ရိုမန်ကက်သလစ် အသင်းတော်

  1. မင်းတပ်ဒေသထဲ ခရစ်ယာန်ဘုရားကျောင်း တချို့ထဲ စစ်ကောင်စီတပ်တွေ စီးနင်း နေရာယူခဲ့ကြောင်း ကက်သလစ် အသိုင်းအဝိုင်းက ထုတ်ပြန်

    ချပ်ရွာထဲက ဘုရားကျောင်းတွေ စီးနင်းခံခဲ့ရကြောင်း ဒေသခံတွေပြော
    Image caption: ချပ်ရွာထဲက ဘုရားကျောင်းတွေ စီးနင်းခံခဲ့ရကြောင်း ဒေသခံတွေပြော

    ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ခရစ်ယာန် ဘာသာရေးဆိုင်ရာ ဘုရားရှိခိုးကျောင်းတချို့မှာ စစ်တပ်က နေရာယူ တပ်စွဲတာမျိုးတွေ ပြုလုပ်ခဲ့တယ် ဆိုပြီး ကက်သလစ် ကျောင်းတော် အသိုင်းအဝိုင်း တစ်ခု ဖြစ်တဲ့ ဆွစ်ဇာလန် အခြေစိုက် ပုပ်ပိုင်းယပ်စ် ၁၀ FSSPX အဖွဲ့ရဲ့ သတင်းဌာနက ထုတ်ပြန်ပါတယ်။

    ချပ်ရွာထဲက စိန့်ဂျွန် ကက်သလစ် ဘုရားကျောင်းအပြင် နှစ်ခြင်းဘုရားကျောင်း တစ်ခုလည်း အလားတူ ပြုမူခံခဲ့ရတယ်လို့ ဆိုပါတယ်။

    စိန့်ဂျွန်ဘုရားကျောင်းက ကက်သလစ် ဘုန်းတော်ကြီး ဖာသာ ဂျွန်အောင်ကို နှင်ထုတ်ပြီး စစ်ကောင်စီ တပ်သားတွေက ဘုရားကျောင်းထဲ တပ်စွဲနေရာချတဲ့ ဖြစ်ရပ်ဟာ ဩဂုတ်လ အကုန်ပိုင်းမှာ ပေါ်ပေါက်ခဲ့တာ ဖြစ်တယ်လို့ ဟားခါးဒိုင်အိုစီ ကက်သလစ် ဘုရားကျောင်းများ သတင်းရင်းမြစ်တွေက ပြောတယ်လို့ FSSPX ရဲ့ သတင်း ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

    ဘုရားကျောင်းထဲမှာ ရှိတဲ့ ဘာသာရေးနဲ့ ဆိုင်တဲ့ အထွဋ်အမြတ်ထားရာ ပစ္စည်းတွေကို ဖယ်ရှားပစ်တာမျိုး၊ မြေကြီးပေါ် ပစ်ချတာမျိုး၊ ပိတ်ထားတဲ့ ကက်ဘိနက် ဗီဒိုတွေကို သော့တွေ ဖျက်စီး အဓမ္မ ဖွင့်တာမျိုးတွေ ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။ (အသွေးတော် အသားတော်ကို ကိုယ်စားပြုတဲ့ ဂျုံပြားထည့်ရာ ခွက်ကို လွှင့်ပစ်ပြီး ခြေထောက်နဲ့ တက်နင်းတာမျိုး ပြုမူခဲ့ကြောင်း မျက်မြင်တချို့က ထွက်ဆိုကြတယ်လို့ ဆိုပါတယ်။)

