ကွာတားဖိုင်နယ်မှာ ဘယ်အသင်းတွေ တွေ့ကြမလဲ

ဓာတ်ပုံ မူပိုင် AFP
Image caption ဘရာဇီးနဲ့ ကိုလံဘီယာ တွေ့မယ်။ ကိုလံဘီယာက ဂျမ်းစ် ရော့ဒရီဂက်ဇ် (ဝဲ) နဲ့ ဘရာဇီးက နေမာ

၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေ ပြီးစီးသွားလို့ အနိုင်ရခဲ့ကြတဲ့ အသင်း ၈ သင်း ဖြစ်တဲ့ ဘရာဇီး၊ အာဂျင်တီးနား၊ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ်၊ ကိုလံဘီယာ၊ ဘယ်လ်ဂျီယံ၊ ကော်စတာရီကာ အသင်းတွေ ကွာတား ဖိုင်နယ်ကို တက်သွားကြပါပြီ။

ကွာတားဖိုင်နယ် ပွဲစဉ်တွေကို လာမယ့် ဇူလိုင် ၄ ရက် နဲ့ ၅ ရက်နေ့တွေမှာ ကစားကြမှာ ဖြစ်ပြီး ပထမနေ့ သောကြာနေ့မှာ ပြင်သစ်နဲ့ ဂျာမနီ၊ ဘရာဇီးနဲ့ ကိုလံဘီယာတို့ ကစားကြမှာ ဖြစ်ပါတယ်။

ဒုတိယနေ့ စနေနေ့မှာတော့ အာဂျင်တီးနားနဲ့ ဘယ်လ်ဂျီယံ၊ အဲဒီနောက် နယ်သာလန်နဲ့ ကော်စတာရီကာ အသင်းတွေ ကစားကြမှာ ဖြစ်ပါတယ်။

သောကြာနေ့မှာ ကိုလံဘီယာ အသင်းနဲ့ ကစားရမယ့် အိမ်ရှင် ဘရာဇီး အသင်းကို စိတ်ဓာတ် မြှင့်တင်ပေးဖို့အတွက် စိတ်ပိုင်းဆိုင်ရာ အကြံပေး ပညာရှင်ကို ဘရာဇီး နည်းပြ လူးဝစ္စ ဖလိပေး စကိုလာရီက ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။

နောက်ဆုံး ၁၆ သင်းအဆင့် ရှုံးထွက် ပြိုင်ပွဲမှာ တောင့်တင်းတဲ့ ချီလီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ နိုင်ခဲ့ပြီးနောက် ဘရာဇီး ကစားသမား တချို့ မျက်ရည်ကျတဲ့အထိ စိတ်လှုပ်ရှားခဲ့ကြရလို့ အခုလို စိတ်ပိုင်းဆိုင်ရာ ပညာရှင်ကို ခေါ်လိုက်တာပါ။

ဘရာဇီးရဲ့ တိုက်စစ်မှူး နေမာကတော့ ဒူးနဲ့ ပေါင်ဒဏ်ရာတွေ ကနေ သက်သာလာပြီ ဖြစ်လို့ ကိုလံဘီယာနဲ့ ပွဲမှာ ကစားနိုင်မယ်လို့ ဆိုပါတယ်။

စနေနေ့မှာ နယ်သာလန် အသင်းနဲ့ ကစားရမယ့် ကော်စတာရီကာရဲ့ နည်းပြကတော့ သူ့အသင်းဟာ ပင်နယ်တီ ကန်တာကို သေချာ လေ့ကျင့်ထားတယ်လို့ ပြောပါတယ်။

ဂရိကို ပင်နယ်တီနဲ့ နိုင်ခဲ့တဲ့ ပွဲမှာ လက်စွမ်းပြခဲ့တဲ့ ဂိုးသမား နားဗတ်စ်ကတော့ ပုခုံး ဒဏ်ရာ ရထားပေမယ့် စနေနေ့ ပွဲမှာ ဝင်ကစားနိုင်ဖို့ များပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