စီးပွားရေးလုပ်ငန်း

  1. YBS Bus Transportation, Yangon

    ယာဉ်နောက်လိုက်တွေပါလာပြီး သတ်မှတ်နှုန်းထက်ပိုတဲ့ယာဉ်စီးခတွေ ပေးနေရတယ်လို့ ခရီးသည်တွေ ပြောဆို

    အပြည့်အစုံ ဖတ်ရန်
    next
  2. Video content

    Video caption: သတင်းစာရှင်းလင်းပွဲမှာ ဒေါ်လာစျေး၊ ရွှေစျေးနဲ့ စက်သုံးဆီစျေး ထိုးတက်နေတဲ့ ကိစ္စပဲမေးကြ

    အခုရက်ပိုင်းမှာ မကြုံစဖူးလောက်အောင် ထိုးတက်လာနေတဲ့ ရွှေစျေး၊ ဒေါ်လာစျေးနဲ့ စက်သုံးဆီစျေးတွေ ကိစ္စကို စစ်ကောင်စီက ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

  3. စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာ့သစ်သီးပို့ကုန် စျေးကွက်သစ်တွေ လက်လွတ်ဆုံးရှုံး

    ရှာထားသမျှ စျေးကွက်သစ်တွေ စစ်အာဏာသိမ်းမှုနောက်ပိုင်း အော်ဒါမမှာတော့

    တကျော့ပြန် စစ်အာဏာ သိမ်းခံခဲ့ရတဲ့နောက် ၆ လတာ ကာလ အတွင်းမှာ မြန်မာ့ သစ်သီးဝလံတွေကို ပြည်ပကနေ မှာယူတဲ့ အော်ဒါတွေ မရှိတော့ဘူးလို့ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း MFVP က တာဝန်ရှိသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒါ့ကြောင့် နောက်ရာသီမှာ ဆိုရင်ရင် သစ်သီးဝလံ တောင်သူတွေဟာ လက်ရှိ စိုက်ပျိုးထားတာတွေရဲ့ ၅၀ % လောက်ပဲ ပြန်စိုက် နိုင်မယ့် အခြေအနေမျိုး ရောက်နေတယ်လို့ ဆိုပါတယ်။

    မြန်မာ့ သစ်သီးပို့ကုန်တွေကို တရုတ်စျေးကွက် တစ်ခုတည်းကိုပဲ အဓိက အားထား နေရတာကနေ လွတ်အောင် အင်္ဂလန်၊ ယူအေအီး စတဲ့ နိုင်ငံတွေမှာလည်း စျေးကွက် ရှာဖွေတာတွေ စစ်အာဏာသိမ်းမှု မတိုင်ခင် ကာလမှာ လုပ်ထားပါတယ်။

    ဒါပေမယ့် အဲဒီ သစ်သီးဝလံ စျေးကွက်သစ်တွေအားလုံး လက်လွတ်ဆုံးရှုံး သွားရတာ ဖြစ်ပါတယ်။

    လက်ရှိ အချိန်ဟာ တရုတ်ဘက် သစ်သီးတွေ သွားလေ့ရှိတဲ့ ရာသီမျိုး မဟုတ်တဲ့အပြင်၊ ကိုဗစ်ရောဂါ စိုးရိမ်ချက်တွေကြောင့် တရုတ်က သူတို့ရဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တွေကို ပိတ်ဆို့ထားချိန် ဖြစ်ပါတယ်။

    ဒါ့ကြောင့် သစ်သီးတွေ ပြည်ပတင်ပို့မှု အရောင်းအဝယ် လုံးဝ ရှိမနေဘူးလို့ အသင်း အတွင်းရေးမှူး ဦးကျော်သူက ဆိုပါတယ်။