    ချပ်ရွာဆိုတာ အိမ်ထောင်စု ၇၀ နီးပါး ရှိတဲ့ ရွာဖြစ်ပြီး အဲဒီထဲက မိသားစု ၄၂ စုဟာ ကက်သလစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ ဒေသပတ်ဝန်းကျင်မှာ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ရွာကို စစ်ကောင်စီတပ်တွေ ရောက်လာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဘက်ပတစ် နှစ်ခြင်း ဘုရားကျောင်းထဲမှာလည်း သမ္မာကျမ်းစာအုပ်တွေကို လွှင့်ပစ်တာ၊ ဘုရားကျောင်း ပရိဘောဂတွေကို ဖျက်စီးတာမျိုးတွေ ရှိခဲ့ပြီး ဘုရားကျောင်း ပရိဝုဏ်ထဲ စစ်ကောင်စီ တပ်သားတွေဟာ အရက်သေစာတွေ သောက်စားမူးယစ်ကြ၊ သားကောင်တွေကို သတ်ဖြတ်၊ ချက်ပြုတ် စားသောက်ကြတာမျိုးတွေလည်း ပြုမူခဲ့ကြတယ်လို့ နှစ်ခြင်း အသိုင်းအဝိုင်းဘက်က ပြောကြောင်း FSSPX က ဆိုပါတယ်။

    အိန္ဒိယထဲမှာ အခြေစိုက်ထားတဲ့ ချင်းရေးရာ အဖွဲ့ချုပ် ICA ကလည်း စစ်ကောင်စီတပ်တွေရဲ့ အပြုအမူကို ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန် ထားပါတယ်။

    မင်းတပ်ဒေသထဲ ခရစ်ယာန် ဘုရားကျောင်းတွေထဲ တပ်စွဲနေရာယူခဲ့တဲ့ အပြုအမူနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ရှင်းလင်း ပြောကြားတာမျိုး မတွေ့ရသေးပါဘူး။

    ဘုရားကျောင်းဝင်းထဲ တပ်သားတွေ နေရာချခဲ့တယ်လို့ဆို
    Image caption: ဘုရားကျောင်းဝင်းထဲ တပ်သားတွေ နေရာချခဲ့တယ်လို့ဆို
  2. ခရစ်ယာန်ဘာသာရေး ပုဂ္ဂိုလ်တွေ အနည်းဆုံး အယောက် ၆၀ ကိုဗစ်ကြောင့် သေဆုံး

    မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးခဲ့တဲ့ ခရစ်ယာန် ဘုရားကျောင်း အသီးသီးက ဘုန်းတော်ကြီးတွေ၊ သင်းအုပ်ဆရာတွေ အစရှိသဖြင့် ဘာသာရေး ပုဂ္ဂိုလ်ပေါင်း ပြီးခဲ့တဲ့ ၆ လ အတွင်း အနည်းဆုံး အယောက် ၆၀ ရှိတယ်လို့ အာရှ ကက်သလစ် ယူနီယံ သတင်းဌာနက ပြောပါတယ်။

    အထူးသဖြင့် စစ်ကိုင်းတိုင်းထဲ ထည့်ထားတဲ့ ကလေးမြို့ နဲ့ ချင်းပြည်နယ် မြောက်ပိုင်း ဒေသတွေမှာ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဇွန်လထဲမှာတင် သေဆုံးသူ ၄၈ ယောက်လို့ ပြောတဲ့ အတွက် အခုတွေ့ကြုံ နေရတဲ့ ကိုဗစ်တတိယလှိုင်းဒဏ်မှာ သေဆုံးမှုများနေတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံ ကက်သလစ်ဘုန်းတော်ကြီးများ ကွန်ဖရင့်စ် CBCM ကနေ ဘာသာရေးဆိုင်ရာ ကိစ္စတွေ၊ သာရေး နာရေးတွေ လုပ်ဆောင်ရာမှာ ကိုဗစ်အန္တရာယ် မရှိအောင် ဘယ်လိုတွေပြုမူရမယ် ဆိုတဲ့ ညွှန်ကြားချက်တွေ ထုတ်ထားတယ်လို့ ဆိုပါတယ်။

