ဒေါ်အောင်ဆန်းစုကြည်

  1. မြန်မာကို လေယာဉ်ကအစ စစ်သုံးပစ္စည်းတွေ ပေးမယ်လို့ ရုရှားလက်နက်ကုမ္ပဏီ အကြီးအကဲကပြော

    Rosoboronexport
    Image caption: ရုရှားလက်နက်တွေ ပြည်ပပို့ဖို့ သမ္မတပူတင်က Rosoboronexport ကုမ္ပဏီကို တာဝန်ပေးထား
    Rosoboronexport ရဲ့ အကြီးအကဲ အလက်ဇန်ဒါ မီခေးဗ်
    Image caption: Rosoboronexport ရဲ့ အကြီးအကဲ အလက်ဇန်ဒါ မီခေးဗ်

    မြန်မာကို လေယာဥ် အပါအဝင် စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ရုရှားက ပေးဖို့ရာ လုပ်ဆောင် နေတယ်လို့ မော်စကိုက လာတဲ့ သတင်းတွေက ဆိုပါတယ်။

    “စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ပေးဖို့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်မှုမျိုးတွေ ရှိနေပါတယ်။ လေယာဥ်လည်း ပါဝင်ပါတယ်” ဆိုပြီး ရိုဆိုဘိုရိုနက်စပေါ့ Rosoboronexportလက်နက်ပွဲစား ကုမ္ပဏီရဲ့ အကြီးအကဲ အလက်ဇန်ဒါ မီခေးဗ်က ပြောကြောင်း ကြားသိရပါတယ်။

    အဲဒီ ကုမ္ပဏီဟာ ရုရှား အစိုးရအောက်မှာ ရှိပြီး ပြည်ပကို ရုရှားရဲ့ စစ်လက်နက်တွေနဲ့ စစ်သုံးပစ္စည်းတွေ တင်ပို့မှုအားလုံးကို တာဝန်ယူဖို့ရာ သမ္မတပူတင်က အမိန့်စာ ထုတ်ထားပါတယ်။

    အခုသီတင်းပတ်ထဲမှာပဲ ရုရှားမှာ နှစ်စဥ်လုပ်လေ့ရှိတဲ့ နိုင်ငံတကာ MAKS လေယာဥ်ပြပွဲ ရှိနေခဲ့တာမှာ ရုရှားကထုတ်တဲ့ နောက်ဆုံးပေါ် တိုက်လေယာဥ်ကအစ ထုတ်ပြခဲ့ပြီး သမ္မတပူတင်လည်း လာပြီးကြည့်ပါတယ်။

    အဲဒီ ပြပွဲမှာ လက်နက်တင်ပို့ရေး တာဝန်ခံ အလက်ဇန်ဒါ မီခေးဗ်က မြန်မာကို လေယာဥ်တွေ အပါအဝင် စစ်သုံးပစ္စည်းတွေ ပေးမယ်လို့ ပြောကြောင်း မော်စကို အခြေစိုက် အစိုးရနဲ့ မသက်ဆိုင်တဲ့ သတင်းဌာန အင်တာဖက်စ်က ရေးပါတယ်။

    ဒါဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံက နောက်ဆုံးချမှတ်ထားတဲ့ မြန်မာ့ အရေး ဆုံးဖြတ်ချက်တွေထဲ ပါဝင်တဲ့ မြန်မာပြည်ထဲ လက်နက်စီးဝင်မှု တားဆီးရေး ဆိုတဲ့ အချက်နဲ့ ဆန့်ကျင်နေတာ ဖြစ်ပါတယ်။

    အဲဒီ ရုရှားကုမ္ပဏီ ရိုဆိုဘိုရိုနက်စပေါ့ကို အီရန်ကို လက်နက်ရောင်းလို့ ဆိုပြီး အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်ဖူးပါတယ်။

    အခု မြန်မာပြည်ကို စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ပေးမယ်လို့ ရိုဆိုဘိုရိုနက်စပေါ့ရဲ့ အကြီးအကဲက ပြောလာတာ ဖြစ်ပြီး၊ လေယာဥ်ပါဝင်တယ်လို့ ပြောတာကလွဲပြီး ဘာအမျိုးစားလဲ၊ ဘယ်နှစ်စင်းလဲ၊ တခြား ဘာလက်နက်တွေ စစ်သုံးပစ္စည်းတွေ ပါသေးလဲ ဆိုတဲ့ အသေးစိတ် အချက်တွေကိုတော့ မသိရသေးပါဘူး။

    လုံခြုံရေးဆိုင်ရာ မော်စကို ကွန်ဖရင့်စ်ကို အာဏာသိမ်း စစ်ခေါင်းဆောင် ပြီးခဲ့တဲ့ လတုန်းက သွားခဲ့တုန်းကတော့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေးရွိုင်ဂူးက မြန်မာနဲ့ကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ဆက်လက်တိုးမြှင့်သွားမယ် ဆိုပြီး ပြောထားပါတယ်။

