ဂျိုးဘိုင်ဒန်

  1. အာဆီယံ

    အာဆီယံ ဒေသတွင်း ဖော်ဆောင်မယ့် ဗျူဟာမြောက် စီမံကိန်းတွေ တရုတ်နဲ့ အမေရိကန်မှာ ကိုယ်စီရှိနေ

    အပြည့်အစုံ ဖတ်ရန်
    next
  2. အာဆီယံ

    အမေရိကန်သမ္မတ ကိုယ်တိုင် ပါဝင် တက်ရောက်မယ့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ မြန်မာ စစ်ခေါင်းဆောင်ကို ချန်ထားပြီး ကျင်းပ

    အပြည့်အစုံ ဖတ်ရန်
    next
  3. မစ္စတာ ဘိုင်ဒန်က အမေရိကန်အနေနဲ့ ထိုင်ဝမ်ကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်လို့ ပြောပါတယ်။

    မစ္စတာ ဘိုင်ဒန်က အမေရိကန်အနေနဲ့ ထိုင်ဝမ်ကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်လို့ ပြောပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  4. Video content

    Video caption: အမေရိကန်တပ်တွေ ဆုတ်ခွာမှု သမ္မတဘိုင်ဒန် ကာကွယ်ပြောဆို

    ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာ အမေရိကန် ဒေါ်လာ ၂ ထွီလီယံ ကျော်လောက် အမေရိကန်ဘက်က အသုံးပြုခဲ့

  5. Video content

    Video caption: အာဖဂန် နစ္စတန်အတွင်းက နိုင်ငံတကာ တပ်တွေ အပြီးသတ် ထွက်ခွာ

    အာဖဂန်နစ္စတန် နိုင်ငံတွင်းမှာ ဆယ်စုနှစ် နှစ်ခုကြာ ၀င်ရောက်ခဲ့တဲ့ နိုင်ငံတကာတပ်တွေ အပြီးသတ် ဆုတ်ခွာသွားပါပြီ။

  6. Video content

    Video caption: အမေရိကန်တပ်တွေ ဆုတ်ခွာမယ့်ရက်ကို နောက်ဆုတ်မှာမဟုတ်

    အမေရိကန်တပ်တွေ ဆုတ်ခွာတဲ့အခါ အာဖဂန်နိုင်ငံကို ဘယ်နိုင်ငံတွေက ကြီးစိုးလာနိုင်ဖွယ်ရှိပါသလဲ။

  7. အာဆီယံဆွေးနွေးပွဲတွေမှာ သီတင်းတစ်ပတ်လုံး ဘလင်ကင်ရှိနေမယ်

    မြန်မာအရေး အာဆီယံမူ ၅ ချက် အမြန် အကောင်အထည်ဖော်ဖို့ ဝန်ကြီးဘလင်ကင် ထပ်မံ တိုက်တွန်းလာဖွယ်ရှိ

    အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်ဟာ အာဆီယံ နိုင်ငံတွေက အဆင့်မြင့် အရာရှိတွေနဲ့ အွန်လိုင်း တွေ့ဆုံ ဆွေးနွေးတာတွေကို ရှေ့သီတင်းပတ် ထဲမှာ နေ့စဥ် ပြုလုပ်သွားဖို့ ရှိတယ်ဆိုပြီး၊ အမေရိကန် နိုင်ငံခြားရေး ဌာနကနေ လာတဲ့ သတင်းတွေက ဆိုပါတယ်။

    ရှေ့သီတင်းပတ်ထဲ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ နှစ်လည် အစည်းအဝေး ရှိနေတာမှာ ဝန်ကြီးဘလင်ကင်လည်း ပါဝင်မှာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

    မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ ထိုင်း တို့ ပါဝင်တဲ့ မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတွေရဲ့ အစည်းအဝေးလိုမျိုး သီးခြား ကျင်းပတဲ့ အစည်းအဝေးတွေလည်း ဆက်တိုက် ရှိနေတာမှာ၊ အဲဒီ အစည်းအဝေး တွေမှာလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ၅ ရက်ဆက်တိုက် ပါဝင်မှာ ဖြစ်တယ်လို့ သံတမန် အသိုင်းအဝိုင်းက ပြောနေတာ ဖြစ်ပါတယ်။

    ဒါဟာ အာဆီယံ နိုင်ငံတွေနဲ့ကြား ဆက်ဆံရေးကို သမ္မတ ဘိုင်ဒင် အစိုးရကအလေးထားနေတာကို ဖော်ပြနေတယ်လို့ အကဲခတ်တွေက ပြောကြပါတယ်။ လူဦးရေ သန်း ၆၀၀ ကျော် ရှိတဲ့ အာဆီယံ ဒေသမှာ စီးပွားရေး အင်အားကြီး တရုတ်ပြည်မကြီး အစိုးရရဲ့ ဩဇာလွှမ်းမိုးမှုတွေကို ချိန်ခွင့်လျှာညှိ တန်ပြန်နိုင်ဖို့ အမေရိကန်က ကြိုးစားနေတယ်လို့လည်း ဆိုကြပါတယ်။