    ကာဒီနယ် ချားလ်စ်ဘိုကလည်း အခုကျရောက်နေတဲ့ ကမ္ဘာ့ကပ်ဘေးနဲ့ အကြမ်းဖက်မှုတွေ၊ စစ်မက်တွေ၊ ဆင်းရဲမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေ ချုပ်ငြိမ်းပါစေကြောင်း အားလုံး ဝိုင်းဝန်း ဆုတောင်းကြဖို့ ပန်ကြားထားပါတယ်။

    ကလေးမြို့မှာ ဆိုရင် လူတွေ ရာပေါင်းများစွာ ကိုဗစ်ကူးစက်နေပြီး၊ သေဆုံးနေရသူ နေ့စဥ်ဆိုသလို အယောက် ၂၀ ဝန်းကျင် ရှိနေတဲ့အပြင် အောက်ဆီဂျင် မလုံလောက်မှုတွေ တွေ့ကြုံနေရတယ် ဆိုပြီး ဒေသခံ လူမှု ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

    တောင်ငူ ဇူလိုင် ၈ ရက်၊ ၂၀၂၁။
    Image caption: တောင်ငူ ဇူလိုင် ၈ ရက်၊ ၂၀၂၁။
  3. မြန်မာပြည်ထဲ စစ်ဘေးရှောင်ပြည်သူတွေထံ ကယ်ဆယ်ရေးလမ်းတွေ ဖွင့်ပေးဖို့ ပုပ်ရဟန်းမင်းကြီး ပန်ကြား

    မြန်မာနိုင်ငံထဲက စစ်ဘေးရှောင် ပြည်သူတွေ၊ ဆာလောင် မွတ်သိပ်နေသူတွေထံ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေ အရောက် ပေးပို့ခွင့်ပြုဖို့ ရိုမန်ကက်သလစ် ကျောင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာ စစ်ခေါင်းဆောင် တွေကို မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။

    ဗာတီကန်မြို့တော်၊ စိန့်ပီတာ ရင်ပြင်မှာ တနင်္ဂနွေနေ့ အများပရိသတ်ကို မေတ္တာပို့ ဆုတောင်း ပေးရင်းသား၊ မြန်မာအရေးကိုပါ ပုပ်ရဟန်းမင်းကြီး ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    ဒုက္ခသည်အရေး အများသတိပြုမိအောင် ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ဇွန်လ ၂၀ ရက်၊ ကမ္ဘာ့ ဒုက္ခသည်နေ့မှာ ပုပ်ဖရန်စစ်ဟာ မြန်မာပြည်တွင်းက စစ်ဘေးရှောင်တွေ အရေး ထပ်လောင်း ပြောဆိုလာပြန်တာ ဖြစ်ပါတယ်။

    မြန်မာ နိုင်ငံမှာ စစ်အာဏာသိမ်း ခံရပြီးနောက် ပဋိပက္ခတွေ အတွင်း အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဖြစ်ရပ်တွေ တိုးတက်ပေါ်ပေါက် လာနေပါတယ်။

    ဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦး၊ ဘုရားကျောင်းတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်တချို့ ရှိခဲ့တဲ့နောက်၊ ဘုရားပုထိုးတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ပလီဝတ်ကျောင်းတွေ အပါအဝင် ဘာသာရေး နေရာဌာနတွေ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေလို အများပြည်သူ ခိုကိုးရာ နေရာတွေ အပေါ်လေးစားကြဖို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောဆိုပါတယ်။