    အခုသီတင်းပတ်ထဲ MAKS ပြပွဲမှာ ထုတ်ပြခဲ့တဲ့ ရုရှားရဲ့ အင်္ဂျင်တစ်လုံးတပ် ဆုခွိုင်အမျိုးအစား နောက်ဆုံးထုတ် ဂျက်တိုက်လေယာဥ်။ “ပွဲသိမ်း” “Checkmate” ဆိုပြီး နာမည်ပေးထား
    Image caption: အခုသီတင်းပတ်ထဲ MAKS ပြပွဲမှာ ထုတ်ပြခဲ့တဲ့ ရုရှားရဲ့ အင်္ဂျင်တစ်လုံးတပ် ဆုခွိုင်အမျိုးအစား နောက်ဆုံးထုတ် အပေါ့စား ဂျက်တိုက်လေယာဉ်။ “ပွဲသိမ်း” “Checkmate” ဆိုပြီး နာမည်ပေးထား
    MAKS ပြပွဲမှာ ရုရှားရဲ့  Mikoyan MIG-31 မစ်-၃၁ နောက်ဆုံးပေါ် တိုက်လေယာဥ်ကိုလည်း တွေ့ခဲ့ရ
    Image caption: MAKS ပြပွဲမှာ ရုရှားရဲ့ Mikoyan MIG-31 မစ်-၃၁ နောက်ဆုံးပေါ် တိုက်လေယာဥ်ကိုလည်း တွေ့ခဲ့ရ
  2. နမ္မတူဘော်တွင်းကနေ ဩစတြေးလျ ကုမ္ပဏီ ထွက်တော့မယ်

    မြန်မာထဲကနေ လက်ကြီးကုမ္ပဏီတစ်ခု ထပ်ပြီး ထွက်ခွာ

    နမ္မတူဘော်တွင်း
    Image caption: စစ်အာဏာသိမ်းပြီးနောက် ဘော်တွင်းမှာ ငွေအရင်းအနှီးထည့်မယ့်သူတွေ ကိုယ်ရှိန်သတ်

    ရှမ်းပြည်နယ် နမ္မတူဘော်တွင်းရဲ့ ရှယ်ယာ အများစု ၅၁% ကို ပိုင်တဲ့ ဩစတြေးလျ အခြေစိုက် မြန်မာမက်တယ် Myanmar Metalsကုမ္ပဏီဟာ သူတို့ပိုင်ရှယ်ယာတွေ ရောင်းဖို့ စီစဥ်ထားတယ်လို့ ဇူလိုင် ၂၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

    မြန်မာပြည်မှာ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက်ပိုင်း ယိုယွင်းလာတဲ့ အခြေအနေတွေ၊ မတည်ငြိမ်မှုတွေကြောင့် အမေရိကန် ဒေါ်လာ သန်း ၃၀၀ တန် ဘော်တွင်း ပရောဂျက်ကို ဆက်လုပ်ဖို့ရာ အခက် တွေ့လာရတယ်လို့ ဆိုပါတယ်။

    “ပရောဂျက်အတွက် ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ လက်ငင်း အခြေအနေတွေမှာ ရလာဖို့ ဆိုရင် အင်မတန် ခက်ခဲမှာ ဖြစ်ပြီး၊ လက်တွေ့အရ မဖြစ်နိုင်ဘူးလို့ ဘုဒ်အဖွဲ့က သုံးသပ်ထားတယ်” ဆိုပြီး ထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။

    ရှယ်ယာရှင်တွေ အတွက် အကောင်းဆုံးကတော့ ဘော်တွင်း ပရောဂျက်ထဲ ပိုင်ဆိုင်တဲ့ ရှယ်ယာတွေကို ရောင်းတာဖြစ်စေ၊ မြန်မာမက်တယ် ကုမ္ပဏီတစ်ခုလုံးကို ရောက်တာဖြစ်စေ ပြုလုပ်ဖို့လိုတယ် ဆိုပြီး ဘုဒ်အဖွဲ့က ဆုံးဖြတ်ထားတယ်လို့လည်း ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

    ဘော်တွင်း ပရောဂျက်မှာ ရင်းနှီးမြှုပ်နှံဖို့ အရင် ပြောဆိုထားသူတွေ အားလုံး ဖေဖေါ်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းပြီး နောက်ပိုင်းငွေထုတ်မပေးတော့ဖို့ စိတ်ပြောင်းသွားကြတယ်လို့ နားလည်ရပါတယ်။

