IS က ဗုံးပါတဲ့ ဒရုန်းယာဉ်နဲ့ တိုက်ခိုက်၊ ၂ဦး သေဆုံး

ကာဒစ်ရှ် တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

IS တွေ လက်အောက်က မိုဆူးလ်မြို့ကို ပြန်သိမ်းနိုင်ဖို့ ကာဒစ်ရှ်တပ်တွေ ပြင်ဆင်နေ။

အီရတ် မြောက်ပိုင်းမှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့က ဗုံးပါတဲ့ ဒရုန်းယာဉ်နဲ့ တိုက်ခိုက်ခဲ့လို့ ကာဒစ်ရှ် တပ်သား ၂ ဦး သေဆုံးပြီး ပြင်သစ် တပ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာ ရခဲ့ပါတယ်။

ဒရုန်းယာဉ် တစ်စီး မြေပေါ် ပျက်ကျလာတာကို သွားကောက်တဲ့ အချိန်မှာ ဗုံးကွဲခဲ့တာလို့ ကာဒစ်ရှ် အရာရှိ တစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ဒီအဖြစ်အပျက်က IS တွေ သိမ်းထားတဲ့ မိုဆူးလ်မြို့ရဲ့ မြောက်ဘက်မှာ အောက်တိုဘာ ၂ ရက်နေ့က ဖြစ်ခဲ့တာပါ။

အဲဒီလို IS အဖွဲ့က ဒရုန်းယာဉ်တွေ သုံးပြီး တိုက်ခိုက်တာမျိုးကို ပြီးခဲ့တဲ့ လထဲမှာ အနည်းဆုံး ၂ ကြိမ်လောက် လုပ်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

အခု ဒီအဖြစ်အပျက် ပေါ်ပေါက်ခဲ့ပြီးနောက် ဒရုန်းယာဉ်တွေ အားလုံးကို ဗုံးလက်နက်အဖြစ် မှတ်ယူ ကိုင်တွယ်ကြဖို့ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တွေနဲ့ အီရတ် အစိုးရက သူတို့ တပ်ဖွဲ့တွေကို သတိပေးချက်တွေ ထုတ်ပြန် လိုက်ပါတယ်။