ဥရောပသမဂ္ဂ

  1. Video content

    Video caption: ရွေးကောက်ပွဲရလဒ် ယုံကြည်ရတယ်လို့ နိုင်ငံတကာဆို

    စစ်အာဏာရှင်စနစ်အောက်က အပြီးတိုင်လွတ်မြောက်ဖို့နဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်သွားဖို့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကတိပေး

  2. Video content

    Video caption: စစ်ကိုင်းတိုင်းဘက်က တိုက်ပွဲများ

    အရပ်သားတွေအပေါ် အာဏာသိမ်းစစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကို ဥရောပ သမဂ္ဂက ပြင်းပြင်းထန်ထန် ကန့်ကွက်

  3. စစ်ကောင်စီကိုယ်စားလှယ် ကုလအထွေထွေညီလာခံမှာ ပါဝင်ခွင့်မပြုဖို့ အမေရိကန်နဲ့ တရုတ်ကြား သဘောတူမှု ရနိုင်ပြီလို့ သတင်းထွက်ပေါ်

    အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ စကားပြောခွင့် မပေးဖို့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကြား သဘောတူမှု ရထားတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။

    အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ကုလအထွေထွေညီလာခံကနေ တားဆီးရေးကို ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား သီတင်းပတ် တချို့ကြာ အချိန်ယူပြီး ကြိတ်ဆွေးနွေးနေခဲ့ကြတာ ဖြစ်တယ်လို့ အမေရိကန် အခြေစိုက် နိုင်ငံခြားရေး မူဝါဒ စာစောင် “ဖောရိန်းပေါ်လစီ FP” က ရေးပါတယ်။

    အမေရိကန်နဲ့ တရုတ်ကြား ရလာတဲ့ သဘောတူမှုအရ ဦးကျော်မိုးထွန်း အနေနဲ့လည်း အထွေထွေ ညီလာခံမှာ စကားမပြောပဲ နေရမယ် ဆိုတဲ့ အချက် ပါဝင်တယ်လို့ ကနဦး သတင်းတွေက ဆိုပြီး ဘီဘီစီ အနေနဲ့ သီးသန့် အတည်ပြု နိုင်ဖို့ ကြိုးစား နေပါတယ်။

    တရုတ်နဲ့ အမေရိကန် ကမကထလုပ် ညှိနှိုင်းတဲ့ ဒီ သဘောတူမှုကို ဥရောပ သမဂ္ဂ အီးယူရော၊ အာဆီယံ နိုင်ငံတွေရော၊ ရုရှားပါ မကျန် အလွတ်သဘော လက်ခံတယ် ဆိုပြီး ကုလ သံတမန် သတင်းရင်းမြစ်တွေကို ကိုးကားပြီး FP က ပြောပါတယ်။

    စစ်ကောင်စီ ကိုယ်စားလှယ် အထွေထွေ ညီလာခံမှာ စကားပြောခွင့် မရ၊ ပါဝင်ခွင့် မရ ဖြစ်သွားမယ် ဆိုရင် တရားဝင် အစိုးရ သဖွယ် ပုံဖော်နိုင်ဖို့ စစ်ကောင်စီရဲ့ ကြိုးစားနေမှု အကြီးအကျယ် ထိုးနှက် ခံရတာ ဖြစ်ပါတယ်။

    အနည်းဆုံးတော့ စစ်ကောင်စီ အနေနဲ့ တရားဝင် အစိုးရ အဖြစ် အသိအမှတ် ပြု ခံရဖို့ ဆိုရင် အနည်းဆုံး နိုဝင်ဘာလ အထိတော့ စောင့်ရနိုင်တယ်လို့ FP က ဆိုပါတယ်။

    အရည်ချင်းစစ်ကော်မတီရဲ့ စိစစ်ထောက်ခံမှု ထွက်ပေါ်လာချိန်ကို ရည်ညွှန်းတာ ဖြစ်ပြီး အကယ်၍ စစ်ကောင်စီ ခန့်တဲ့ ကိုယ်စားလှယ် အဖွဲ့ကို လက်ခံတဲ့ အဖြေမျိုး ထွက်လာခဲ့ရင်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