    ဒါ့ကြောင့် ပရောဂျက်ထဲ ဆက်ပါနေဦးမယ်ဆိုရင် မြန်မာမက်တယ် အနေနဲ့ လက်ရှိ မတည်ငွေ အမေရိကန်ဒေါ်လာ ၁၁ သန်းခွဲနီးပါးဟာ တစ်နှစ်အတွင်း ကုန်သွားနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

    ဘော်တွင်း ပရောဂျက်ဟာ ငွေသတ္တုတင်မက၊ ခဲနဲ့ သွပ်တို့ပါ ထုတ်မယ့် လုပ်ငန်း ဖြစ်ပါတယ်။ အဲဒီ ပရောဂျက်ရဲ့ ရှယ်ရာအများစု ၅၁%ကို ဩစတြေးလျ ကုမ္ပဏီ မြန်မာမက်တယ်က ၂၀၁၈ ခုနှစ်မှာ ဝယ်ယူခဲ့ပြီး၊ ကျန် ရှယ်ယာတွေကတော့ ပြည်တွင်း ကုမ္ပဏီတွေ ဖြစ်တဲ့ ဝင်းမြင့်မို ကုမ္ပဏီ လိမိတက် WMM နဲ့ အီးအေပီ ဂလိုဘယ် EAP တို့ တဝက်စီပိုင်တာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

    မြန်မာမက်တယ်က နမ္မတူဘော်တွင်း ပရောဂျက် ရှယ်ယာ အများစုကို ရောင်းချဖို့ ဝယ်လက်တွေကို ရှာတဲ့အခါ၊ တရုတ်အခြေစိုက် ယင်တိုင် ဂိုးလ်ဒ် ကော်ပိုရေးရှင်း Yintai Gold Co ဆိုတဲ့ သတ္တုတွင်း ကုမ္ပဏီက စိတ်ဝင်စားပြီး အမေရိကန် ဒေါ်လာ ၆၆ သန်းခွဲ ပေးမယ် ဆိုတဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။

    ဘော်တွင်း
    Image caption: တရုတ်ကုမ္ပဏီက ဝ​ယ်မယ်ဆိုပြီး ကမ်းလှမ်းထား
  3. အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခုံရုံးက သေဒဏ်ချတာ ၆၅ ယောက် ရှိပြီ

    ဖေဖေါ်ဝါရီ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း စစ်ခုံရုံးတွေကနေ သေဒဏ် အမိန့် ချမှတ်ထားသူ ၆၅ ယောက် ရှိတယ်လို့ လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ စောင့်ကြည့် လေ့လာရေး အဖွဲ့ ဖြစ်တဲ့ HRW က ထုတ်ပြန်ပါတယ်။

    အဲဒီ ၆၅ ယောက်အနက် စစ်ကောင်စီလက်ထဲ ဖမ်းခံထားရသူ ၂၆ ယောက်ရှိတယ်လို့ စစ်တပ် ချုပ်ကိုင်မှုအောက် ရောက်နေတဲ့ အစိုးရသတင်းဌာနတွေ၊ နိုင်ငံရေး အကျဥ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့ AAPP တို့လို ပြည်တွင်း စောင့်ကြည့်ရေး အဖွဲ့တွေက ဆိုပါတယ်။

    ဒါ့ကြောင့် ၃၉ ယောက်ဟာ မျက်ကွယ်သေဒဏ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ မတ်လတုန်းကတည်းက စစ်အုပ်ချုပ်ရေး မာရှယ်လော ကြေညာခံထားရတဲ့ ရန်ကုန်က မြို့နယ်တွေမှာ စစ်ခုံရုံးတွေ ဖွဲ့ပြီး သေဒဏ်အမိန့်ချတာတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

    (မာရှယ်လော ကြေညာခံရတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတွေကို အဲဒီ ဒေသမှာ ရှိတဲ့ စစ်တိုင်းမှူးက ချုပ်ကိုင်လိုက်တာ ဖြစ်ပါတယ်။ ဒ့ါကြောင့် အခု သေဒဏ်အမိန့်တွေဟာ ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေရဲ့ အမိန့်အောက်မှာ ရှိတဲ့ စစ်ခုံရုံးတွေကနေ ချမှတ်တာ ဖြစ်ပါတယ်။)

    စစ်ခုံရုံး ကြားနာစီရင်မှုတွေဟာ စွပ်စွဲခံရသူတွေအတွက် ဥပဒေကြောင်းအရ ခုခံချေပပိုင်ခွင့်၊ အယူခံတက်ပိုင်ခွင့် စတဲ့ အခြေခံ အခွင့်အရေးတွေ ကန့်သတ်ခံရပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်း၊ သတင်းမီဒီယာနဲ့ အများပြည်သူအနေနဲ့ စောင့်ကြည့်ခွင့် မရှိတော့ဘူးလို့ ဥပဒေ ပညာရှင်တွေက ပြောကြပါတယ်။