    “မြန်မာနိုင်ငံထဲက ကက်သလစ် ဘိရှော့ ဘုန်းတော်ကြီးတွေ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တိုက်တွန်းခဲ့သလိုပဲ အကျွန်ုပ်လည်း ထပ်တူ တိုက်တွန်းလိုပါတယ်။ မြန်မာပြည်ထဲမှာ ထောင်ပေါင်းများစွာသော ပြည်သူတွေ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးနေရတာတွေ၊ သေလုနီးပါး ငတ်မွတ် နေကြရတာတွေကို ကမ္ဘာကြီး သိစေချင်ပါတယ်။ စာနာမှု ထောက်ပံ့ရေး လမ်းကြောင်းတွေ ဖွင့်ပေးဖို့ မြန်မာ ဘိရှော့များနဲ့ အတူ အကျွန်ုပ်လည်း တိုက်တွန်းပါတယ်” ဆိုပြီး ပြောသွားပါတယ်။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
    Image caption: မြန်မာအရေး အလေးထား ပြောဆိုနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
  4. စစ်ပွဲတွေရပ်ဖို့ မြန်မာပြည် ကက်သလစ် ဂိုဏ်းချုပ်ဆရာတော် ပန်ကြား

    လက်နက်ကျည်ကျပြီး အရပ်သား အနည်းဆုံး ၄ ဦး သေဆုံး
    Image caption: လက်နက်ကျည်ကျပြီး အရပ်သား အနည်းဆုံး ၄ ဦး သေဆုံး

    မြန်မာနိုင်ငံ ကက်သလစ်ဘုရားကျောင်းရဲ့ အကြီးအမှူးဖြစ်တဲ့ ကာဒီနယ် ချားလ်စ်မောင်ဘိုက ဝတ်ပြုဆုတောင်း ကိုးကွယ်ရာ ဘာသာရေး အဆောက်အအုံတွေကို တိုက်ခိုတ်တာ မလုပ်ကြဖို့ ပန်ကြားလိုက်ပါတယ်။

    လွိုင်ကော်မြို့အနီး ကယန်းသာယာရွာမှာ ရှိတဲ့ ချာ့ချ်ကျောင်းပေါ် ပြီးခဲ့တဲ့ မေလ ၂၃ ရက်ည သန်းခေါင်အချိန်မှာ လက်နက်ကြီးကျည်ကျပြီး အရပ်သား အနည်းဆုံး ၄ ဦး သေဆုံးခဲ့သလို၊ ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တဲ့နောက် ကာဒီနယ် ချားလ်စ်မောင်ဘိုက အခုလို ထုတ်ပြန် လာတာ ဖြစ်ပါတယ်။

    ကလေးတွေ၊ အမျိုးသမီးတွေ အများစု ပါဝင်တဲ့ လက်နက်မကိုင်ထားတဲ့ ပြည်သူတွေ ခိုလှုံနေတဲ့ ဘုရားကျောင်းကို ဗုံးတွေ၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။

    နိုင်ငံတကာ သတ်မှတ်ချက်တွေအရ ဝတ်ပြု ကိုးကွယ်ရာ နေရာတွေ ဆိုတာ အကာအကွယ်ပြု ပေးရမယ့် နေရာတွေ ဖြစ်တယ်လို့ စစ်ပွဲဆိုင်ရာ ကျင့်ဝတ်ပိုင်း နိုင်ငံတကာ သဘောတူမှုတွေ ဖြစ်တဲ့ သဟေ့ဂ် ပဋိညာဥ်တွေကို ရည်ညွှန်းပြီးတော့ မြန်မာနိုင်ငံ ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်က ပြောထားပါတယ်။

    လွိုင်ကော်တဝိုက် အဖြစ်အပျက်တွေကြောင့် အိုးအိမ်တွေစွန့်ခွာ ထွက်ပြေးကြရသူတွေ သောင်းနဲ့ချီ ရှိနေပြီး အဲဒီသူတွေဟာ အစားအသောက်၊ ဆေးဝါးကအစ ထောက်ပံ့ ကယ်ဆယ်ရေး ပစ္စည်းတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

    စစ်ပွဲတွေ အမြန်ဆုံး ရပ်တန့်နိုင်ရေး အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးကို မေတ္တာရပ်ခံကြောင်းလည်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