    နိုင်ငံကို ကိုယ်စားပြုခွင့် အရည်ချင်းစစ်ကော်မတီထဲမှာ ဘယ်နိုင်ငံတွေ ပါမလဲ ဆိုတာလည်း အခု စက်တင်ဘာ ၁၄ ရက်နေ့မှာ ကြေညာလာမယ်လို့ မျှော်လင့် ရပါတယ်။

    ကုလ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ကော်မတီ ဥက္ကဌက ဆွီဒင်၊ အဖွဲ့ဝင်တွေက ပါနေကျ တရုတ်၊ ရုရှား၊ အမေရိကန်နဲ့ ကျန် ၅ နိုင်ငံကတော့ ဘဟားမားစ်၊ ချီလီ၊ ဘူတန်၊ ဆီယာရာလီယွန်း၊ တောင်အာဖရိကတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    စစ်ကောင်
    Image caption: စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို တားဆီးရေးကို ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား အချိန်ယူ ဆွေးနွေးခဲ့
  4. အီးယူစည်းမျဉ်းတွေကို ချိုးဖောက်ပြီး မြန်မာသစ်တွေ ဥရောပထဲ အီတလီကနေတဆင့် အဓိကဝင်နေ

    မြန်မာနိုင်ငံထဲက သစ်တွေဟာ အီတလီကနေ တဆင့် ကျန်ဥရောပ ဒေသတွေထဲ ဝင်ရောက်နေမြဲ ဖြစ်တယ် ဆိုတာကို အထောက်အထားတွေနဲ့ ဖော်ပြထားတဲ့ အစီရင်ခံစာ တစ်စောင် ထွက်လာပါတယ်။

    ပတ်ဝန်းကျင် ထိန်းသိမ်းမှု ဆိုင်ရာ တက်ကြွ လှုပ်ရှားသူ ဗြိတိသျှနိုင်ငံသားတွေနဲ့ အဓိက ဖွဲ့ထားပြီး လန်ဒန်နဲ့ ဝါရှင်တန် ဒီစီ မြို့တော်တွေမှာ ရုံးခန်းတွေ ထားရှိတဲ့ စုံစမ်းဖော်ထုတ်ရေး အေဂျင်စီ EIA အဖွဲ့က ထုတ်ပြန်တာ ဖြစ်ပါတယ်။

    မြန်မာပြည်မှာ စစ်အာဏာ တကျော့ပြန် သိမ်းခံရပြီးတဲ့နောက် အီးယူ အဖွဲ့က တုန့်ပြန်ပြီး ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ၊ ကန့်သတ်ချက်တွေကို ချိုးဖောက်ပြီး မြန်မာ့သစ်တွေကို ဥရောပထဲ သွင်းနေကြတာ ဖြစ်တယ်လို့ EIA က ဆိုပါတယ်။

    အဲဒီလို မြန်မာသစ်တွေ ဥရောပထဲ တရားမဝင် ဆက်လက် ဝင်နေတဲ့ လမ်းကြောင်းမှာ အီတလီ ကုန်သည်တွေက အဓိက အခန်းကဏ္ဍမှာ ရှိနေပြီး ၊ ဘယ်သူဘယ်ဝါတွေ ဖြစ်ကြောင်း EIA အနေနဲ့ ထုတ်ဖော်ထားနိုင်တဲ့ အီတလီ သစ်ကုန်သည် ၂၇ ယောက် ရှိတယ်လို့လည်း EIA က ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၃ လ တာ ကာလ အတွင်းမှာကို ယူရို တစ်သန်းခွဲဖိုး ဝန်းကျင် အထိ မြန်မာ့သစ်ထုတ်ကုန်တွေ ဥရောပထဲ ဆက်လက် ဝင်နေခဲ့တယ်လို့ ဆိုပါတယ်။

    စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသမားတွေ အပေါ် စစ်တပ်က အကြမ်းဖက် ကိုင်တွယ်ခဲ့တဲ့ အတွက် လူတွေ ရာပေါင်းများစွာ အသက်ဆုံးရှုံးနေတ​​ယ် ဆိုပြီး အီးယူက မြန်မာစစ်တပ်နဲ့ ပတ်သက်ဆက်စပ်နေတာတွေနဲ့ စီးပွားရေး မလုပ်ဖို့၊ မြန်မာစစ်တပ်လက်ထဲ ငွေကြေးတွေ စီးဝင်မနေဖို့ ရည်ရွယ်ချက်နဲ့ ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။