    တခါ၊ အာဆီယံနိုင်ငံ တစ်ခုဖြစ်တဲ့ မြန်မာပြည်မှာ တကျော့ပြန် စစ်အာဏာ သိမ်းခံ ရပြီးနောက် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေဟာ နိုင်ငံတကာ အစည်းအဝေးတွေမှာ ထည့်သွင်း ဆွေးနွေးစရာ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

    ဒါ့ကြောင့် ရှေ့တစ်ပတ် အာဆီယံ အစည်းအဝေးတွေမှာလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကင်က မြန်မာအရေး ဖြေရှင်းဖို့ရာ အာဆီယံ သဘောတူ ၅ ချက်ကို အမြန်ဆုံး အကောင်အထည် ဖော်ဖို့ တွန်းအားပေး ပြောဆိုတာမျိုးတွေ ပြုလုပ်လာဖွယ် ရှိတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက စင်္ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင် စတဲ့ အာဆီယံ ဒေသတွင်း နိုင်ငံတွေကို လူကိုယ်တိုင် ရောက်နေခဲ့တဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင်ကလည်း မြန်မာ အရေးနဲ့ ပတ်သက်ပြီး အာဆီယံ ကြားဝင်ရေး လမ်းကြောင်းကို အကောင်အထည် ဖော်ကြဖို့ တိုက်တွန်းတာမျိုး လုပ်ခဲ့ပါတယ်။

    အာဆီယံ
    Image caption: အာဆီယံဒေသမှာ တရုတ်ဩဇာကို ချိန်ခွင်လျှာညှိဖို့ ဘိုင်ဒင်အစိုးရ အာရုံစိုက်လုပ်နေ
  8. မြန်မာ့ဒီမိုကရေစီရေး နောက်ကြောင်းပြန်သူတွေကို အရေးယူနိုင်ရေး အမေရိကန် အားပေးတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် ပြောဆို

    ဝန်ကြီးဘလင်ကင်
    Image caption: စစ်တပ်က အကြမ်းဖက် ဖိနှိပ်နေတာတွေ ရပ်ဖို့လည်း ဝန်ကြီးဘလင်ကင် တောင်းဆို

    မြန်မာပြည်သူတွေဟာ သူတို့ ကိုယ်တိုင် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရ ပြည်လည် အသက်ဝင်နိုင်အောင် ကြိုးပမ်းနေတာကို အမေရိကန်ပြည်ထောင်စုက ခိုင်ခိုင်မာမာ အတူတကွ ရပ်တည်ပေးနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်က သူ့ရဲ့ တွစ်တာ စာမျက်နှာကနေ တဆင့် ထုတ်ပြန်ပါတယ်။

    မြန်မာ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း ဝန်ကြီး ဘလင်ကင်က ဆိုပါတယ်။

    အဲဒီလို တွေ့ဆုံရတဲ့အတွက် ဝမ်းမြောက်ကြောင်း ပြောရင်းမှာပဲ မြန်မာပြည် ဒီမိုကရေစီလမ်းပေါ် ပြန်ရောက်အောင် လှုပ်ရှားရုန်းကန်မှုတွေမှာ အမေရိကန် ပြည်ထောင်စုက အတူတကွ ရပ်တည်ကြောင်း ဝန်ကြီး ဘလင်ကင်က ထပ်လောင်း ကတိပြု ပြောဆိုတာ ဖြစ်ပါတယ်။

    မြန်မာပြည်သူတွေ အပေါ်စစ်တပ်က အကြမ်းဖက် ဖိနှိပ်နေတာတွေ ရပ်ဖို့လည်း အမေရိကန်က တောင်းဆိုကြောင်း ဝန်ကြီးဘလက်က ရေးသားထားပါတယ်။

    မြန်မာ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံခဲ့ကြောင်း ပြောခွင့်ရ နက်ဒ်ပရိုက်စ်ကလည်း အတည်ပြုပါတယ်။

    မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နောက်ကြောင်းပြန် ပြောင်းလဲပစ်သူတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ကြသူတွေကို အပြစ်ပေး အရေးယူနိုင်ရေးမှာလည်း အမေရိကန် အစိုးရက အားပေးကူညီမယ့် အကြောင်း ဝန်ကြီး ဘလင်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