    သစ်သီးကား
    Image caption: သစ်သီးကား အရေအတွက် တစ်နေ့ကို ဘယ်နှစ်စင်းပဲ ဝင်နိုင်တယ် ဆိုပြီး ကန့်သတ်လိုက်တာကြောင့် မူဆယ်အနီး စုပြုံပြီး စောင့်နေခဲ့ရစဉ်၊ ဧပြီ ၂၀ ၂၀၂၀။
  4. ကျယ်ဂေါင် ကျောက်စိမ်းဝိုင်းထဲက မြန်မာကုန်သည်တွေ လက်ဗလာနဲ့ ပြန်လာနေရတ​ယ်လို့ပြော

    မြန်မာနဲ့နယ်စပ် တရုတ်မြို့တွေကို လော့ခ်ဒေါင်းချတဲ့ သက်တမ်း တိုးမြှင့်ဖို့ ပြင်ဆင်နေ

    ကိုဗစ်ရောဂါ ကူးစက်မှု ထိန်းချုပ်ရေးအတွက် တရုတ် အာဏာပိုင်တွေက ပိုပြီး တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာတာမှာ မြန်မာနဲ့ကပ်ရပ် အဓိက နယ်စပ်ကုန်သွယ်မြို့ ဖြစ်တဲ့ ကျယ်ဂေါင်မှာ ဆိုရင် တရားဝင် နေထိုင် အလုပ်လုပ်နေတဲ့ မြန်မာကျောက်စိမ်း ကုန်သည်တွေကို မြို့ကနေ ထွက်ခွာနေစေပြီး မြန်မာဘက်ကို ပြန်ပို့နေတယ်လို့ နယ်စပ်ကုန်သည် အသိုင်းအဝိုင်းက ပြောပါတယ်။

    ကျယ်ဂေါင်၊ ရွှေလီ နယ်စပ်မြို့တွေကို လော့ခ်ဒေါင်း ချထားတဲ့ကြားကပဲ မြန်မာ ကျောက်စိမ်း ကုန်သည်တွေကို ထွက်သွားခိုင်းနေတာ ဖြစ်တယ်လို့ ကိုယ်တိုင် ကြုံကြရသူတွေက ပြောပါတယ်။

    “သူတို့အထက်က အမိန့်ကျလို့ ကျွန်မတို့အကုန်လုံးကို မောင်းထုတ်တဲ့ သဘောပဲ။ ဘယ် ကျောက်စိမ်းဝင်းမှာ ရောဂါတွေ့တယ်၊ အဲဒီက လူတွေထွက်သွား ဆိုပြီး ပြောတာ မဟုတ်ပဲ၊ အားလုံးကို ဝင်းတိုင်းကို ထွက်ခိုင်းတာ။ ခု တံတားအောက်က ကျောက်ကုန်သည်တွေလည်း အကုန်လုံး ငိုယိုနေကြတယ်။ ကျောက်တွေလည်း ဒီတိုင်း ထားခဲ့ရတာ ဆိုတော့လေ .... “ဆိုပြီး ကျောက်ကုန်သည် အမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    အခုလို ကျောက်ဝိုင်းထဲကနေ လူတွေကို စပြီး ဖယ်ရှားနေတာ ၂ ရက် ဝန်းကျင် ရှိလာနေပြီ ဖြစ်ပါတယ်။ ကျယ်ဂေါင်မှာ ကျောက်စိမ်း အရောင်းအဝယ်လုပ်တဲ့ ကျောက်ဝိုင်း ၂ ဝိုင်း၊ ရွှေလီမှာဆို ကျောက်ဝိုင်း ၂ ဝိုင်း ရှိပါတယ်။

    မြန်မာဘက်ကနေ ဝင်လာတဲ့၊ ပြန်လာတဲ့ မြန်မာနိုင်ငံသား တချို့နဲ့ တရုတ်နိုင်ငံသား တချို့မှာ ကိုဗစ်ပိုး တွေ့ခဲ့တာကနေ နယ်စပ်ကုန်သွယ်ရေး အဝင်အထွက်တွေကို တင်းကျပ် ပိတ်ဆို့ပြီး ရွှေလီ ကျယ်ဂေါင် မြို့တွေကို လော့ခ်ဒေါင်းချတာမျိုးတွေကို တရုတ်အာဏာပိုင်တွေ ပြုလုပ်ထားနှင့်ပြီး ဖြစ်ပါတယ်။