    “စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထားပြီး တိုးမြှင့် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ မဆိုင်ပဲနဲ့ EUTR လို့ခေါ်တဲ့ သစ်လုပ်ငန်းဆိုင်ရာ အီးယူရဲ့ ကန့်သတ် ထိန်းချုပ်ချက်တွေ အရကို မြန်မာနိုင်ငံထဲက ကျွန်းသစ် အပါအဝင် တခြားသစ်တွေကို ဥရောပထဲ သွင်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုတော့ မြန်မာ့ရဲ့ တောတောင်ရေမြေတွေကို ဖျက်စီးပြီး ထုတ်ယူတဲ့ သစ်တွေ ဥရောပထဲ ကုန်သွယ်နေမှုဟာ ပိုလို့တောင်မှ ကြီးထွားလာနေတယ်” လို့EIA ရဲ့ သစ်တောများ ဆိုင်ရာ ဆော်ဩရေးမှူး ဖေ့သ်ဒိုဟတီက ပြောပါတယ်။

    “ကုန်သည်တွေကို မေးကြည့်ရင်လည်း သူတို့ အနေနဲ့ ဥရောပ အကောက်ခွန် အာဏာပိုင်တွေထံက လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရလို့သာ အခုလို မြန်မာသစ်တွေကို သွင်းနိုင်တာ ဖြစ်တယ်၊ စာရွက်စာတမ်း မရှိပဲ ဘယ်လိုလုပ် အကောက်ခွန်ကို ဖြတ်နိုင်မလဲလို့ တုန့်ပြန် ဖြေကြားကြတယ်” ဆိုပြီး ဒိုဟတီက ဆိုပါတယ်။

    အဓိပ္ပာယ်ကတော့ အီးယူဘက်က သူတို့ ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေ အတိုင်း တကယ်လက်တွေ့ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတာ ဖြစ်တယ်လို့ EIA က ထောက်ပြ ဝေဖန်နေတာ ဖြစ်ပါတယ်။

    ရံဖန်ရံခါ သစ်ကုန်သည်တွေကို ဒဏ်ကြေး အနည်းအကျဥ်းလောက်သာ ဆောင်ခိုင်းတာမျိုးလောက်နဲ့ပဲ ပြီးသွားတဲ့ အတွက် မြန်မာသစ်တွေ ဥရောပထဲ တင်သွင်းမှု ပိုကြီးထွားနေတာ ဖြစ်တယ်လို့လည်း EIA က ဆိုပါတယ်။

    အီတလီ သစ်ကုန်သည် ၂၇ ယောက်ကို EIA ဖော်ထုတ်
    Image caption: အီတလီ သစ်ကုန်သည် ၂၇ ယောက်ကို EIA ဖော်ထုတ်
  5. လောင်းလုံးမြို့ ဆန္ဒပြပွဲ

    တန့်ဆည်မြို့နယ်ထဲက ကပေါင်းကျကျေးရွာနဲ့လိပ်ခြံကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေရှိ

    Catch up
    next
  6. နိုင်ငံရေး အကျဥ်းသားတွေ ချက်ခြင်းလွှတ်ဖို့ စစ်ကောင်စီကို အီးယူ ထိပ်တန်းအရာရှိ တောင်းဆို

    မြန်မာနိုင်ငံထဲ ပေါ်ပေါက်နေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး နိုင်ငံရေး အကျဥ်းသားတွေ အားလုံးကို ချက်ခြင်း ပြန်လွှတ်ဖို့ ဥရောပ သမဂ္ဂ အီးယူရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒပိုင်း ဆိုင်ရာ အကြီးအကဲ ဂျိုးဆက်ဖ် ဘိုရဲလ်က တောင်းဆို လိုက်ပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် ဒါတို အီရာဝန် ယူစွဖ်နဲ့တယ်လီဖုန်း ကနေ တဆင့် သူ စကားပြောဆို ခဲ့တယ်လို့ မစ္စတာ ဘိုရဲလ်က ထုတ်ဖော် ပြောရင်းမှာပဲ နိုင်ငံရေး အကျဥ်းသားတွေ အားလုံး ချက်ခြင်းလွှတ်ပေးဖို့အာဏာသိမ်း စစ်ကောင်စီကို အီးယူရဲ့ ထိပ်တန်း တာဝန်ရှိပုဂ္ဂိုလ် အနေနဲ့ ထပ်လောင်း တောင်းဆိုလာတာ ဖြစ်ပါတယ်။

