နိုင်ငံတကာရာဇဝတ်တရားရုံး

  1. စစ်ကောင်စီ ပြဋ္ဌာန်းလိုက်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ပုဒ်မတွေ

    ပြည်တွင်းမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ကိုင်တွယ်ဆောင်ရွက်တာတွေ ရှိနေပြီဆိုတဲ့အကြောင်း နိုင်ငံတကာကို ပြသဖို့နဲ့ စစ်ကောင်စီတပ်တွေကို ဆန့်ကျင်သူတွေအပေါ် ဖိနှိပ်အရေးယူဖို့ သက်သက်သာ ဖြစ်တယ်လို့ ဥပဒေ ပညာရှင်တွေက သုံးသပ်ကြပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  2. စစ်ကောင်စီကို ICC ရှေ့မှောက် ဘယ်လို အရောက်ပို့နိုင်မလဲ၊ CRPH ဥပဒေပိုင်းဆိုင်ရာ ချည်းကပ်နေ

    ICC
    Image caption: ရောမသဘောတူမှုပါ အပိုဒ် ၁၂၊ အပိုဒ်ခွဲ ၃ကို CRPH က အသေးစိတ် လေ့လာနေ

    စစ်ကောင်စီကျုးလွန်နေတာတွေကို အပြစ်ပေး အရေးယူနိုင်ရေး အတွက် လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က နည်းလမ်း အမျိုးမျိုးသုံးပြီး ကြိုးစားလုပ်ဆောင် နေတာမှာ၊နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC မှာ အမှု တင်နိုင်ရေးလည်း ပါ၀င်တယ်လို့နယူးယောက် အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောပါတယ်။

    အမေရိကန်၊ ကိုလံဘီယာတက္ကသိုလ်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လေ့လာရေးဌာနမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အဲဒီလို ပြောခဲ့တာပါ။

    မြန်မာနိုင်ငံဟာ ICC အဖွဲ့၀င်နိုင်ငံ မဟုတ်ပေမယ့်၊ မြန်မာအရေးကို ဘယ်လိုနည်းနဲ့ အမှုတင်နိုင်မလဲဆိုတာ ရှာဖွေနေတယ်လို့ ဆိုပါတယ်။

    ICC ခုံရုံးဖွဲ့စည်းထားရှိဖို့ နိုင်ငံပေါင်း ၁၂၀ ကျော် ပဋိဉာဉ်ခံထားတဲ့ “ရောမသဘောတူမှု” ပါ အပိုဒ် ၁၂၊ အပိုဒ်ခွဲ ၃ကို CRPH က အသေးစိတ် လေ့လာနေတယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

    အဲဒီမှာ ဖော်ပြထားချက်တွေအရ၊ မြန်မာအနေနဲ့ ICC ရဲ့ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်း ရုံးတော်ထံပါး ကြေညာလျှောက်ထားနိုင်တယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

    CRPH အနေနဲ့ အဲဒီလို လျှောက်ထားလို့ ICC က လက်ခံလိုက်ပြီ ဆိုရင်၊ CRPH ကို မြန်မာပြည်ရဲ့ တရား၀င် အစိုးရ အနေနဲ့ အသိအမှတ်ပြုတဲ့ အဓိပ္ပာယ်မျိုးထိ သက်ရောက်နိုင်ပါတယ်။

    ICC ကို အမှုတင်နိုင်တဲ့ နောက်နည်းလမ်းကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အမှုလွှဲပေးတာ ဖြစ်ပါတယ်။

    ဒါပေမယ့်၊ အများသဘောတူမှုကို ပယ်ချနိုင်တဲ့ ဗီတိုအာဏာပိုင် လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့၀င် ၅ နိုင်ငံထဲမှာ တရုတ်၊ ရုရှားလည်း ပါ၀င်နေတာကြောင့်၊ လုံခြုံရေးကောင်စီကတဆင့် မြန်မာ့အရေး ICC ကို ရောက်ဖို့ မလွယ်လှဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