    အခု လပိုင်း ရက်ပိုင်းတွေမှာပဲ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ တရုတ်မြို့တွေကနေ မြန်မာပြည်ဘက် ပြန်ဝင်လာနေကြတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။ ဒီ ရက်ပိုင်းမှာပဲ မြန်မာပြည်နဲ့ နယ်စပ် တရုတ်ကုန်သွယ်ရေးမြို့တွေမှာ ကိုဗစ်ပိုးတွေ့ရသူတွေ ထပ်မံရှိလာတဲ့ အတွက် မူဆယ်နဲ့ ကပ်ရက် ကျယ်ဂေါင်ကို ၆ လ အထိ လော့ခ်ဒေါင်းချထားဖို့ စီစဥ်နေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။

    အဲဒီလို အစီအစဥ်ရှိတဲ့ အတွက် အခုလို တရားဝင် ကျောက်ဝိုင်းတွေထဲက ကုန်သည်တွေကိုပါ ပြန်လွှတ်နေတာ ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေ တရုတ်နယ်စပ် ကုန်သွယ်ရေး အသိုင်းအဝိုင်းမှာ ပြောဆို နေကြပါတယ်။

    တကယ်လို့ တရုတ်ဘက်ကနေ နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေကို နောက်ထပ် ၃ လ လောက် အနည်းဆုံး ဆက်ပြီး ပိတ်ထားမယ် ဆိုရင် မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန် တင်ပို့မှု စျေးကွက် အကြီးအကျယ် ထိခိုက်နိုင်တယ်လို့ မြန်မာကုန်သည်တွေက ပြောကြပါတယ်။

    မူဆယ် နယ်စပ်ကုန်သွယ်ဂိတ်
    Image caption: မူဆယ် နယ်စပ်ကုန်သွယ်ဂိတ်
  5. မြန်မာပြည် ဆောက်လုပ်ရေးကဏ္ဍ နလံထူဖို့ အနည်းဆုံး ၃ နှစ် အချိန်ယူရနိုင်

    ပရောဂျက် အများစု လက်ရှိ ရပ်နားထားရ၊ သိန်းနဲ့ချီတဲ့ ဆောက်လုပ်ရေး လုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်နေ

    စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ရိုက်ခတ်လာတဲ့ စီးပွားရေးဆိုင်ရာ မတည်ငြိမ်မှုတွေ၊ လုပ်ငန်း ရပ်ဆိုင်း သွားမှုတွေထဲမှာ ဆောက်လုပ်ရေး ကဏ္ဍလည်း ပါဝင်တယ်လို့ နိုင်ငံတကာ စီးပွားရေး သုံးသပ်သူတွေက ပြောပါတယ်။

    မြန်မာ့ ဆောက်လုပ်ရေး ကဏ္ဍဟာ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ဒဏ် နှစ်ခုပေါင်းပြီး အကြီးအကျယ် သက်ရောက်ရိုက်ခတ် ခံနေရတယ်လို့ နယူးယောက်မြို့ အခြေစိုက် ဘလွန်းမ်ဘာ့ဂ် စီးပွားရေး စာစောင်က ရေးသားပါတယ်။

    မြန်မာ့ ဆောက်လုပ်ရေး လုပ်ငန်းရှင် အသင်း က တာဝန်ရှိသူ တစ်ယောက်ကို ကိုးကားပြီး “အခုအခြေအနေနဲ့ဆိုရင် ဆောက်လုပ်ရေး လုပ်ငန်း နလံထူဖို့ အနည်းဆုံး ၃ နှစ် အချိန်ယူရလိမ့်မယ်” လို့ ဆိုပါတယ်။