    ဒါ့အပြင်၊ ဒီမိုကရေစီနည်းကျ မြန်မာနိုင်ငံတော် တည်ဆောက်ဖို့ရာ ဆိုရင် နိုင်ငံရေးအရ စစ်မှန်တဲ့ ညှိနှိုင်းဆွေးနွေးမှု ဖြစ်စဥ်တစ်ရပ် အကောင်အထည် ပေါ်လာဖို့ လိုအပ်တယ် ဆိုပြီးတော့လည်း မစ္စတာ ဘိုရဲလ်က မြန်မာအရေး အာဆီယံ အထူးသံတမန် အီရာဝန် ယူဆွဖ်ကို ပြောကြား ခဲ့ပါတယ်။

    စပိန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဖြစ်တဲ့ ဂျိုးဆက်ဖ် ဘိုရဲလ်ဟာ စပိန် ဆိုရှယ်လစ် အလုပ်သမားပါတီ အဖွဲ့ဝင် တစ်ယောက်ဖြစ်ပြီး၊ အီးယူရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒပိုင်း ဆိုင်ရာ အကြီးအကဲ အဖြစ် ၂၀၁၉ ဒီဇင်ဘာလက စလို့ တာဝန်ယူထားသူ ဖြစ်ပါတယ်။

    နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ ဆိုရင် အကြမ်းဖက်မှုတွေ ရပ်တန့်ရမယ်၊ လူသားချင်း စာနာနားလည်မှု ဆိုင်ရာ အထောက်အပံ့ အကူအညီတွေ ဝင်လာခွင့်ရှိရမယ် ဆိုတဲ့ အချက်တွေကိုလည်း မစ္စတာ ဘိုရဲလ်က မီးမောင်းထိုး ပြောခဲ့ပါတယ်။

    ဒါတို အီရာဝန်ယူဆွဖ်ဟာ အာဆီယံ အထူးသံတမန် အနေနဲ့ မြန်မာပြည်ကို ဘယ်တော့သွားမှာလဲ၊ အဖမ်းဆီးခံထားရတဲ့ ရွေးကောက်ခံ အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရာ ဖြစ်လာနိုင်မလား ဆိုတဲ့ မေးခွန်းတွေ ရှိနေပေမယ့် တိကျတဲ့ အစီအစဥ် ပေါ်ထွက်မလာသေးပါဘူး။

    အခုရက်ပိုင်းတွေမှာတော့ အာဆီယံ ဒေသတွင်း နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေရဲ့ နိုင်ငံခြားရေး တာဝန်ရှိသူတွေနဲ့ကြား အီရာဝန် ယူစွဖ်ဟာ မြန်မာအရေး ပြောဆို ဆွေးနွေးတာတွေ ပြုလုပ်နေတာ တွေ့နေရပါတယ်။

    ဂျိုးဆက်ဖ် ဘိုရဲလ်
    Image caption: စပိန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း၊ စပိန် ဆိုရှယ်လစ် အလုပ်သမားပါတီ အဖွဲ့ဝင် ဂျိုးဆက်ဖ် ဘိုရဲလ်
  7. မြန်မာ ကိုဗစ်ရောဂါ ထိန်းချုပ်ရေး အရေးပေါ် အကူအညီ ယူရို ၂ သန်း အီးယူပေး

    မြန်မာ နိုင်ငံမှာ ကိုဗစ် နိုင်တင်း ကူးစက်မှု များပြား နေတဲ့အပေါ် တုန့်ပြန် ကိုင်တွယ်ဖို့ရာ အရေးပေါ် အကူအညီ အနေနဲ့ ယူရို ၂ သန်း ထောက်ပံ့မယ်ဆိုပြီး ဥရောပသမဂ္ဂအဖွဲ့ အီးယူက သတင်းထုတ်ပြန်ပါတယ်။