    ဒါ့ကြောင့် တရားစီရင်ရေးမှာ အရေးကြီးဆုံးဖြစ်တဲ့ မျှတတဲ့ ကြားနာစီရင်မှု ရရှိပိုင်ခွင့်ကို ကန့်သတ်ခံရတဲ့ စစ်ခုံရုံးတွေရဲ့ သေဒဏ် အမိန့်တွေဟာ အင်မတန်ကို တုန်လှုပ်ဖွယ်ရာ ကောင်းပြီး၊ တရားမျှတမှု ကင်းမဲ့တယ်လို့ HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ သုတေသီ တစ်ယောက်ဖြစ်တဲ့ ရှေးနာ ဘာ့ကနာ Shayna Bauchner က ဆိုပါတယ်။

    သေဒဏ်ချမှတ်မှု အားလုံးကို အာဏာသိမ်း စစ်ခေါင်းဆောင် ဖြစ်တဲ့ စစ်ကောင်စီ ဥက္ကဌက အတည်ပြုဖို့ လိုတယ်လို့ နားလည်ရပါတယ်။ သေဒဏ်အမိန့်ချပြီး ၁၅ ရက် အတွင်း အာဏာသိမ်း စစ်ခေါင်းဆောင်ထံ အမိန့်ကို ပယ်ဖျက်ပေးဖို့ လျှောက်ထားနိုင်တယ်လို့ ဆိုပေမယ့် ရှေ့နေတွေကနေ တဆင့် လျှောက်ထားခွင့် ရတာမဟုတ်ပဲ၊ အကျဥ်းထောင် အရာရှိတွေကနေ တဆင့် လျှောက်ရတာဖြစ်တယ်လို့ စောင့်ကြည့် လေ့လာသူတချို့က ပြောပါတယ်။

    စစ်ကောင်စီလက်ထဲ လက်ရှိ ဖမ်းခံထားရတဲ့သူတွေထဲက ဘယ်နှစ်ဦး စစ်ခေါင်းဆောင်ထံ အယူခံတင်ခဲ့လဲ၊ ဘယ်လိုရလဒ်မျိုးတွေရှိလဲ ဆိုတဲ့ အချက်အလက်တွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    လှိုင်သာယာ၊ မတ်လ ၁၄။ မာရှယ်လောကြေညာဖို့ ရက်ပိုင်းအလို။
    Image caption: လှိုင်သာယာ၊ မတ်လ ၁၄။ မာရှယ်လောကြေညာဖို့ ရက်ပိုင်းအလို။
  4. Video content

    Video caption: အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး အာဇာနည်နေ့

    စစ်ကောင်စီဘက်ကလည်း ဖမ်းဆီးမှုတွေရှိ

  5. မြန်မာပြည် ကိုဗစ်ပြဿနာ နိုင်ငံတကာ အကူအညီ အရေးပေါ် လိုအပ်

    ကိုဗစ်ကြောင့် သေဆုံးသူတွေရဲ့ နာရေး၊ မန္တလေး ဇူလိုင် ၁၄ ၂၀၂၁။
    Image caption: ကိုဗစ်ကြောင့် သေဆုံးသူတွေရဲ့ နာရေး၊ မန္တလေး ဇူလိုင် ၁၄ ၂၀၂၁။

    မြန်မာနိုင်ငံမှာ လက်ရှိ ကြုံတွေ့နေရတဲ့ ကိုဗစ်ရောဂါ ပြဿနာဟာ အင်မတန်ဆိုးရွားတဲ့ အခြေခံ အကြောင်းချင်းရာတွေ ပေါင်းစုံပြီး ရိုက်ခတ်လာတဲ့ “မုန်တိုင်းကြမ်း” ဖြစ်တယ်လို့ ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ မြန်မာပြည် လူ့ အခွင့်အရေး ဆိုင်ရာ အထူး သံတမန် တွမ်အင်ဒရူးစ်က ပြောပါတယ်။

    ဒါ့ကြောင့် နိုင်ငံတကာကနေ အရေးပေါ် အကူအညီတွေ ပေးကြဖို့ မစ္စတာ အင်ဒရူးစ်က ပန်ကြားလိုက်ပါတယ်။

    မြန်မာပြည်ရဲ့ ကိုဗစ် ပြဿနာ ပိုနက်ရှိုင်းနေစေတာဟာ ကူးစက်မြန် ဒယ်လ်တာ ဗေးရီးယဲန့် မျိုးကွဲ ပျံ့နှံ့ပြီး ကူးစက် ခံရသူ အရေအတွက် ပေါက်ကွဲထွက်လာတာ သက်သက်မျှ မဟုတ်ဘူးလို့ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ်က ထောက်ပြပါတယ်။