    ဆောက်လုပ်ရေး ပရောဂျက် အများစု လက်ရှိ ရပ်နားထားရပြီး၊ သိန်းနဲ့ချီတဲ့ ဆောက်လုပ်ရေး လုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်နေကြတယ်လို့လည်း ဘလွန်းမ်ဘာ့ဂ်က ရေးပါတယ်။

    ကုလသမဂ္ဂရဲ့ အလုပ်သမားရေးရာ အေဂျင်စီကလည်း မြန်မာနိုင်ငံထဲ စစ်အာဏာ သိမ်းခံရမှု နောက်ပိုင်း အလုပ်နေရာပေါင်း ၁.၂ သန်းထိအောင် ဆုံးရှုံးသွားခဲ့ပြီး ဖြစ်တယ်လို့ ဆိုထားပါတယ်။

    မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အခုနှစ်ထဲ ၁၈% ကျဆင်းသွားမယ်လို့ ကမ္ဘာ့ဘဏ်ကလည်း ခန့်မှန်း ထားပါတယ်။

    ဆောက်လုပ်ရေး ကဏ္ဍဟာ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ဒဏ် နှစ်ခုပေါင်းပြီး အကြီးအကျယ် သက်ရောက်ရိုက်ခတ် ခံနေရ
    Image caption: ဆောက်လုပ်ရေး ကဏ္ဍဟာ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ဒဏ် နှစ်ခုပေါင်းပြီး အကြီးအကျယ် သက်ရောက်ခံနေရ
  6. Nike ၊ တရုတ်၊ ဝိဂါ

    ရှင်ကျန်းပြည်နယ်အကြောင်း ဝေဖန်ခဲ့လို့ Nike ထုတ်ပစ္စည်းတွေကို တရုတ်ပြည်သူတွေမသုံးဘဲ သပိတ်မှောက်ထားကြပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  7. မြန်မာအထည်ချုပ်အလုပ်သမားတွေကို အကာအကွယ်ပြုပေးတဲ့ ညွှန်ကြားလွှာ

    မြန်မာနိုင်ငံထဲ လတ်တလော အခြေအနေတွေကြောင့် အလုပ်ဆင်းဖို့ရာ အခက်အခဲ တွေ့ကြုံနေရတဲ့ အထည်ချုပ် စက်ရုံ အလုပ်သမားတွေကို အကာအကွယ်ပြု ပေးရမယ်ဆိုပြီး အလုပ်သမား အခွင့်အရေး ဆိုင်ရာ မြှင့်တင်ရေး နိုင်ငံတကာ အဖွဲ့အစည်း ACT initiative ကနေ ညွှန်ကြားချက်တွေ ထုတ်ပြန်လာပါတယ်။

    ACT initiative ဆိုတာ ဖိနပ် အပါအဝင် အထည်ချုပ် လုပ်ငန်းတွေထဲ ပတ်သက်နေကြတဲ့ နာမည်ကြီး ကုမ္ပဏီတွေ၊ ကုန်တိုက် အရောင်းဆိုင်တွေနဲ့ အလုပ်သမား သမဂ္ဂတွေကြား ရရှိထားတဲ့ နိုင်ငံတကာ သဘောတူမှုကနေ ပေါ်ပေါက်လာတဲ့ အဖွဲ့ဖြစ်ပါတယ်။

    စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေထဲ ပါခဲ့လို့ အဖမ်းဆီး ခံရနိုင်တဲ့ အန္တရာယ်ရှိနေတဲ့ အတွက် အလုပ်မဆင်းပဲ တိမ်းရှောင်နေသူတွေကို အလုပ်ကနေ ထုတ်ပယ်တာမျိုး မလုပ်ဖို့ ACT initiative က စက်ရုံပိုင်ရှင်တွေကို ပြောထားတယ်လို့ သူတို့ရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာမှာ ရေးထားပါတယ်။

