အာဖဂန်နစ္စတန် မြို့တော် ကာဘူးလ်က ရှီအာ ဝတ်ကျောင်း တိုက်ခိုက်ခံရ

အာဖဂန် တာလီဘန် ရှီအာ
ဓာတ်ပုံ ပုံစာ,

အနည်းဆုံး လူ ၁၄ ဦး သေဆုံး

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကာဘူးလ်မှာ ရှိတဲ့ ရှီအာ မွတ်ဆလင်မ် ဘာသာရေး ဝတ်ကျောင်းတော် အတိုက်အခိုက် ခံရလို့ အနည်းဆုံး လူ ၁၄ ဦး သေဆုံး သွားပါတယ်။

ထိခိုက် ဒဏ်ရာ ရသွားသူ တော်တော် များများကိုလည်း နီးစပ်ရာ ဆေးရုံတွေဆီ ခေါ်သွား ရပါတယ်။

ကာတေး ဆာခီး အရပ်မှာ တည်ရှိတဲ့ ဝတ်ကျောင်းမှာ ရှီအာတို့ရဲ့ ဘာသာရေး အထွဋ်အမြတ် ပွဲတစ်ခု ဖြစ်တဲ့ (တမန်တော် မိုဟာမက်ရဲ့ မြေးတော် အီမာမ် ဟူစိန် ကွယ်လွန်ခြင်း အထိမ်းအမှတ်) အာရှူရာ ရက်မြတ် အခမ်းအနား ကျင်းပချိန် ဖြစ်တဲ့ အတွက် လူတွေ အမြောက်အများ စုဝေးနေတုန်း မှာပဲ အတိုက်အခိုက် ခံလိုက်ရတာ ဖြစ်ပါတယ်။

ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့ ပြီးတဲ့နောက် သေနတ် သမားတွေကလည်း ပစ်ခတ် ခဲ့ကြတယ် ဆိုပြီး မျက်မြင် သက်သေတွေက ဆိုပါတယ်။

တာလီဘန် အဖွဲ့လိုမျိုး ဆွန်နီ အစွန်းရောက်တွေက ရှီအာ ဘာသာဝင်တွေ အပေါ် အစ္စလာမ် ဘာသာရေးက သွေဖီ ဖောက်ပြန်သူတွေ အဖြစ် သတ်မှတ် ထားပြီး ရှီအာတွေရဲ့ ဝတ်ကျောင်းတော် တွေ၊ ဘာသာရေး အခမ်းအနား တွေကို ပစ်မှတ်ထား တိုက်ခိုက် ကြလေ့ ရှိပါတယ်။