြစ်နေရာက နာကျင်အချိန်ပိုမှာ ဂရိ ပင်နယ်တီရသွားတာပါ။ ဒါကြောင့် ဒီအုပ်စုမှာ ကိုလံဘီယာနဲ့ ဂရိ ရှုံးထွက်တက်ပြီး ဂျပန်နဲ့ အိုင်ဗရိကို့စ် ထွက်ရပါပြီ။

ရှုံးထွက်ပွဲမှာတော့ အုပ်စု စီ ဗိုလ် ကိုလံဘီယာက အုပ်စု ဒီ ဒုတိယ ဉရုဂွေးနဲ့၊ အုပ်စု စီ ဒုတိယ ဂရိက အုပ်စု ဒီ ဗိုလ် ကော့စတာရီကာနဲ့ ကစားရမှာ ဖြစ်ပါတယ်။