    ICC
    Image caption: မြန်မာအနေနဲ့ ICC ရဲ့ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်း ရုံးတော်ထံပါး ကြေညာလျှောက်ထားနိုင်
  3. နိုင်ငံတကာတရားစီရင်ပိုင်ခွင့်သုံးပြီး စစ်ကောင်စီကို အရေးယူဖို့ ကုလ လူ့အခွင့်အရေး ပညာရှင်တွေ တိုက်တွန်း

    မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက ပြုမူနေတာတွေဟာ လူသားမျိုးနွယ်ပေါ် ကျုးလွန်တဲ့ ရာဇ၀တ်မှုမျိုးထိ မြောက်နိုင်တယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူ ပညာရှင်တွေ စုပေါင်းပြီး ထုတ်ပြန်ပါတယ်။

    ဒါ့ကြောင့် ကမ္ဘာ့ နိုင်ငံတွေ အနေနဲ့ “Universal Jurisdiction” လို့ ခေါ်တဲ့ “နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်” ကို အသုံးပြုပြီး မြန်မာ အာဏာသိမ်းစစ်ကောင်စီ အပေါ် ဥပဒေအရ အရေးယူကြဖို့ တိုက်တွန်းနေပါတယ်။

    “နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်” ဆိုတာ အမှုက ဘယ်တိုင်းပြည်မှာ ဖြစ်တာလဲ၊ ကျုးလွန်တဲ့သူတွေက ဘယ်နိုင်ငံသားလဲ ဆိုတဲ့ အချက်တွေအပေါ် မူမတည်ပဲ၊ ကြိုက်တဲ့ နိုင်ငံမှာ တရားစွဲပိုင်ခွင့်ရှိတဲ့ “အခြေခံမူ” ဖြစ်ပါတယ်။

    မြန်မာနိုင်ငံထဲမှာ ဒီမိုကရေစီအရေး တောင်းဆိုနေကြတဲ့ ဆန္ဒပြသမားတွေကို အာဏာသိမ်းစစ်ကောင်စီက သတ်ဖြတ်တာ၊ ဥပဒေမဲ့ ဖမ်းဆီးတာ၊ နေအိမ်တွေကနေ အဓမ္မ မောင်းထုတ်နေတာတွေကို လူ့အခွင့်အရေး ပညာရှင်တွေက ရှုတ်ချရင်းမှာပဲ အခုလို နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ အရေးယူကြဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။

    အဲဒီ စုပေါင်း ကြေညာချက်ကို မတ်လ ၁၈ ရက်နေ့ ရက်စွဲနဲ့ ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ သီတင်းတစ်ပတ်အတွင်း စစ်ကောင်စီ လက်ချက်နဲ့ သေဆုံးသူ အနည်းဆုံး ၁၂၁ ယောက်ရှိပြီး၊ လူပေါင်း ၂၄၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ အဲဒီထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

    လူ့အခွင့်အရေး ပညာရှင်တွေ မီးမောင်းထိုး ပြောထားတဲ့ ဖြစ်ရပ်တွေထဲ၊ ရန်ကုန် မလွှကုန်းမီးရထား၀င်းထဲက CDM ၀န်ထမ်းတွေကို သေနတ်ထောက်ပြီး ၀န်ထမ်းအိမ်ယာတွေ ပေါ်က မောင်းချတာ ပါ၀င်ပြီး၊ မြန်မာနိုင်ငံတလွှား အလားတူဖြစ်ရပ်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့တွေ အနေနဲ့ ဆန္ဒပြသမားတွေအပေါ် အကြမ်းဖက်နေတာတွေ အားလုံး ရပ်ပြီး၊ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို လေးစားကြဖို့လည်း ကုလသမဂ္ဂ လူ့ အခွင့်အရေး ပညာရှင်တွေက တိုက်တွန်းထားပါတယ်။