    မြန်မာအရပ်ဘက်အဖွဲ့တွေနဲ့ တွေ့ဆုံ
    Image caption: မြန်မာအရပ်ဘက်အဖွဲ့တွေနဲ့ တွေ့ဆုံ
  9. အသက်၇နှစ်အရွယ်ပါမချန် သတ်ဖြတ်နေတယ်လို့ စစ်ကောင်စီကို အမေရိကန်ရှုတ်ချ

    မခင်မျိုးချစ်
    Image caption: ဖခင်ရဲ့ရင်ခွင်ထဲ ရှိနေလျက်သား သေနတ်နဲ့ပစ်ခံခဲ့ရတဲ့ ကလေးငယ်

    မြန်မာ အာဏာသိမ်း စစ်ကောင်စီဟာ အသက် ၇ နှစ် အထိ ငယ်ရွယ်တဲ့ ကလေးငယ်ကိုပါ မချန် သတ်ဖြတ် နေတဲ့ အတွက် အင်မတန် တုန်လှုပ် ၀မ်းနည်းရတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာနက မတ်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

    မန္တလေး အောင်ပင်လယ်ရပ်ကွက် နေအိမ်မှာ ဖခင်ရဲ့ ရင်ခွင်ထဲ ရှိလျက်သား အချိန်၊ စစ်ကောင်စီ တပ်ဖွဲ့က အိမ်ထဲကို အဓမ္မ၀င်ရောက် ပစ်ခတ်တာ ခံရတဲ့အတွက် ၇ နှစ် သမီးငယ် မခင်မျိုးချစ် သေဆုံးခဲ့ရတာကို ကြည့်ရင်၊ မြန်မာပြည်သူတွေရဲ့ အသက်ကို နည်းနည်းမှ တန်ဖိုးမထားပဲ စစ်တပ်က ခြောက်ခြားဖွယ်ရာ ကျုးလွန်တိုက်ခိုက်နေတာ သိသာတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ နက်ဒ်ပရိုက်စ်က ဆိုပါတယ်။

    မြန်မာစစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုတွေ ဆက်ပြီး ကျုးလွန်နေတာမှာ အခု သီတင်းပတ် အတွင်း ထပ်မံ သေဆုံးရသူ အနည်းဆုံး ၂၇ ယောက် ရှိပြီး၊ အဲဒီထဲမှာ ကလေးသူငယ်တွေလည်း ပါ၀င်နေတယ် ဆိုပြီးတော့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မစ္စတာပရိုက်စ်က ပြောပါတယ်။

    အမေရိကန် အနေနဲ့ ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူ ၀မ်းနည်းပြီး၊ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေ အပေါ် အဆုံးစွန် ရှုတ်ချတယ်လို့ ပြောခွင့်ရ မစ္စတာ ပရိုက်စ်ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

    အကြမ်းဖက် ခြောက်လှန့်ပြီး တိုင်းပြည်ကို စီမံအုပ်ချုပ်လို့ မရဘူးလို့လည်း စစ်ကောင်စီကို အမေရိကန်က သတိပေးပါတယ်။

    အဲဒီ ထုတ်ပြန်ချက် ထွက်မလာခင် အစောပိုင်းတုန်းကလည်း မြန်မာ စစ်တပ်ပိုင် စီးပွားရေး ကုမ္ပဏီကြီးတွေကို နာမည်ပျက်စာရင်းသွင်းပြီး ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ကြောင်း မတ်လ ၂၅ ရက်နေ့မှာပဲ အမေရိကန်နဲ့ ဗြိတိန် အစိုးရတို့က ရှေ့ဆင့်နောက်ဆင့် ဆိုသလို ကြေညာပါတယ်။

    စစ်တပ်ပိုင် ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ ဦးပိုင်နဲ့ MEC လို့ အသိများတဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း တို့ နဲ့ ပတ်သက်နေတဲ့ အမေရိကန်နိုင်ငံထဲက ပိုင်ဆိုင်မှု အားလုံးကို အမေရိကန် ဘဏ္ဍာရေး၀န်ကြီး ဌာနက ထိန်းချုပ်လိုက်ပါတယ်။

    အဲဒီ မြန်မာ စစ်တပ်ကုမ္ပဏီတွေနဲ့ အမေရိကန် နိုင်ငံသားတွေ စီးပွားရေး မလုပ်ရဆိုပြီးတော့လည်း ကန့်သတ်ပိတ်ပင်ပါတယ်။