    “အခုလို ခက်ခဲတဲ့ အချိန်မှာ မြန်မာပြည်သူတွေနဲ့ အတူ အီးယူ အဖွဲ့ ရပ်တည်ပါတယ်။ မြန်မာနိုင်ငံထဲ ကျန်းမာရေး စောင့်ရှောက်မှု စနစ် ချိနဲ့နေတဲ့ အတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင် နေရချိန် ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေကို ကိုဗစ် ရောဂါ ကုသ ပေးနိုင်ရေးမှာ အခု အီးယူရဲ့ ထောက်ပံ့ငွေတွေကို သုံးစွဲမှာ ဖြစ်တယ်” လို့ အီးယူ အဖွဲ့ရဲ့ အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေးဌာန အကြီးအကဲ ယဲန်းနက်စ် လဲန်နားချစ်ချ် Janez Lenarčičက ပြောပါတယ်။

    ဒါ့အပြင်၊ မြန်မာပြည်မှာ စစ်အာဏာသိမ်းခံခဲ့ရပြီးတဲ့ နောက်ပိုင်း ပြည်သူတွေဟာ အကြမ်းဖက်မှုတွေကို ခံစားနေကြရတဲ့ အခြေအနေနဲ့၊ ကျန်းမာရေး ကဏ္ဍက သူတွေအပေါ် ပစ်မှတ်ထား နေတာကိုလည်း အီးယူအနေနဲ့ အင်မတန် စိုးရိမ်နေတယ် ဆိုပြီးတော့ မစ္စတာ လဲန်နားချစ်ချ်က ဆိုပါတယ်။

    ကျန်းမာရေး ဝန်ထမ်းတွေ တိုက်ခိုက်ခံရမှုတွေကို အီးယူက ရှုတ်ချလိုက်ပြီး၊ သူတို့ကို နိုင်ငံတကာ ဥပဒေနဲ့ အညီ အကာအကွယ်တွေ ပြုပေးဖို့ကိုလည်း တောင်းဆိုတယ်လို့ မစ္စတာ လဲန်နားချစ်ချ်ရဲ့ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

    အီးယူက အခု ပေးတဲ့ ထောက်ပံ့ငွေတွေကို ယုံကြည်စိတ်ချရပြီး၊ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေထံ ခွဲဝေပေးထားတယ်လို့ ဆိုပါတယ်။

    အခု ကြေညာတဲ့ ကိုဗစ် ရောဂါ ကိုင်တွယ်ရေး အရေးပေါ် ငွေ ယူရို ၂ သန်း အပြင်၊ မြန်မာ နိုင်ငံထဲက စစ်ဘေးရှောင် ပြည်သူတွေ အတွက် ယူရို ၂၀.၅ သန်း ပေးဖို့ အီးယူက ခွဲဝေ သတ်မှတ်ထားနှင့်ပြီး ဖြစ်ပါတယ်။

    အီးယူ အဖွဲ့ရဲ့ အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေးဌာန အကြီးအကဲ ယဲန်းနက်စ် လဲန်နားချစ်ချ် Janez Lenarčič
    Image caption: အီးယူ အဖွဲ့ရဲ့ အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေးဌာန အကြီးအကဲ ယဲန်းနက်စ် လဲန်နားချစ်ချ် Janez Lenarčič
  8. မြန်မာပြည်မှာ ၆ လ အတွင်း လူတွေ သန်းချီငတ်မွတ်နိုင်ကြောင်း တွက်ဆထား

    Quote Message: အကျပ်အတည်းက ပိုပိုဆိုးလာတဲ့လမ်းပေါ် သွားနေတာကို ရပ်ပစ်ဖို့လိုတယ်

    မြန်မာနိုင်ငံမှာ လာမယ့် ခြောက်လ အတွင်း စားနပ်ရိက္ခာ မလုံလောက်တာတွေ သိသိသာသာ ပိုမိုဖြစ်လာနိုင်ပြီး သန်းပေါင်းများစွာသောသူတွေ ငတ်မွတ် ခေါင်းပါးတဲ့ဒဏ် ခံစားရလိမ့်မယ်ဆိုပြီး ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့ ယူအဲန်အိုချာက ထပ်လောင်း သတိပေးပါတယ်။

    ရခိုင်နဲ့ ဧရာဝတီဒေသတွေမှာ ကျေးလက်နေပြည်သူတွေ၊ စစ်ဘေးရှောင် ပြည်သူတွေကို အသီးအနှံနဲ့ ဆန်စပါး မျိုးစေ့တွေ၊ ကြက်စာတွေ၊ မြေဩဇာတွေ ထောက်ပံ့တာမျိုး စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးဆိုင်ရာ ကုလအဖွဲ့ FAO က လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

