ဆမ်ဆောင်း နုတ်ဆဲဗင်း ထုတ်လုပ်မှုတွေကို ရပ်စဲ

နုတ်ဆဲဗင်း

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

စင်ကာပူက စမ်းသပ်မှု တစ်ခုမှာ နုတ်ဆဲဗင်း ဟမ်းဆက်တစ်လုံး မီးလောင်သွားစဉ်။

တောင်ကိုရီးယား နည်းပညာ ကုမ္ပဏီကြီး ဆမ်ဆောင်းက သူတို့ရဲ့ နောက်ဆုံးထုတ် ဂလက်ဆီ နုတ် ဆဲဗင်း ဖုန်းတွေ ထုတ်လုပ်မှုကို လုံးဝ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

အစောပိုင်းက ဘက်ထရီ ပြဿနာ ရှိနေလို့ ပြန်လဲပေးခဲ့တဲ့ ဖုန်းတွေမှာလည်း ထပ်ပြီး မီးလောင်တဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပြီးနောက် အခုလို ထုတ်လုပ်မှုကို ရပ်ဆိုင်းတဲ့သတင်း ထွက်ပေါ် လာတာပါ။

နုတ်ဆဲဗင်း ထုတ်လုပ်တဲ့ ပမာဏ လျှော့ချတာကိုတော့ အစောပိုင်း ကတည်းက လုပ်ခဲ့ပြီးသား ဖြစ်သလို ရောင်းချမှုတွေကိုလည်း ရပ်ပစ်မယ်လို့ ဆမ်ဆောင်းက ပြောခဲ့ပါတယ်။

ဝယ်ထားသူတွေ အတွက်တော့ ငွေပြန်တောင်းတာ၊ ဒါမှမဟုတ် တခြား ဆမ်ဆောင်း ဖုန်းနဲ့ လဲယူတာတွေ လုပ်နိုင်တယ်လို့ ယူဆ ရပါတယ်။

နုတ်ဆဲဗင်းတွေမှာ ဘက်ထရီ ပေါက်ကွဲ မီးလောင်တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့လို့ ပြီးခဲ့တဲ့ စက်တင်ဘာမှာ ဆမ်ဆောင်းက ကမ္ဘာအနှံ့က နုတ်ဆဲဗင်း အလုံးပေါင်း ၂ သန်းခွဲကို ပြန်သိမ်းခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အသစ် လဲပေးလိုက်တဲ့ ဖုန်းတွေမှာပါ မီးလောင်တာတွေ ဆက်လက် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။