    ၃ ရက်ဆက်ပြီး အလုပ်မဆင်းရင်၊ အလုပ်ထုတ်တာမျိုး မလုပ်ပဲ၊ လစာမဲ့ ခွင့်အဖြစ် သတ်မှတ်ပေးဖို့ အထည်ချုပ် လုပ်ငန်းရှင်တွေကို ပြောတာဖြစ်ပါတယ်။

    အခုလို မြန်မာ အထည်ချုပ်လုပ်သားတွေ အရေး အကာအကွယ်ပေးလာတဲ့ နာမည်ကြီး ဘရင်းအမှတ်တံဆိပ် ကုမ္ပဏီတွေထဲ H&M၊ Zara ဇာယာပိုင်ရှင် အင်ဒီတက်ဇ် Inditex နဲ့ ပရိုင်မတ် Primark တို့ပါဝင်ပါတယ်။

    ၃ ရက်ဆက် အလုပ်မဆင်းလည်း အလုပ်မဖြုတ်ဖို့ပြောကြား
    Image caption: ၃ ရက်ဆက် အလုပ်မဆင်းလည်း အလုပ်မဖြုတ်ဖို့ပြောကြား
  8. ခိုးရာပါဖမ်းမိထားတဲ့ သစ်တွေ ထုတ်ရောင်းဖို့ စစ်ကောင်စီပြင်ဆင်နေ

    တရားမဝင် ဖမ်းထားတဲ့ သစ်တန်ချိန် ၂ သိန်း ဝန်းကျင်ထိရှိ
    Image caption: တရားမဝင် ဖမ်းထားတဲ့ သစ်တန်ချိန် ၂ သိန်း ဝန်းကျင်ထိရှိ

    အာဏာသိမ်း စစ်ကောင်စီဟာ တရားမဝင်သစ်တွေ တန်ချိန် ထောင်ပေါင်းများစွာကို နိုင်ငံတကာ စျေးကွက်ထဲ ရောင်းပြီး ငွေရအောင်လုပ်ဖို့ ကြိုးစားနေတယ်ဆိုပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နိုင်ငံတကာ စုံစမ်း ဖော်ထုတ်တဲ့ အဖွဲ့ တစ်ခု ဖြစ်တဲ့ EIA က သတိပေး နေပါတယ်။

    စစ်တပ်ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ပိတ်နိုင်ဖို့ စီးပွားရေး ဆိုင်ရာ ပြစ်ဒဏ်ခတ် အရေးယူမှုတွေကို အမေရိကန်၊ ဗြိတိန်နဲ့ အီးယူတို့ အပါအဝင် အနောက်အုပ်စု နိုင်ငံတွေက လုပ်ဆောင် နေချိန်မှာ စစ်ကောင်စီက သစ်တွေရောင်းဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

    ဒီမိုကရေစီ နည်းကျ ရွေးကောက် တင်မြှောက်ခံ NLD အစိုးရလက်ထက် ပစ်မှတ်ထား ကိုင်တွယ်ခဲ့တဲ့ အထဲ တရားမဝင် သစ်ခိုးထုတ်မှု ပပျောက်ရေးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

    ဒါ့ကြောင့် တရားမဝင် ခုတ်လှဲထားတဲ့ သစ်တွေ၊ ခိုးထုတ်ဖို့ ကြိုးစားခဲ့တဲ့ သစ်တွေကို NLD အစိုးရလက်ထက် နိုင်ငံတော် အနေနဲ့ ဖမ်းဆီးရရှိထားတာ တန်ချိန် ၂ သိန်း ဝန်းကျင် အထိ ရှိနိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်း ထားကြပါတယ်။

    အခု အဲဒီ သစ်တွေကို ထုတ်ရောင်းဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ EIA က ပြောနေတာ ဖြစ်ပါတယ်။ နိုင်ငံပိုင် မြန်မာ့သစ်လုပ်ငန်းလည်း အခုဆို စစ်ကောင်စီ ထိန်းချုပ်မှုအောက် ရောက်နေပြီ ဖြစ်ပါတယ်။