    စစ်ကောင်စီ
    Image caption: ပြီးခဲ့တဲ့ သီတင်းတစ်ပတ်အတွင်း စစ်ကောင်စီ လက်ချက်နဲ့ သေဆုံးသူ အနည်းဆုံး ၁၂၁ ယောက်ရှိ
  4. မြန်မာအရေး အထူးအကြံပေးကောင်စီ တစ်ရပ် ဖွဲ့စည်း

    ဒီနေ့ဟာ ၆၂ တုန်းက စစ်အာဏာသိမ်းတဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

    အနှစ် ၆၀ နီးပါး ကြာခဲ့ချိန် ဒီကနေ့ မြန်မာပြည်မှာ စစ်တပ်ရဲ့ နောက်ကြောင်းပြန် အာဏာသိမ်းမှုနဲ့ ကြုံတွေ့ နေရပြီး ပြည်သူတွေဟာ စစ်အာဏာသိမ်းမှုကို အသက်နဲ့ရင်းပြီး အံတုတော်လှန် နေကြရဆဲ ဖြစ်ပါတယ်။

    စစ်ကောင်စီကို အပြစ်ပေး အရေးယူနိုင်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာလည်း လှုပ်ရှားမှုတွေ တွေ့မြင်နေရပါတယ်။

    မြန်မာအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ကိုယ်စားလှယ်တွေအဖြစ် တာ၀န် အသီးသီး ယူဖူးခဲ့ကြတဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ ပညာရှင် ၃ ယောက် စုပေါင်းပြီး အထူးအကြံပေးကောင်စီ တစ်ရပ် ဖွဲ့စည်းလိုက်ပါတယ်။

    SAC-M လို့ အတိုကောက် ခေါ်တဲ့ မြန်မာအရေး အထူးအကြံပေးကောင်စီမှာ ပါ၀င်သူတွေကတော့ မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဖြစ် တာ၀န်ထမ်းဖူးတဲ့ မစ္စယန်းဟီးလီ၊ ကုလသမဂ္ဂက ဖွဲ့စည်းတဲ့ မြန်မာအရေး အချက်အလက် ရှာဖွေရေး လွတ်လပ်တဲ့ နိုင်ငံတကာ မစ်ရှင်အဖွဲ့ ကို ဦးဆောင်ခဲ့သူ မာဇူကီ ဒါရူစမန်နဲ့အဲဒီအဖွဲ့ရဲ့ အဖွဲ့၀င် တစ်ယောက်ဖြစ်တဲ့ ခရစ်ဆီဒိုတီ တို့ ဖြစ်ပါတယ်။

    -မြန်မာ့ဒီမိုကရေစီနဲ့ ပထဝီနိုင်ငံရေး

    -မမြသွဲ့သွဲ့ခိုင်ကို ပစ်ခတ်ရာမှာ ကျည်အစစ်သုံးခဲ့သလား

    “မြန်မာစစ်တပ်ဟာ ပြည်သူတွေကို ဖိနှိပ်ထားတာ ရာစုနှစ် ထက်၀က်မကကျော်ခဲ့ပြီ။ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက်၊ အပြစ်ပေး အရေးယူ ခံရတာကနေလည်း ကင်းလွတ်နေခဲ့တယ်၊ အခု အာဏာသိမ်းပြန်တဲ့ တုန်လှုပ်စဖွယ် လုပ်ရပ်ကလည်း ၊မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ ပြည်သူတွေရဲ့ သဘောဆန္ဒကို ဘယ်လောက် အရေးမထားလဲ၊ နိုင်ငံတကာ ကျင့်၀တ်တွေကို ဘယ်လောက် ချိုးဖောက်နေလဲ ဆိုတာကို ပြသနေတာပဲ” လို့ မစ္စယန်ဟီးလီက ပြောပါတယ်။

    “လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ အပြစ်ရှိသူတွေကို အရေးယူနိုင်ရေး စတာတွေ အတွက် တိုက်ပွဲ၀င်နေကြတဲ့ မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်မယ်” လို့ မာဇူကီ ဒါရူစမန်ကလည်း ပြောပါတယ်။