    စစ်တပ်ပိုင် အဲဒီ ကုမ္ပဏီတွေရဲ့ အောက်မှာ သတ္တုတွင်း တူးတာကစလို့၊ ခရီးသွားလုပ်ငန်း အထိ စီးပွားရေး လုပ်ငန်း အမျိုးမျိုးကို စစ်တပ်က လက်၀ါးကြီး အုပ်ထားပြီး၊ အဲဒီ လုပ်ငန်းတွေ ကြောင့်ပဲ စစ်ဗိုလ်ချုပ်တွေ ချမ်းသာကြွယ်၀ နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    “အခုအရေးယူမှုဟာ၊ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့စီးပွားရေး အကျိုးအမြတ်တွေပေါ် ပစ်မှတ်ထားတာ ဖြစ်တယ်။ အဲဒီက ရတဲ့ ငွေကြေးတွေကို သုံးပြီး ပြည်သူတွေအပေါ် စစ်တပ်က ကြမ်းကြုတ်ရက်စက်စွာ ဖိနှိပ်နေတာ ဖြစ်တယ်” လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး အန်တိုနီ ဘလင်ကင်က ထုတ်ပြန်ပါတယ်။

    အမေရိကန်နဲ့ ချိန်ကိုက်ပြီးတော့ ဗြိတိန်လည်းပဲ၊ MEC အပေါ် ပစ်မှတ်ထားတဲ့ အရေးယူမှုတွေ ချမှတ်ကြောင်း ကြေညာပါတယ်။

    အပြစ်မဲ့ အရပ်သားတွေ အပေါ် အင်မတန် ကျုးလွန်နေတဲ့ မြန်မာစစ်တပ်အပေါ် အရေးယူဖို့ ဗြိတိန် အပါအ၀င် မဟာမိတ်တွေ တုံ့နှေးနေမှာ မဟုတ်ဘူးလို့လည်း ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီး ဒေါမနစ်ရပ်ဘ်က ပြောပါတယ်။

    စစ်တပ်ရဲ့လက်ကြီးစီးပွားရေး ဦးပိုင်
    Image caption: စစ်တပ်ရဲ့လက်ကြီးစီးပွားရေး ဦးပိုင်
    MEC
    Image caption: စစ်တပ်ပိုင် MEC ကို အမေရိကန်ရော ဗြိတိန်ပါ ပိတ်ဆို့အရေးယူ
  10. ဂျပန်ခရီးစဥ်မှာလည်း ၀န်ကြီးဘလင်ကင် မြန်မာစစ်တပ်ကိုရှုတ်ချ

    ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး အန်တိုနီဘလင်ကင်က သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာ အရေးကိုလည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲရလာဒ်တွေကို ပြောင်းလဲပစ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါ့အပြင် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေကြသူတွေ အပေါ်မှာလည်း ကြမ်းကြုတ်ရက်စက်စွာ ဖိနှိပ်ဖြိုခွဲနေတယ်” လို့ ၀န်ကြီး ဘလင်ကင် ပြောသွားတာပါ။

    သူဟာ တဆက်တည်းမှာပဲ တရုတ်ပြည်မကြီး အစိုးရကိုလည်း ၀ေဖန်သွားပါတယ်။

    ဘေဂျင်းအစိုးရဟာ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ထိုင်၀မ်ရဲ့ ဒီမိုကရေစီတို့ကို ဖျက်စီးနေတယ်၊ ရှင်ကျန်းနဲ့ တိဘက်မှာလည်း လူ့အခွင့်အရေးတွေ ချိုးဖောက်နေတယ်၊ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ပြီးတော့လည်း တောင်တရုတ်ပင်လယ်ပြင်မှာ ပိုင်နက်ချဲ့ထွင်နေတယ်လို့ ၀န်ကြီးဘလင်ကင်က ၀ေဖန်ပါတယ်။

    အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဘလင်ကင်ဟာ ကာကွယ်ရေး၀န်ကြီး လွိုက် အော်စတင်နဲ့ အတူ အာရှ မဟာမိတ် နိုင်ငံတွေ ဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေကို ခရီးထွက် နေတာ ဖြစ်ပါတယ်။

    အခုဆိုရင် အမေရိကန် အစိုးရ ထိပ်တန်း အဖွဲ့၀င် နှစ်ယောက်ဟာ တိုကျိုမြို့တော်မှာ ဂျပန် ၀န်ကြီးချုပ် ယိုရှီဟီးဒေး ဆူးဂနဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။

    အဲဒီတွေ့ဆုံပွဲ အပြီး ပူးတွဲကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ဘလင်ကင်က မြန်မာအရေးကိုပါ ထည့်သွင်း ပြောခဲ့တာ ဖြစ်ပါတယ်။

    တရုတ်ပြည်မကြီး အစိုးရကိုလည်း ၀ေဖန်
    Image caption: တရုတ်ပြည်မကြီး အစိုးရကိုလည်း ၀ေဖန်
စာမျက်နှာ 1 ရဲ့ 6