    အာဏာသိမ်း စစ်တပ်အနေနဲ့ နိုင်ငံပိုင် လုပ်ငန်းတွေကနေ ငွေမရှာနိုင်အောင် ကျောက်မျက်၊ ပုလဲနဲ့ငါး စသဖြင့် လုပ်ငန်းတွေ အပေါ် နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ် ခံထားရပါတယ်။

    စစ်ကောင်စီက တရားမဝင် သစ်တွေကို စျေးနှုန်း မဖော်ပြ မသတ်မှတ်ပဲ လေလံတင် ရောင်းချမှာ ဖြစ်ပြီး၊ ဝင်ပြီး လေလံဆွဲ ဝယ်ချင်တဲ့ သူတွေဟာ အရင်ဆုံး အမေရိကန် ဒေါ်လာ တစ်သောင်းကို ကြိုတင်ငွေ အဖြစ် စစ်ကောင်စီထံ ပေးသွင်းရမှာ ဖြစ်တယ်လို့ စုံစမ်း လေ့လာ ဖော်ထုတ်တဲ့ EIA အဖွဲ့က ဆိုပါတယ်။

    မြန်မာပြည်သူတွေကို ဆက်လက် ဖိနှိပ်နိုင်ရေး အတွက် စစ်ကောင်စီမှာ ငွေ အသည်းအသန်လိုနေပြီလို့ အကဲခတ်တွေက ပြောကြပါတယ်။

    ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး အေဂျင်စီ EIA အဖွဲ့ဟာ ၁၉၈၀ ပြည့်ကျော် နှစ်တွေ ကတည်းက ပတ်ဝန်းကျင် အရေး လှုပ်ရှား တက်ကြွသူ ၃ ယောက်နဲ့ ယူကေမှာ စတင် တည်ထောင် လာခဲ့တာ ဖြစ်ပါတယ်။ အခု လန်ဒန်နဲ့ ဝါရှင်တန် ဒီစီ မြို့တော်တွေမှာ ရုံးခန်းတွေ ထားရှိပါတယ်။

    Quote Message: စစ်ကောင်စီရောင်းမယ့် တရားမဝင်သစ်တွေကို ဝယ်ရင် မြန်မာပြည် လက်ရှိ ခံစားနေရတဲ့ ဒုက္ခတွေပေါ်ကနေ အမြတ်ထုတ်တာပဲ from ဖေ့သ်ဒိုရတီ EIA သစ်တောဆိုင်ရာ တာဝန်ခံ
    ဖေ့သ်ဒိုရတီEIA သစ်တောဆိုင်ရာ တာဝန်ခံ
    စစ်ကောင်စီမှာ အသည်းအသံ ငွေလိုနေပြီလား မေးခွန်းထွက်ပေါ်
    Image caption: စစ်ကောင်စီမှာ အသည်းအသန် ငွေလိုနေပြီလား မေးခွန်းထွက်ပေါ်
  9. Foodpanda မြန်မာပြည်ထဲ ဆက်ရှိနေမယ်

    အွန်လိုင်းပေါ်ကနေ အစားအသောက်တွေ၀ယ်ရင် အိမ်တိုင်ရာရောက် လာပို့ပေးတဲ့ (မိုဘိုင်းဖုန်း အပလီကေးရှင်း အက်ပ် app အခြေခံ) ဖု(ဒ)ပင်ဒါ Foodpanda မြန်မာပြည်ကနေ ထွက်မသွားဘူးလို့ ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်ကို ကိုးကားပြီး နစ်ခေး အေးရှား Nikkei Asia သတင်းစာက ရေးပါတယ်။

    လက်ရှိ အခြေအနေမှာတော့ မြန်မာပြည်ထဲ စီပွားရေး လည်ပတ်ရတာတွေ အင်မတန် အကန့်အသတ်နဲ့ ဖြစ်နေတယ်လို့ ဖု(ဒ)ပင်ဒါ ရဲ့ စီအီးအို ဂျက်ကော့ဘ် အွန်ဂျေးလ်က နစ်ခေးအေးရှားနဲ့ မေးမြန်းခန်းမှာ ဖွင့်ဟပါတယ်။

    နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ အင်တာနက် ပြတ်တောက်မှုတွေကြောင့် စီးပွားရေး အပေါ် သက်ရောက် ရိုက်ခတ် ခံနေရပေမယ့် ရေရှည်ကိုကြည့်ပြီး မြန်မာပြည်ထဲမှာ ဆက်ပြီးနေမယ်လို့ မစ္စတာအွန်ဂျေးလ်က ဆိုပါတယ်။

    “လက်ရှိ အခြေအနေတွေ ပေါ်ပေါက်မလာခင်အထိ ဖု(ဒ)ပင်ဒါ အနေနဲ့ မြန်မာပြည်ထဲ အင်မတန် အလားအလာကောင်းတဲ့ ရလဒ်မျိုးတွေ ရှိနေခဲ့ပါတယ်။ မြန်မာပြည်မှာ ဆက်ရှိနေဖို့ဆုံးဖြတ်ထားပါတယ်။ ရှုပ်ထွေးမှုတွေ လက်ရှိ ပေါ်ပေါက်နေပေမယ့် ကုမ္ပဏီရဲ့ ရေရှည်မဟာဗျူဟာကတော့ မပြောင်းလဲပါဘူး။ ၂၀၂၃ ကနေ ၂၀၂၅ အထိ ရလာနိုင်မယ့် အခွင့်အလမ်းတွေကို တွက်ဆထားပါတယ်” ဆိုပြီး မစ္စတာ မစ္စတာအွန်ဂျေးလ်က ပြောပါတယ်။

    မြေပြင်အခြေအနေမှာ ဝန်ထမ်းဦးရေ ပြည့်မှီဖို့ ခက်ခဲနေတာကစလို့၊ ဆက်စပ်နေတဲ့ စီးပွားရေးအားလုံး ချောချောမွေ့မွေ့ မလည်ပတ်နိုင်တဲ့ ပြဿနာမျိုးတွေ ပေါ်ပေါက်လာတဲ့ အတွက် နိုင်ငံရပ်ခြားက ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေး လုပ်ငန်းတချို့ မြန်မာပြည်ထဲ ဆက်မလည်ပတ်တော့ပဲ ရပ်နားထားတာ၊ ဆက်မတိုးချဲ့ပဲ ထိန်းတာမျိုးတွေ ပြုမူနေပါတယ်။

    ဖု(ဒ)ပင်ဒါကတော့ ရက်ပိုင်း၊လပိုင်း၊နှစ်တိုကာလ အပိုင်းအခြားတွေ အတွက် မဟုတ်ပဲ ရေရှည်ကို ကြည့်မယ်လို့ ပြောနေတာ ဖြစ်ပါတယ်။

    ဖု(ဒ)ပင်ဒါ မြန်မာပြည်ထဲ စ၀င်တာ ဒီဇင်ဘာ ၂၀၁၉ မှာ ဖြစ်ပြီး၊ အချိန်အနည်းငယ် အတွင်းမှာပဲ အွန်လိုင်းက ဝယ်တဲ့ အစားအသောက်တွေကို အိမ်တိုင်ရာရောက် လာပို့ပေးတဲ့ အဓိက ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်လာပါတယ်။

    ဝန်ထမ်း အယောက် ၂၀၀ ဝန်းကျင် ရှိပြီး၊ စားသောက်ဆိုင်တွေ ထောင်ဂဏန်းတချို့နဲ့ ချိတ်ဆက်ထား နိုင်ခဲ့ပါတယ်။