    “အပြစ်ရှိသူတွေကို အရေးမယူနိုင်သရွေ့တော့ ၀မ်းနည်းဖွယ် သမိုင်းဖြစ်ရပ်တွေဟာ တကျော့ပြန် လာနေဦးမှာပဲ” လို့၃ ဦးပါ အကြံပေးကောင်စီ၀င် တစ်ယောက်ဖြစ်တဲ့ ခရစ္စ ဆီဒိုတီကလည်း ထောက်ပြပါတယ်။

    ဒီ SCA-M အဖွဲ့က သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို လာမယ့် ကြာသပတေးနေ့၊ မတ်လ ၄ ရက်နေ့မှာ၊ အွန်လိုင်း ဗီဒီယို ကနေ တဆင့် ပြုလုပ်သွားဖို့ ရှိနေပါတယ်။

    ယန်းဟီးလီနဲ့မာဇူကီဒါရူစမန်
    Image caption: ယန်းဟီးလီနဲ့မာဇူကီဒါရူစမန်
  5. စစ်ကောင်စီကို နိုင်ငံတကာ ခုံရုံးတင်မယ်

    သွေးတစ်စက်အတိုင်းအတွက် အပြစ်ပေးနိုင်ရမယ်
    Image caption: သွေးတစ်စက်အတိုင်းအတွက် အပြစ်ပေးနိုင်ရမယ်

    လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူး သံတမန် ဒေါက်တာဆာဆာကစစ်ကောင်စီ အကြမ်းဖက် အဖွဲ့ကို နိုင်ငံတကာ တရားရုံး ရှေ့မှောက် အရောက်ပို့မယ်လို့ ဆိုပါတယ်။

    CRPH ရဲ့ တရား၀င် စာရွက်စာတမ်းတွေကို နိုင်ငံတကာ ဥပဒေ ပါမောက္ခတွေကတဆင့် ICC ရုံးတော်ထံ တင်သွင်းမယ်၊ မြန်မာပြည်သူတွေ အပေါ် ကျုးလွန်တဲ့ အကြမ်းဖက် လုပ်ရပ်တွေ အတွက် ဥပဒေအတိုင်း အရေးယူမယ်၊ ကျခဲ့တဲ့ သွေးတစ်စက်အတိုင်းအတွက် အကြမ်းဖက် အုပ်စုဖြစ်တဲ့ တရားမ၀င် စစ်ကောင်စီကို အပြစ်ပေးနိုင်ရမယ်လို့ ဒေါက်တာဆာဆာက ဆိုပါတယ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် သေဆုံးသူ စုစုပေါင်းအနည်းဆုံး ၂၃ ဦးရှိ

    အာဏာသိမ်းလမ်းကြောင်းကို ရှောင်လွှဲနိုင်သလား

    CRPH ကလည်း စစ်ကောင်စီဟာ အကြမ်းဖက် အုပ်စုပဲ ဆိုပြီး ကြေညာထားပါတယ်။

    စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကြည့်ရင် နိုင်ငံတော် နဲ့ နိုင်ငံသူ နိုင်ငံသားတွေ အပေါ် အကြမ်းဖက် စစ်ကြေညာနေတာပဲလို့လည်း CRPH က ပြောပါတယ်။

    သွေးစွန်းတဲ့ တနင်္ဂနွေနေ့၊ ဖေဖေါ်၀ါရီ ၂၈ ရက်နေ့က စစ်ကောင်စီလက်ချက်နဲ့ သေဆုံးရသူ တနိုင်ငံလုံးအနှံ့ အနည်းဆုံး ၁၈ ယောက် ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အပါအ၀င် စောင့်ကြည့် လေ့လာကြတဲ့ ပြည်တွင်းပြည်ပ လူ့အခွင့်အရေး အဖွဲ့တွေက ပြောကြပါတယ်။