    “မြန်မာပြည်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်က ပြိုကျနေတယ်။ တခါ၊ လူတွေက စစ်အာဏာရှင်နဲ့ ပတ်သက်ရင် ဘာဆိုဘာမှ လက်မခံပဲ၊ အယုံအကြည် ကင်းမဲ့မှုကလည်း အတော်လေး နက်နက်ရှိုင်းရှိုင်း ရှိနေတယ်။ ဒီ အခြေအနေတွေဟာ ကိုဗစ် ပြဿနာကို ပိုမို ဆိုးရွားသွားစေတယ်” လို့ မစ္စတာ အင်ဒရူးစ်က ပြောပါတယ်။

    “နိုင်ငံတကာရဲ့ အရေးပေါ် အကူအညီတွေသာ ရမလာဘူးဆိုရင် မြန်မာပြည်မှာ ကိုဗစ်ကြောင့် သေဆုံးသူ အရေအတွက် အများကြီးများလာလိမ့်မယ်” လို့လည်း မစ္စတာ အင်ဒရူးစ်က သတိပေးပါတယ်။

    အာဏာသိမ်းစစ်ကောင်စီထံမှာ ကိုဗစ်ကို ကိုင်တွယ် ထိန်းချုပ်နိုင်ဖို့ရာ ဘယ်လို ရင်းမြစ်မျိုး၊ အစွမ်းအစမျိုးမှ ရှိမနေတဲ့ အပြင်၊ တိုင်းပြည်ရဲ့ အစိုးရအဖြစ် တရားဝင်မှုလည်း ရှိမနေဘူးလို့ ကုလ လူ့အခွင့်အရေး သံတမန်က ဆိုပါတယ်။

    စစ်အာဏာသိမ်းမှု မဖြစ်သေးခင်လေးမှာတင် ကိုဗစ်ကိုင်တွယ်ရေး အတွက် မြန်မာပြည်ကို နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF က အမေကန် ဒေါ်လာ သန်း ၃၅၀ ထောက်ပံ့ထားတာကို အာဏာသိမ်း စစ်တပ်က ဘယ်နေရာတွေမှာ သုံးစွဲနေလဲ ဆိုပြီးတော့လည်း မစ္စတာ အင်ဒရူးစ်က မေးခွန်းထုတ်ပါတယ်။

    “IMF က ထောက်ပံ့ထားတဲ့ ငွေတွေအတွက် စစ်ကောင်စီမှာ တာဝန်ခံမှု ရှိရမယ်။ အခုလည်း နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ အာဏာသိမ်း စစ်ကောင်စီ အပါအဝင် နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ဘယ် အဖွဲ့အစည်းမျိုးတွေ ကနေမှ တစ်ဆင့် မဟုတ်ဘဲ ကိုဗစ် တုံ့ပြန်ရေးတွေ လုပ်ဆောင်ပေးပါ။ မြန်မာပြည်သူတွေ ယုံကြည် စိတ်ချမှု ရှိတဲ့ ကာကွယ်ဆေး ထိုးနှံရေး အစီအစဥ်တွေလည်း ဖော်ဆောင် ပေးဖို့ လိုတယ်” ဆိုပြီး မစ္စတာ အင်ဒရူးစ်က ပြောပါတယ်။

    မြန်မာပြည် ကိုဗစ်အရေး တွမ်အင်ဒရူးစ် အခုလို ပြောထားတာတွေကို လူသားချင်း စာနာနားလည်မှု ဆိုင်ရာ အကူအညီတွေ ပေးအပ်တဲ့ ကုလအဖွဲ့ ဖြစ်တဲ့ ယူအဲန်အိုချာက ဇူလိုင်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံထဲ လတ်တလော ကြုံတွေ့နေရတဲ့ အောင်ဆီဂျင် မရရှိနိုင် ဖြစ်နေရတဲ့ အခြေအနေ အပါအဝင် တခြား ကျန်းမာရေး ဆိုင်ရာ အရင်းအမြစ်တွေ မပြည့်မစုံ မလောက်မင ဖြစ်နေရတာတွေက လူ သေဆုံးမှုတွေ ဖြစ်နေစေတယ် ဆိုပြီး တွမ် အင်ဒရူးစ်က အဲဒီထုတ်ပြန်ချက်ထဲ ပြောထားတာ တွေ့ရပါတယ်။

    ဒါ့အပြင် နိုင်ငံရေး အကျဥ်းသားတွေ ထောင်နဲ့ချီ ရှိနေတဲ့ အကျဥ်းထောင်တွေထဲ လူတွေ ပြွတ်သိပ်နေပြီး ကိုဗစ်ဒဏ် အဆိုးဆုံး ခံရနိုင်တဲ့ နေရာတွေ ဖြစ်တယ်လို့လည်း မစ္စတာ အင်ဒရူးစ်က ဆိုပါတယ်။