    ဇွန်လဟာ စိုက်ပျိုးရာသီနဲ့ ရိတ်သိမ်းရာသီကြား ကာလဖြစ်လို့ ကျေးလက်မှာ ပုံမှန် အတိုင်းဆိုရင်ကို အလုပ်အကိုင်ရှားတဲ့ ရာသီချိန် ဖြစ်ပါတယ်။

    လက်ရှိ ကြုံတွေ့နေရတဲ့ နိုင်ငံရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ မတည်ငြိမ်မှုတွေဟာ အခုလို ရာသီချိန်မှာ လူတွေကိုပိုပြီး အခက်ကြုံစေတယ်လို့ အိုချာက ပြောပါတယ်။

    တခြားတိုင်းပြည်တွေမှာ အလုပ်ဖြစ်ခဲ့ပြီး၊ လူ့အသက်တွေကို ကယ်နိုင်တာတွေ့ရတဲ့ ကြိုတင် တွက်ဆ လုပ်ဆောင်ချက် စီမံကိန်းတွေ ကုလ FAO က မြန်မာပြည်ထဲမှာလည်း လုပ်မယ်လို့ ဆိုပါတယ်။

    ဒါ့ကြောင့် အထက်မှာပြောထားသလို လူတွေ တနိုင်တပိုင် စိုက်ပျိုးမွေးမြူ စားနိုင်အောင် ထောက်ပံ့တဲ့ စီမံကိန်းတွေ ဖော်ဆောင်တာ ဖြစ်ပါတယ်။

    လက်ရှိ မြန်မာနိုင်ငံတွင်း အခြေအနေနဲ့ ပတ်သက်ပြီး အာရှနဲ့ ပစိဖိတ်ရေးရာ စီမံကိန်း အရာရှိ ဆုမ်ဆပ် ပီပိုပင်ညို ပြောတာက ...

    “မြန်မာတနိုင်ငံလုံး အနှံ့ အကြီးအကျယ် နှောင့်နှေး ရပ်ဆိုင်းနေတာတွေ တွေ့နေရပါတယ်။ အထူးသဖြင့် အဓိက ပို့ဆောင်ရေး လမ်းကြောင်းတွေ ပုံမှန် မလည်ပတ်နိုင်ပါဘူး။ အကျိုးဆက်အားဖြင့် ပြည်ပကသွင်းတဲ့ စားသုံးဆီနဲ့ စိုက်ပျိုးရေးသုံး မြေဩဇာတွေ စျေးတွေ ထိုးတက်လာပါတယ်”

    “ဝေးလံခေါင်ဖျားတဲ့ ဒေသကလူတွေနဲ့၊ လတ်တလော ထပ်တိုးလာတဲ့ စစ်ဘေးရှောင် မိသားစုတွေ စားရေရိက္ခာ မပြတ်လပ်အောင် ကာကွယ်မှ ဖြစ်လိမ့်မယ်။ အကျပ်အတည်းက ပိုပိုဆိုးလာတဲ့လမ်းပေါ် သွားနေတာကို ရပ်ပစ်ဖို့လိုတယ်” ဆိုပြီး မစ္စတာ ပီပိုပင်ညိုက ဆိုပါတယ်။

    FAO ကျင့်သုံးနေတဲ့ ကြိုတင်တွက်ဆ လုပ်ဆောင်ချက် Anticipatory Action စီမံကိန်းကို ဂျာမနီ၊ ဥရောပသမဂ္ဂ၊ ဘယ်လ်ဂျီယံနဲ့ ဆွီဒင်တို့က ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံထဲက ပရောဂျက်အတွက် ဂျာမနီ ဗဟိုအစိုးရရဲ့ နိုင်ငံခြားရေးရုံး ဆီက အကူအညီ အထောက်အပံ့ရတယ်လို့ ဆိုပါတယ်။

    ဒီမော့ဆို
    Image caption: တောတောင်တွေထဲ ထွက်ပြေးရတဲ့ ဒီမော့ဆို စစ်ဘေးရှောင်ပြည်သူတွေ၊ ကယား၊ ဇွန်လဆန်း ၂၀၂၁။
  9. Nike ၊ တရုတ်၊ ဝိဂါ