    စစ်ပွဲတွေအမြန်ဆုံးရပ်ဖို့ မေတ္တာရပ်ခံ
    Image caption: စစ်ပွဲတွေအမြန်ဆုံးရပ်ဖို့ မေတ္တာရပ်ခံ
  5. မြန်မာလူငယ်တွေရဲ့ သွေးတွေ မြေပေါ်ထပ်မကျစေတော့ဖို့ စစ်ကောင်စီကို ပုပ်ဖရန်စစ် မေတ္တာရပ်ခံ

    စစ်ကောင်စီက လူတွေကို လမ်းပေါ် ပစ်သတ်နေတာတွေကို ရပ်ဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက တောင်းဆိုနေတာတွေထဲ ရိုမန်ကက်သလစ် ကျောင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်လည်း ပါ၀င်လာပါတယ်။

    မြန်မာပြည်မှာ သွေးမြေကျနေရတာတွေ ရပ်တန့်ဖို့ ပုပ်ဖရန်စစ်က မေတ္တာရပ်ခံပါတယ်။

    လူပရိသတ်အများကို အပတ်စဥ် ပြောတဲ့ တရားပွဲကို အခု ကိုဗစ်ကာလမို့ ဗာတီကန်နန်းတော် စာကြည့်တိုက်ထဲမှာ ပြုလုပ်ရင်း မြန်မာအကြောင်းကိုပါ ပုပ်ရဟန်းမင်းကြီးက ထည့်သွင်းပြောလာတာ ဖြစ်ပါတယ်။

    “ မြန်မာပြည်မှာဆိုးရွားနေတဲ့ အခြေအနေတွေအကြောင်း အရေးတကြီး ထပ်ပြီးပြောဖို့လိုလာပြီလို့ ကျွန်ုပ် အင်မတန် ၀မ်းနည်းစွာ ထင်မြင်ယူဆပါတယ်။

    မြန်မာပြည်အတွက် မျှော်လင့်ချက်ကို ပေးစွမ်းနိုင်ဖို့ ကြိုးစားကြရင်း ငယ်ရွယ်သူတွေ အများစု ဖြစ်တဲ့ လူပေါင်းများစွာ အသက်ဆုံးရှုံးနေရပါတယ်။

    မြန်မာပြည်ရဲ့ လမ်းမတွေပေါ် အကျွန်ုပ် ဒူးထောက်ပြီး၊ အကြမ်းဖက်မှု ရပ်တန့်ပါလို့ ပြောဆိုပါတယ်။

    ကျွန်ုပ်ရဲ့ လက်တွေကို ဆန့်တန်းပြီးတော့လည်း ပြောပါမယ်။ တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ အဖြေရှာကြပါ။သွေးထွက်သံယို ဖြစ်ခြင်းနဲ့ ဘာကိုမှ ဖြေရှင်းလို့ မရနိုင်ပါဘူး။ တွေ့ဆုံ ဆွေးနွေးကြပါ။” ဆိုပြီး ပုပ်ဖရန်စစ်က ပြောသွားပါတယ်။

    ပုပ်ဖရန်စစ်
    Image caption: သွေးထွက်သံယို ဖြစ်ခြင်းနဲ့ ဘာကိုမှ ဖြေရှင်းလို့ မရနိုင်ပါဘူး။ တွေ့ဆုံ ဆွေးနွေးကြပါ
  6. Video content

    Video caption: နယူးဇီလန် ခရိုက်စ်ချပ်စ် သေနတ်သမား ကို ထောင်ဒဏ် တစ်သက်ချမှတ်
  7. တောင်ကိုရီးယား ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင်းကပုံ

    ဘုရားကျောင်းတစ်ခုမှာ အစုလိုက်အပြုံလိုက် ဖြစ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှုကြောင့် တောင်ကိုရီးယားမှာ စိုးရိမ်ထိတ်လန့်နေ

    အပြည့်အစုံ ဖတ်ရန်
    next