    “စစ်အာဏာသိမ်းပြီး ဥပဒေမဲ့ ဖမ်းဆီးခံထားရသူတွေဟာ အခုဆို အသက် အန္တရာယ် စိုးရိမ် နေရပြီ။ အထူးသဖြင့် ရောဂါအခံ ရှိသူတွေ ထောင်ထဲ အခုအချိန် နေရတာဟာ သေဒဏ်အချခံရသလိုပဲ” ဆိုပြီး မစ္စတာ အင်ဒရူးစ်က ပြောပါတယ်။

    ကိုဗစ်
    Image caption: မြန်မာပြည်ထဲ ကူးစက်မြန် ဒယ်လ်တာ မျိုးကွဲ ပျံ့နှံ့နေ
  6. ရေဝေးမှာ မီးသင်္ဂြိုဟ်ဖို့တောင် တစ်လောင်းချင်းစီ အချိန် အနည်းငယ်ပဲ ပေးနိုင်

    မစည်ကားအပ်တဲ့ နေရာမှာ စည်ကားနေတဲ့ ရေဝေးသုသာန်
    Image caption: မစည်ကားအပ်တဲ့ နေရာမှာ စည်ကားနေတဲ့ ရေဝေးသုသာန်၊ ဇူလိုင် ၁၄ ၂၀၂၁။

    ကိုဗစ်ကြောင့် သေဆုံးတဲ့ အရေအတွက်ဟာ စစ်ကောင်စီ ကျန်းမာရေး ဌာနက ထုတ်ပြန်တာတွေထက် အများကြီး ပိုနိုင်တယ်လို့ ရပ်ထဲရွာတွေ လက်တွေ့ လုပ်ဆောင်နေတဲ့ လူမှုကူညီ ကယ်ဆယ်ရေးသမားတွေက ပြောနေပါတယ်။

    ရန်ကုန်က ရေဝေးသုသာန်မှာဆိုရင် အခု ရက်ပိုင်းတွေမှာ နာရေးတွေ စုပြုံနေပြီး၊ ရုပ်အလောင်း တစ်လောင်းကို မီးရှို့ သင်္ဂြိုဟ်တဲ့ အခါ အချိန် အနည်းငယ်ပဲပေး လုပ်ရတာမျိုး တွေ့နေရတယ်လို့ ဆိုပါတယ်။

    “ဇူလိုင် ၁၄ ရက် တစ်နေ့တည်း မနက်ပိုင်းမှာတင် ရေဝေးမှာ သင်္ဂြိုဟ် ရတာ အနည်းဆုံး အလောင်း ၈၀ ရှိတယ်။ ကျွန်တော်တို့ အခြေစိုက်တဲ့ မြို့နယ်ထဲမှာကို ၁၀ လောင်း ထက်မနည်း ရှိတယ်။ ကိုဗစ်လက္ခဏာတွေနဲ့ ဆုံးကြတာဖြစ်လို့ ချက်ခြင်း သင်္ဂြိုဟ်ရတယ်” ဆိုပြီး ရန်ကုန် အခြေစိုက် လူမှုကူညီရေး အသင်းတစ်ခုက ဆိုပါတယ်။

    အခု တွေ့ကြုံနေရတဲ့ ကိုဗစ် တတိယလှိုင်းဟာ အရင် အခေါက်တွေထက် အများကြီး ပိုဆိုးပြီး ကူးခံရတဲ့သူ၊ သေဆုံးတဲ့သူ အများအပြား ရှိလာတယ် ဆိုတဲ့ အချက်ကို စစ်ကောင်စီ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကလည်း ထင်ဟပ် နေပါတယ်။

    နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီ အသင်းများ အဖွဲ့ချုပ် IFRC ရဲ့ မြန်မာပြည် ဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့ ကို ဦးဆောင်သူ ဂျွိုင်း ဆင်းဂ်ဟားလ်ကလည်း မြန်မာပြည်ထဲ ကူးစက်မှု ပိုမြန်ဆန်တဲ့ ကိုဗစ် မျိုးကွဲ ဗေးရီးယဲန့်တွေ ပျံ့နှံ့နေပြီး၊ စစ်လို့တွေ့ထားသမျှထက် အများကြီးပို ကူးစက်နေနိုင်တယ်လို့ သတိပေး ထားပါတယ်။

    စစ်အာဏာသိမ်းမှု နောက်ဆက်တွဲပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု ပုံမှန် ပြန်မလည်ပတ်နိုင်တဲ့ အခြေအနေမှာ အခုလို ကိုဗစ် တတိယလှိုင်းဒဏ် ခံလာရတာ ဖြစ်ပြီး၊ ကူးစက်မှု သေဆုံးမှုတွေ အခု သီတင်းပတ်တွေ အတွင်း ထိုးတက်လာတာ ဖြစ်ပါတယ်။