    ဂျာမနီ ဒလစ်ဗာရီ ကုမ္ပဏီ Hero က အာရှမှာ Foodpanda နာမည်နဲ့ လှုပ်ရှားတာ ဖြစ်ပြီး၊ အစားအသောက် အိမ်အရောက်ပို့ ပေးတဲ့ လုပ်ငန်းတွေထဲ ကမ္ဘာပေါ် အမေရိကန် အူဘာ၊ တရုတ် မေထွမ် Meituan တို့နဲ့ အပြိုင် အဓိက ကုမ္ပဏီကြီး ဖြစ်ပါတယ်။ ကိုရီးယား ကုမ္ပဏီ Woowa နဲ့ လောလောလတ်လတ်မှာပဲ လုပ်ငန်းချင်း ပူးပေါင်းခဲ့တဲ့နောက် တရုတ်ပြည်ပြင်ပ အာရှမှာ အစားအသောက် အိမ်ထိလာပို့ပေးတဲ့ ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်းတွေထဲ အကြီးဆုံး ဖြစ်လာပါတယ်။

    ဘန်ကောက်မှာ လောလောလတ်လတ် မေလထဲ တွေ့ရတဲ့ ဖု(ဒ)ပင်ဒါ ဒလစ်ဗာရီ ဆိုင်ကယ်သမား
    Image caption: ဘန်ကောက်မှာ လောလောလတ်လတ် တွေ့ရတဲ့ ဖု(ဒ)ပင်ဒါ ဒလစ်ဗာရီ ဆိုင်ကယ်သမား
  10. ရန်ကုန်မှာ အကြီးဆုံး စျေး၀ယ်စင်တာဆောက်မယ့် အစီအစဉ် ဂျပန် အီအွန်ကုမ္ပဏီ ဆိုင်းငံ့

    ရန်ကုန်မှာ စျေး၀ယ်စင်တာ အသစ်တစ်ခု အခု နွေရာသီဆိုရင် စတင် ဆောက်လုပ်ဖို့ စီစဥ်ထားတာကို ဂျပန်အခြေစိုက် AEON အီအွန် ကုမ္ပဏီက လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေကြောင့် ဆိုင်းငံ့လိုက်ပါတယ်။

    ပရောဂျက် လုံးဝဖျက်လိုက်တဲ့ အဆင့်မဟုတ်ပေမယ့်၊ ဘယ်အချိန် လုပ်ငန်းစမယ် ဆိုတာ အခုအချိန် မဆုံးဖြတ်နိုင်သေးဘူးလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

    မြန်မာပြည်မှာ အကြီးဆုံး ဖြစ်လာနိုင်တဲ့ စျေး၀ယ်စင်တာ ရှော့ပင်းမောကြီး တစ်ခု ဆောက်ဖို့ အီအွန် စီစဥ်ခဲ့တာ ဖြစ်ပါတယ်။

    ပြည်တွင်း ကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ဆောင်မယ့် အမေရိကန် ဒေါ်လာ သန်း ၁၈၀ တန် အဲဒီ လုပ်ငန်း ပရောဂျက်ကို မြန်မာဘက်ကလည်း ခွင့်ပြုထားနှင့်ပြီး ဖြစ်ပါတယ်။

    အဲဒီ ပရောဂျက် အတွက် မြန်မာပြည်ထဲ လွှတ်ထားတဲ့ အီအွန်၀န်ထမ်း နှစ်ယောက် အခုဆို ဂျပန်ပြည်ကို ပြန်ရောက်သွားကြပြီလို့ နားလည်ရပါတယ်။

    အီအွန် ဟာ စျေး၀ယ်စင်တာ၊ ကုန်တိုက်၊ စတိုးဆိုင်လုပ်ငန်းတွေမှာ အာရှ အခြေစိုက် အကြီးဆုံး ကုမ္ပဏီကြီး ဖြစ်ပါတယ်။

    အီအွန်
    Image caption: ကုန်တိုက်၊ စတိုးဆိုင်လုပ်ငန်းတွေမှာ အာရှအခြေစိုက် အကြီးဆုံးကုမ္ပဏီ
စာမျက်နှာ 1 ရဲ့ 6