    ဒီမတိုင်ခင် ရက်တွေကတည်းက တနိုင်ငံလုံး အနှံ့ အကြမ်းဖက် ဖြိုခွဲနေခဲ့တာမှာ အတည်ပြုထား နိုင်သမျှ သေဆုံးသူ အရေအတွက် ၈ ဦး ရှိနေပါတယ်။

    စစ်ကောင်စီဟာ အကြမ်းဖက် အုပ်စုပဲ ဆိုပြီး ကြေညာ
    Image caption: စစ်ကောင်စီဟာ အကြမ်းဖက်အုပ်စုပဲဆိုပြီး ကြေညာ
  6. အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ မြန်မာအရေး အထူးအစည်းအ၀ေး ဒီနေ့ကျင်းပဖို့ရှိ

    မြန်မာအရေးနဲ့ ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ အထူး အစည်းအ၀ေး တစ်ရပ်ကို အွန်လိုင်း ဗီဒီယို ကနေတဆင့် ဒီနေ့ ဆွေးနွေးဖို့ ရှိတယ်လို့စင်္ကာပူ နိုင်ငံခြားရေး ၀န်ကြီး ဗစ်ဗီယန် ဘာလာခရစ်ရှ်နန်က စင်္ကာပူ ပါလီမန်ထဲ ပြောခဲ့ပါတယ်။

    ဒီ အထူး အစည်းအ၀ေးမှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်လည်း ပါ၀င်မှာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

    ၀န်ကြီး ဘာလာခရစ်ရှ်နန် စင်္ကာပူ ပါလီမန်ထဲ ပြောခဲ့တဲ့ စကားအရ အခု အစည်းအ၀ေးမှာ မြန်မာ စစ်အာဏာပိုင်တွေရဲ့ ကိုယ်စားလှယ် ဘာတွေ ပြောမလဲ ဆိုတာကို နားထောင်ကြမယ်လို့ ဆိုပါတယ်။

    သူပြောတဲ့ မြန်မာ စစ်အာဏာပိုင်တွေရဲ့ ကိုယ်စားလှယ်ဆိုတာ စစ်ကောင်စီက နိုင်ငံခြားရေး ၀န်ကြီးဆိုပြီး ခန့်ထားတဲ့ ဦး၀ဏ္ဏမောင်လွင် ဖြစ်နိုင်ပါတယ်။

    ဦး၀ဏ္ဏမောင်လွင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ထိုင်းနိုင်ငံမှာ ထိုင်းနဲ့ အင်ဒို နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ အလွတ်သဘော တွေ့ဆုံ ခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့မယ့် နိုင်ငံရေး ပြေလည်မှု ရနိုင်ဖို့ သက်ဆိုင်တဲ့ အဖွဲ့အားလုံး တွေ့ဆုံ ဆွေးနွေး အဖြေရှာကြပါ ဆိုပြီး၊ စင်္ကာပူ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဘာလာခရစ်ရှ်နန် ကတိုက်တွန်းပါတယ်။

    -အာဆီယံတွင်း မြန်မာအရေး ဖြေရှင်းဖို့ရာ အင်ဒိုဘာလို့ ဦးဆောင်နေတာလဲ

    -ပြည်ပက မြန်မာ သံရုံးဝန်ထမ်းတွေကို နေပြည်တော်ကို ပြန်လည်ခေါ်ယူ

    ဒီလို ညှိနှိုင်းဆွေးနွေးတာတွေ စတင်လုပ်လာနိုင်ဖို့ သမ္မတကြီး ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်၊ မြန်မာ နိုင်ငံခြားရေး၀န်ကြီးလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ချက်ခြင်းလွှတ်ပေးမှပဲ ဖြစ်မယ်လို့လည်း ၀န်ကြီး ဘာလာခရစ်ရှ်နန် က မြန်မာစစ်ကောင်စီကို တောင်းဆိုထားပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီနဲ့ စစ်ကောင်စီကြား လက်ရှိ နိုင်ငံရေး အကျပ်အတည်းကနေ ဘယ်လို ကျော်လွှားကြမလဲ ဆိုတာ အဖြေရှာနိုင်မယ့် နေရာကို အဖွဲ့ အတွင်း ဖန်တီးပေးနိုင်တာမျိုးလို အာဆီယံဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ် ဆိုတဲ့ အမြင်မျိုးတွေ တွေ့နေရပါတယ်။