    ကိုဗစ်
    Image caption: ကိုဗစ်လက္ခဏာတွေနဲ့ ဆုံးပါးသူတွေ ဖြစ်လို့ အားချင်း သင်္ဂြိုဟ်နေရ
  7. ဖရန့်တီးယား အုပ်ချုပ်မှု အယ်ဒီတာ မြန်မာအကျဥ်းထောင်ထဲ ကိုဗစ် လက္ခဏာတွေ ပြနေပေမယ့် ဘယ်လိုကုသ စစ်ဆေးမှုမျိုးမှ မရဘူးလို့ မိသားစုကပြော

    မြန်မာပြည်ထဲ အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမေရိကန် စာနယ်ဇင်းသမား ဒင်နီ ဖဲန်စတာ Danny Fenster မှာ ကိုဗစ်ရောဂါ ကူးစက် ထားနိုင်တဲ့ လက္ခဏာတွေ ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်း ကတည်းက ပြသလာခဲ့ပေမယ့် ကိုဗစ်နဲ့ ပတ်သက်ပြီး ဘယ်လို ကျန်းမာရေး စောင့်ရှောက်မှုမျိုးမှ ရရှိမနေဘူးဆိုပြီး သူ့ရဲ့ မိသားစုဝင်တွေက အမေရိကန် မီဒီယာတွေကို ပြောနေပါတယ်။

    “သူဟာ ဘယ်လိုကုသမှုမျိုး၊ စမ်းသပ်မှုမျိုးမှ ရမနေဘူး။ ကျွန်တော်တို့ အင်မတန် စိတ်ပျက်ရပြီး၊ တော်တော်လေးလည်း စိုးရိမ်နေကြပါတယ်” ဆိုပြီး အစ်ကို တော်စပ်သူ ဘရိုင်ယန် ဖဲန်စတာက အမေရိကန် ရုပ်သံသတင်းဌာန CNBC ကို ပြောပါတယ်။

    အသက် ၃၇ နှစ် အရွယ် ဒင်နီ ဖဲန်စတာဟာ ဖရန့်တီးယား သတင်းမဂ္ဂဇင်းရဲ့ သတင်းခန်း အုပ်ချုပ်မှု အယ်ဒီတာ ဖြစ်ပြီး၊ ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ မေလ ၂၄ ရက်နေ့ တုန်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

    မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ကို သွားမယ့် လေယာဥ်ပေါ်ကို အာဏာသိမ်း စစ်ကောင်စီက ဒင်နီ ဖဲန်စတာကို ပေးမတက်တော့ဘဲ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

    အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာအောင် လှုံ့ဆောင်ခဲ့သူ တစ်ဦး အဖြစ် ဖဲန်စတာ့ အပေါ် အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲထားပြီး ဖဲန်စတာကတော့ အဲဒီ စွပ်စွဲချက်တွေကို ငြင်းဆို ထားပါတယ်။

    ဒင်နီ ဖဲန်စတာကို ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆို ထားပါတယ်။

    ပြီးခဲ့တဲ့ လတုန်းက ဖဲန်စတာ့ကို ရုံးထုတ်ခဲ့ပြီး၊ နောက်ရုံးချိန်းကတော့ မနက်ဖြန် ဇူလိုင် ၁၅ ရက်၊ ကြာသပတေးနေ့လို့ နားလည်ထားပါတယ်။

    ဒင်နီဖဲန်စတာ
    Image caption: ဒင်နီဖဲန်စတာရဲ့ မိဘနှစ်ပါးနဲ့ အစ်ကိုဖြစ်သူ။ အမေရိကန် မစ်ရှီဂန်ပြည်နယ်၊ ဟန်တင်တန်ဝုဒ်စ်မှာ လုပ်ခဲ့တဲ့ ဒင်နီဖဲန်စတာ လွတ်မြောက်ရေး လှုပ်ရှားမှု၊ ဇွန်လဆန်း ၂၀၂၁။
  8. ကူးစက်မြန် ကိုဗစ်မျိုးကွဲတွေ ပျံ့နေပြီး၊ တကယ်ကူးစက်ခံနေရသူတွေဟာ စစ်လို့ တွေ့ထားသမျှထက် အများကြီးများနေနိုင်

    ကိုဗစ်တတိယလှိုင်းဒဏ် ခံနေရတဲ့ ရန်ကုန်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တစ်ခုလုံး အောက်ဆီဂျင်ထုတ် စက်ရုံတွေရှေ့ လူတန်းရှည်တွေ မြင်တွေ့နေ ခဲ့ရပါတယ်။

    ကာဖျူးထုတ်ထားတဲ့ နယ်မြေတချို့မှာ လူတွေဟာ စစ်ကောင်စီတပ်ဖွဲ့တွေက ရန်မူလာမှာကို ထည့်မတွက်နိုင်တော့ဘဲ အောက်ဆီဂျင်ထုတ်ပေးတဲ့ စက်ရုံတွေရှေ့ ကန့်သတ်ချိန် ကျော်လွန်သည်ထိတိုင် လူတန်းရှည်ကြီးတွေ ဖြစ်နေခဲ့ကြတယ်လို့ ရန်ကုန်ကလာတဲ့ သတင်းတွေက ဆိုပါတယ်။

