၁၅နှစ်အောက် မိန်းကလေး ၇ စက္ကန့်မှာ တစ်ဦးနှုန်း အိမ်ထောင်ကျ

ဒုက္ခသည်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ဒုက္ခသည် စခန်းတွေက မိန်းကလေးတွေ အသက်မပြည့်မီ အိမ်ထောင်ကျမယ့် အန္ကရာယ်နဲ့ ရင်ဆိုင်နေရ။

ကမ္ဘာပေါ်မှာ အသက် ၁၅ နှစ်အောက် မိန်းကလေးတွေ အိမ်ထောင်ကျတဲ့ နှုန်းက ၇ စက္ကန့်မှာ တစ်ယောက်နှုန်း ရှိနေတယ်လို့ Save the Children အဖွဲ့ရဲ့ အစီရင်ခံစာ အသစ်က ဆိုပါတယ်။

အာဖဂန်နစ္စတန်၊ ယီမင်၊ အိန္ဒိယနဲ့ ဆိုမာလီယာ နိုင်ငံတွေမှာ သက်ကြီး အမျိုးသားတွေနဲ့ အိမ်ထောင်ကျတဲ့ မိန်းကလေးငယ်တွေထဲမှာ အသက် ၁၀ နှစ်လောက်အထိ ငယ်ရွယ်သူတွေ ပါဝင်နေတယ်လို့ အဲဒီ အစီရင်ခံစာက ပြောပါတယ်။

အဲဒီလို အသက်မပြည့်မီ အိမ်ထောင်ကျတဲ့ မိန်းကလေးငယ်တွေ အဖို့ ဒီအဖြစ်ကြောင့် သူတို့ ဘဝမှာ ဆိုးကျိုးတွေနဲ့ ဆက်တိုက် ကြုံရဖို့ ဖြစ်လာစေနိုင်တယ်လို့ Save the Children အဖွဲ့က ပြောပါတယ်။

ပဋိပက္ခတွေ၊ ငတ်မွတ် ဆင်းရဲမှုတွေက မိန်းကလေးတွေ ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ကျရတဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Every Last Girl လို့ အမည်ပေးထားတဲ့ အဲဒီ အစီရင်ခံစာထဲမှာ မိန်းကလေးတွေ အတွက် အခြေအနေဆိုးတဲ့ နိုင်ငံတွေကို စာရင်းလုပ် ဖော်ပြထားပြီး၊ အဲဒီ စာရင်းမှာ ချတ်၊ နီဂျဲ၊ ဗဟိုအာဖရိက၊ မာလီ နဲ့ ဆိုမာလီယာ နိုင်ငံတွေက အဆိုးရွားဆုံး အဆင့်တွေမှာ ရှိပါတယ်။

အသက်မပြည့်မီ အိမ်ထောင်ကျတဲ့ မိန်းကလေး အရေအတွက်ဟာ လက်ရှိ ကမ္ဘာပေါ်မှာ သန်း ၇၀၀ ရှိနေပြီး လာမယ့် ၂၀၃၀ မှာဆိုရင် သန်း ၉၅၀ လောက်အထိ ရှိလာနိုင်တယ်လို့ ကုလ သမဂ္ဂ ကလေးများ ရန်ပုံငွေ ယူနီဆက်ဖ်က ခန့်မှန်း ထားပါတယ်။