ထိုင်းဘုရင်ကျန်းမာရေး မတည်ငြိမ်လို့ ဆရာဝန်တွေပြော

ဓာတ်ပုံ ရင်းမြစ်, AFP
ထိုင်းဘုရင် ကျန်းမာရေး ဆုတောင်းလှည့်လည်
ထိုင်းဘုရင် ဘူမိဘောရဲ့ ကျန်းမာရေး အခြေအနေ မတည်ငြိမ်ဘူးလို့ သူ့ကို ကုသပေးနေတဲ့ သမားတော်တွေက ပြောကြားပါတယ်။
တနင်္ဂနွေနေ့က ဘုရင့် ကျန်းမာရေး အတွက် သွေးသန့်စင် ကုသ ပေးခဲ့ရပြီး အသက်ရှူစက် တပ်ထားရတယ်လို့ ထိုင်းနန်းတော်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ဘုရင့်ကို တာဝန်တွေကနေ အနားပေးထားဖို့ သမားတော်တွေက တောင်းခံ ထားပါတယ်။
သက်တော် ၈၈ နှစ် ရှိပြီဖြစ်တဲ့ ထိုင်းဘုရင်ဟာ ကမ္ဘာ့ သက်တမ်း အရှည်ဆုံး စိုးစံနေတဲ့ ဘုရင်တပါး ဖြစ်ပြီး ထိုင်းနိုင်ငံရေးမှာ တည်ငြိမ်အောင် ထိန်းနိုင်ခဲ့လို့ သူ့ကို ထိုင်းနိုင်ငံသားတွေက အထူး ချစ်ခင် လေးစားကြပါတယ်။
ပြီးခဲ့တဲ့ ဆယ်နှစ်လုံး သူ့ကျန်းမာရေး အတွက် ဆေးရုံတက်နေရတာ များပြီး လူကြားထဲ ပေါ်မလာတာ လတွေနဲ့ချီပြီး ကြာနေပါပြီ။
အောက်တိုဘာလ ၁ ရက်က ထုတ်ပြန်တဲ့ သတင်းလွှာ အရ ဘုရင် အသက်ရှူကြောင်း လမ်း ဆိုင်ရာ အအေးမိ ဝေဒနာက ပြန်သက်သာလာပြီလို့ ဆိုပါတယ်။