    တစ်ဘက်မှာလည်း၊ “အာဆီယံမိသားစု” ဆိုတဲ့ ခေါင်းစဥ်အောက်မှာ နိုင်ငံရေး ဆိုင်ရာ အခွင့်အရေးတွေဘက်ကို အလေးပေးတာထက်စာရင်၊ တည်ငြိမ်ရေး၊ တိုးတက်ဖွံ့ဖြိုးရေး ဆိုတာတွေအပေါ်မှာ အာဆီယံအဖွဲ့က ပိုပြီး အာရုံစိုက်တတ်တဲ့အစဥ်အလာရှိတယ် ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

    စင်္ကာပူ နိုင်ငံခြားရေး ၀န်ကြီ
    Image caption: သက်ဆိုင်တဲ့ အဖွဲ့အားလုံး တွေ့ဆုံ ဆွေးနွေး အဖြေရှာကြပါ ဆိုပြီး စင်္ကာပူ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဘာလာခရစ်ရှ်နန် ကတိုက်တွန်းပ
  7. Video content

    Video caption: နျူရင်ဘတ်ဂ်ခုံရုံးမှာ စစ်ဆေးမှုများ ၇၅ နှစ်ပြည့်

    နာဇီခေါင်းဆောင်တွေကို လူသန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်လို့ ရုံးတင်စစ်ဆေး ပြစ်ဒဏ်ပေးခဲ့

  8. ရခိုင်မြောက်ပိုင်းက စစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာတွေ အပေါ် ရက်ရက်စက်စက် နှိမ်နင်းခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ခဲ့တယ်လို့ စွပ်စွဲခံရ

    ဗိုလ်မှူးကြီး သန်းထိုက်၊ ဗိုလ်ကြီး ထွန်းထွန်း၊ တပ်ကြပ် အောင်ဆန်းဦး ဆိုပြီး သူတို့က အထက်အရာရှိအဖြစ် ဒီဖြစ်စဥ်မှာ အမိန့်ပေးတယ် ဆိုပြီးသူတို့က ထွက်ဆိုတာ တွေ့ရကြောင်း ဦးအောင်ထူးက ပြောပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  9. လုံခြုံရေး တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းမှုတွေ လုပ်ခဲ့တာကြောင့် လူသိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရတယ်လို့ ဆို

    မြန်မာစစ်သားနှစ်ဦးဟာ တပ်ကထွက်ပြေးလာသူတွေဖြစ်ပြီး သူတို့ကိုယ်တိုင် ကျူးလွန်ခဲ့တာတွေနဲ့ ကျူးလွန်ရာမှာပါဝင်တဲ့ သူတို့ရဲ့ အထက်အဆင့် တပ်ဖွဲ့ဝင်တွေရဲ့ နာမည်တချို့ကို ထုတ်ပြောထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  10. အိုင်စီဂျေ- မြန်မာတင်တဲ့အစီရင်ခံစာကိစ္စ ဂမ်ဘီယာ တရားရေးဝန်ကြီး အဘူဘာကာ တမ်ဘာဒူကို ဆက်သွယ်မေးမြန်းချက်

    မြန်မာဘက်ကတင်သွင်းတဲ့အစီရင်ခံစာအပေါ် ဂမ်ဘီယာဘက်က လိုအပ်ရင် သင့်တော်သလို တုံ့ပြန်ဆောင်ရွက်ဖို့ရှိ

    အပြည့်အစုံ ဖတ်ရန်
    next
စာမျက်နှာ 1 ရဲ့ 4