    ရှင်ကျန်းပြည်နယ်အကြောင်း ဝေဖန်ခဲ့လို့ Nike ထုတ်ပစ္စည်းတွေကို တရုတ်ပြည်သူတွေမသုံးဘဲ သပိတ်မှောက်ထားကြပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  10. မြန်မာစစ်ခေါင်းဆောင်တွအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ နောက်ထပ် တစ်နှစ်အထိ အီးယူ သက်တမ်းတိုး

    မြန်မာနိုင်ငံထဲက လက်ရှိ အခြေအနေတွေကြောင့် ချမှတ်ထားလက်စ ကန့်သတ်ချက်တွေကို ၃၀ရက် ဧပြီ ၂၀၂၂ အထိ တစ်နှစ်တာ တိုးမြှင့် ချမှတ်လိုက်တယ်လို့ ဥရောပကောင်စီက ကြာသပတေးနေ့ (၂၉ ဧပြီ ၂၀၂၁) ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

    ဥရောပကောင်စီ ဆိုတာ ဥရောပသမဂ္ဂ အီးယူအဖွဲ့ရဲ့ မူ၀ါဒပိုင်းဆိုင်ရာတွေကို တာ၀န်ယူ ချမှတ်ရတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

    မြန်မာပြည် စစ်အာဏာသိမ်းမှုမှာ တိုက်ရိုက်ပါ၀င် ပတ်သက်နေသူတွေ အပေါ် ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို သက်တမ်းတိုးတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

    အဲဒီသူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အပေါ် အကြမ်းဖက်တဲ့ လုပ်ရပ်တွေမှာ တာ၀န်ရှိတဲ့သူတွေ၊ ရိုဟင်ဂျာတွေ အပါအ၀င် တခြားလူမျိုးစုတွေ အပေါ် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျုးလွန်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

    အီးယူက ပစ်မှတ်ထားတဲ့သူတွေထဲ စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိတွေ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့က တာ၀န်ရှိသူတွေအပြင် အာဏာသိမ်း စစ်တပ်က ဖွဲ့စည်းတဲ့ အုပ်ချုပ်ရေးကောင်စီထဲက အရပ်သား အဖွဲ့၀င်တွေနဲ့ အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဥက္ကဌလည်း ပါ၀င်ပါတယ်။

    လူပုဂ္ဂိုလ်တွေ အပြင် စစ်တပ်ပိုင် စီးပွားရေး ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ ဦးပိုင် MEHL နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC တို့ အပေါ်လည်း အီးယူက ပိတ်ဆို့မှုတွေ ချမှတ်ထားတာ ဖြစ်ပြီး၊ အခု သက်တမ်းတိုးတဲ့ အထဲ အဲဒီ အရေးယူဆောင်ရွက်ထားမှုတွေလည်း အကြုံး၀င်ပါတယ်။

    မြန်မာပြည်ကို လက်နက်မရောင်းရ အပါအ၀င် ပြည်တွင်း ဖိနှိပ်မှုတွေမှာ ဆွဲယူအသုံးချနိုင်တဲ့ ဆက်သွယ်ရေး၊ ထောက်လှမ်းရေးတို့လို ပစ္စည်းကိရိယာတွေ မတင်ပို့ရေး၊ စစ်သင်တန်းပေးတာ၊ စစ်ရေးပူးတွဲလေ့ကျင့်တာမျိုး စစ်ရေးအရ ပူးပေါင်းမှု လုံး၀ မရှိစေရေး ဆိုတဲ့ ကန့်သတ်ချက်တွေကိုပါ သက်တမ်းတိုးတာ ဖြစ်ပါတယ်။

    ဥရောပအနေနဲ့ မြန်မာပြည်သူတွေနဲ့ အတူ ဆက်လက် ရပ်တည်သွားမှာ ဖြစ်ပြီး၊ လူသားချင်း စာနာနားလည်မှု ဆိုင်ရာ အထောက်အပံ့တွေကိုတော့ ဆက်လက် ကူညီသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီအဖွဲ့၀င်
    Image caption: စစ်ကောင်စီအဖွဲ့၀င် အရပ်သားတွေကိုပါ အီးယူပစ်မှတ်ထား
စာမျက်နှာ 1 ရဲ့ 7