    (အာဏာသိမ်း စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ရက်ပိုင်းက အစည်းအဝေးတစ်ခုမှာ ကိုဗစ် အရေးပေါ် လူနာဆိုရင် ညမထွက်ရ နေရာတွေမှလည်း စိစစ် ဖြတ်သန်းခွင့်ပေး ဆိုပြီး ပြောခဲ့တယ်လို့ ဆိုပါတယ်)

    ဖေ့စ်ဘုတ်လို လူသုံးများတဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဆိုရင်လည်း အောက်ဆီဂျင် အကူအညီတောင်းတဲ့ အသံတွေ လွှမ်းမိုးနေခဲ့ပြီး၊ တချို့ဆိုရင် ရနိုင်တယ်လို့ ကြားသိထားရတဲ့ နေရာတွေကို တစ်ခုပြီးတစ်ခု မျှော်လင့်တကြီးနဲ့ သွားနေကြရတယ်လို့ ဆိုပါတယ်။

    “မြန်မာပြည်မှာ ပိုပြီး ကူးစက်မြန်တဲ့ ကိုဗစ် ဗေးရီးယဲန့် မျိုးကွဲသစ်တွေ ပျံ့နေပြီး၊ အခု တွေ့လာရတယ်ဆိုတဲ့ အရေအတွက်ဟာ စစ်မိသလောက်ပဲ သိရတာ ဖြစ်ပြီး၊ ဒီ့ထက် အများကြီး ပိုများနေနိုင်တယ်” လို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့ချုပ် IFRC ရဲ့ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဂျွိုင်း ဆင်းဂ်ဟားလ်က ဗြိတိန် အခြေစိုက် ဂါးဒီးယန်း သတင်းစာကို ပြောပါတယ်။

    “မြန်မာပြည်က အခြေအနေကို ကြည့်ရင် ဆေးရုံတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်စွမ်းဟာ လက်ရှိမှာ အင်မတန် နည်းပါးနေတာကို တစ်နိုင်ငံလုံးအနှံ့ တွေ့နေရတယ်” လို့လည်း မစ္စတာ ဆင်းဂ်ဟားလ်က ဆိုပါတယ်။

    စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ ကျန်းမာရေး ဌာနရဲ့ ထုတ်ပြန်ချက်အရ ... ဒီနေ့ ဇူလိုက် ၁၄ ရက်နေ့မှာ ဆိုရင် ပိုးတွေ့သူ ၇၀,၈၃ ယောက် ရှိတယ်လို့ ဆိုတဲ့ အတွက် စံချိန်တင် ဆက်လက် မြင့်တက်နေတာ ဖြစ်ပါတယ်။

    လူပေါင်း ၂၁,၃၅၂ ယောက်ကို စစ်ရာက တွေ့ရတာ ဖြစ်လို့ ပိုးတွေ့ရာခိုင်နှုန်း တစ်ရာမှာ ၃၃ ယောက် မက တွေ့ရတာ ဖြစ်ပါတယ်။ သေဆုံးသူလည်း စစ်ကောင်စီ ကျန်းမာရေး ဌာနက အတည်ပြု ထုတ်ပြန်ခဲ့သမျှတွေထဲ တစ်နေ့တည်း သေဆုံးမှု အများဆုံး ၁၄၅ ယောက် ရှိတယ်လို့ ဆိုပါတယ်။

    အောက်ဆီဂျင်
    Image caption: အိမ်မှာထားဖို့ အောက်ဆီဂျင်တွေဝယ်နေတယ်ဆိုတာကိုက ကုသစရာ၊ အားကိုးစရာ မလုံလောက်တာရဲ့ လက္ခဏာပဲလို့ ထောက်ပြပြောဆိုမှုတွေရှိ
  9. Video content

    Video caption: ထပ်တိုးစွဲတဲ့ ၄ မှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုတုံ့ပြန်

    ဒေါ်အောင်ဆန်းစုကြည်က ဉီးဖြိုးမင်းသိန်းနဲ့ စစ်ကောင်စီစွပ်စွဲသလို ပေးတာယူတာမျိုးမရှိဘဲ ဒါဟာ မမှန်မကန်စွဲဆိုမှုသာဖြစ်တယ်လို့ ပြော

  10. No

    တစ်မြို့နယ် ကို ၂၀၀ ဦးစီ သတ်မှတ်ပြီး ထိုးပေးခဲ့တာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။

    Follow
    next
စာမျက်နှာ 1 ရဲ့ 38