ယူရို ၂၀၁၆ သမိုင်းကြောင်း

euro france ဓာတ်ပုံ မူပိုင် Reuters
Image caption ယူရို ၂ဝ၁၆ ဗိုလ်လုပွဲတွေ ကျင်းပမယ့် ပြင်သစ် ကွင်း

ယူရို ၂၀၁၆ ယူရိုပီယံ ချန်ပီယံရှစ် လို့ခေါ်တဲ့ ဥရောပဖလား ပြိုင်ပွဲကို ပြင်သစ်နိုင်ငံမှာ ဇွန်လ ၁ဝ ရက်နေ့ ညပိုင်း မြန်မာစံတော်ချိန် ၁၁ ရက်နေ့ မနက် ၁ နာရီခွဲမှာ ကျင်းပတော့မှာပါ။

ယူရို ပြိုင်ပွဲရဲ့ သမိုင်းကြောင်းကို ပြောရရင် ယူရိုဘောလုံးပြိုင်ပွဲလို့ ခေါ်တဲ့ UEFA European Nations Cup ပြိုင်ပွဲကို ၁၉၆ဝ မှာ စတင်ကျင်းပခဲ့ပါတယ်။

ပြင်သစ်နိုင်ငံက ပထမဆုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခဲ့တာပါ။ အိမ်ရှင် ပြင်သစ်၊ ဆိုဗီယက်ယူနီယံ၊ ယူဂိုဆလားဗီးယားနဲ့ ချက်ကိုစလိုဗားကီးယားတို့ ၄ သင်း ယှဉ်ပြိုင်ခဲ့ပါတယ်။

ဆိုဗီယက် ယူနီယံက ယူဂိုဆလားဗီးယားကို ၂ဂိုး -၁ ဂိုးနဲ့နိုင်ပြီး ယူရိုပြိုင်ပွဲရဲ့ ပထမဆုံး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

နောက် ၄နှစ်အကြာ စပိန်မှာကျင်းပပြီး စပိန် ချန်ပီယံ ဖြစ်ပါတယ်။

နောက် ၁၉၆၈ ခုနှစ် ပြိုင်ပွဲ ကျတော့ UEFA European Championship အမည်နဲ့ အီတလီမှာ ကျင်းပပြီး အီတလီ ချန်ပီယံ ဖြစ်လာတယ်။

ဒီလိုနဲ့ ၄ နှစ်ခြား တစ်ကြိမ် ကျင်းပလာခဲ့တာ အခု ၁၅ ကြိမ်ကိုရောက်လာပါပြီ။

ကျင်းပခဲ့တဲ့ ၁၄ ကြိမ်မှာ နိုင်ငံ ၈ နိုင်ငံက ချန်ပီယံ ဖြစ်ခဲ့ကြပြီး အဲ့ဒီထဲမှာ ဂျာမနီ(အရင်တုန်းက အနောက်ဂျာမနီ အမည်နဲ့ ၂ ကြိမ် ၊ ဂျာမနီအမည်နဲ့တကြိမ်)၊ စပိန်က ၃ ကြိမ် အကြိမ်အများဆုံး ဗိုလ်စွဲထားကြတယ်။

လက်ရှိ ယူရို၂၀၁၆ ရဲ့ အိမ်ရှင် ပြင်သစ်က ၁၉၈၄ နဲ့ ၂၀၀ဝ မှာ ၂ ကြိမ် ဗိုလ်စွဲထားတယ်။

နောက် ဆိုဗီယက်ယူနီယံ၊ အီတလီ၊ ချက်ကို စလိုဗားကီးယား၊ နယ်သာလန်၊ ဒိန်းမတ်၊ ဂရိတို့က တကြိမ်စီ ဗိုလ်စွဲ ထားကြတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရော်နယ်လ်ဒို က စုစုပေါင်း၂၆ ဂိုး သွင်း
“တစ်ဦးချင်း အခြားစံချိန်များ”

အိမ်ရှင် ပြင်သစ်အသင်းရဲ့ ဂန္ထဝင်ကစားသမား မီရှယ်ပလာတီနီက ၁၉၈၄ ပြိုင်ပွဲတုန်းက ၉ ဂိုးနဲ့ ဂိုးအများဆုံး သွင်းခဲ့ဖူးတယ်။ သူ့ရဲ့ စံချိန်ကို အခုအချိန်အထိ ဘယ်ကစားသမားမှ မချိုးနိုင်သေးဘူး။

ယူရိုပြိုင်ပွဲနဲ့ ခြေစစ်ပွဲတလျောက်မှာ ဂိုးအများဆုံး သွင်းသူက ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်လ်ဒို ဖြစ်ပြီး သူက စုစုပေါင်း၂၆ ဂိုး သွင်းထားပါတယ်။

နောက် ယူရိုခြေစစ်ပွဲ တွေမှာတော့ အိုင်ယာလန်အသင်း ခေါင်းဆောင် ရော်ဘီကင်းက၂၃ ဂိုးနဲ့ အများဆုံးသွင်းထားတယ်။

ပြိုင်ပွဲ တခုစီရဲ့ ခြေစစ်ပွဲ တွေမှာ အများဆုံး သွင်းထားတာက ပိုလန်က ဘိုင်ယန်တိုက်စစ်မှူး ရော်ဘတ်လီဝန်ဒေါ်စကီးနဲ့ မြောက်အိုင်ယာလန်က ဒေးဗစ်ဟေလီတို့ ဖြစ်ကြပြီး သူတို့ နှစ်ယောက်က ၁၃ ဂိုးစီနဲ့ အများဆုံး သွင်းထားကြတာ ဖြစ်ပါတယ်။

လီဝန်ဒေါ်စကီးက ဒီနှစ်ခြေစစ်ပွဲမှာ သွင်းခဲ့ပြီး ဒေးဗစ်ဟေလီက ၂၀၀၈ ခုနှစ်တုန်းက သွင်းခဲ့တာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