အင်္ဂါဂြိုဟ်ပေါ် လူတွေ ပို့ဖို့ အိုဘားမား တိုက်တွန်း

mars

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ,

ဂြိုဟ်ပေါ်မှာ လူတွေ နေနိုင်အောင် ကြိုးစား

အမေရိကန် သမ္မတ အိုဘားမားက ၂ဝ၃ဝ ကျော်မှာ အင်္ဂါဂြိုဟ်ပေါ် လူတွေ ပို့ဖို့ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ ပူးတွဲ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အင်္ဂါဂြိုဟ်ကို လူလိုက်ပါတဲ့ အာကာသယာဉ် စေလွှတ်ဖို့လည်း သူ အရင်က ကြုံးဝါးခဲ့ဖူးပါတယ်။

ဒါပေမဲ့ သူ့အစီအစဉ်ကို ကွန်ဂရက် လွှတ်တော်က ဝေဖန်ခဲ့ပါတယ်။

ဒီဂြိုဟ်ပေါ်မှာ လူတွေ နေနိုင်အောင်၊ အာကာသ ယာဉ်မှူးတွေကို ပို့နိုင်ဖို့ ကြိုးစားသွားမယ်လို့ အိုဘားမားက CNN ရုပ်သံ ဝက်ဆိုက် မှာ ရေးသား ခဲ့တာပါ။

အရင်ကလည်း အမေရိကန် အာကာသ သိပ္ပံ အေဂျင်စီနဲ့ ကုမ္ပဏီတွေ ပူးတွဲ လုပ်ခဲ့တာတွေ ရှိပါတယ်။

SpaceX ကုမ္ပဏီနဲ့ ပေါင်းပြီး နိုင်ငံတကာ အာကာသ စခန်းကို ကုန်ပစ္စည်းပို့တာတွေ လုပ်ခဲ့တာပါ။

ကုမ္ပဏီ က ဒီ အေးစက်စက် အင်္ဂါဂြိုဟ်ပေါ်မှာ အမြဲတမ်း အခြေစိုက် စခန်းထားဖို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဒီအကြံကို လက်တွေ့မကျဘူးလို့ ဝေဖန်သူတွေ ရှိသလို ဒီလို ဂြိုဟ်ပေါ်သွားဖို့ သေချာ စီစဉ်နိုင်တဲ့အတွက် SpaceX ကို ချီးကျူးကြပါတယ်။

နာဆာရဲ့ အင်္ဂါဂြိုဟ် ခရီးစဉ် နဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၆ နှစ် ကတည်းက ကြေညာခဲ့တဲ့ စီမံကိန်းကိုတော့ ရှင်းရှင်းလင်းလင်း မရှိဘူး၊ ခရီးရောက်ဖို့ လိုသေးတယ်လို့ ကွန်ဂရက် လွှတ်တော်နဲ့ ကျွမ်းကျင်သူတွေက ဝေဖန်ထားပါတယ်။

ဒါပေမဲ့ ဒီလို ဝေဖန်မှုတွေနဲ့ အိုဘားမားရဲ့ ဂြိုဟ်နီပေါ် အရောက်သွားဖို့ စိတ်အားထက်သန်မှုကို မချိုးဖျက် နိုင်ပါဘူး။

အင်္ဂါဂြိုဟ်ပေါ် အရောက်သွားဖို့ အစိုးရနဲ့ ပုဂ္ဂလိက စွန့်စားတီထွင်သူတွေကြား ဆက်လက် ပူးပေါင်းသွားရမယ်၊ အခုလည်း လုပ်ငန်းစဉ်တွေ စနေပြီလို့ သူက ဆိုပါတယ်။

ဒီအတွက် ထိပ်တန်း သိပ္ပံ ပညာရှင်တွေ၊ အင်ဂျင်နီယာတွေကို ဒီတပတ်ထဲ ပစ္စဘတ် မြို့ကို ဖိတ်ပြီး ဆွေးနွေးသွားကြမယ်လို့ သမ္မတ အိုဘားမားက ရေးသား ထားပါတယ်။