ဒေါ်နယ် ထရမ့်ကို ကုလ လူ့အခွင့်အရေး မင်းကြီး ဝေဖန်

ဓာတ်ပုံ မူပိုင် EPA
Image caption လူ့အခွင့်အရေး မဟာမင်းကြီး ဟူစိန်

အမေရိကန် ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ် ထရမ့်ရဲ့ နိုင်ငံရေး အမြင်တွေဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် အန္တရာယ် ကြီးတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Raad al-Hussein က ပြောကြား လိုက်ပါတယ်။

ညှဉ်းပန်းစစ်ဆေးမှုတွေ လုပ်တဲ့ကိစ္စနဲ့ နိမ့်ပါးတဲ့ လူ့အသိုင်းအဝိုင်းတွေအပေါ် ထရမ့်ရဲ့ ပြောစကားတွေအပေါ် မူတည်ပြီး မဟာမင်းကြီးက မှတ်ချက်ချ ခဲ့တာပါ။

မဲဆွယ်ပွဲတွေ အတွင်း ထရမ့်ပြောခဲ့တဲ့ စကားတွေက ဝက်ဝက်ကွဲ ပြောစရာတွေ ဖြစ်ခဲ့ပါတယ်။

ခုလည်း အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး သူပြောတဲ့ စကားတွေက တော်တော်ကို ဆိုးရွားပါတယ်။

အကယ်၍ ထရမ့်သာ သူပြောတဲ့ စကားတွေအတိုင်း မပြောင်းမလဲ သမ္မတ အဖြစ် တင်မြှောက်ခံရမယ် ဆိုရင် နိုင်ငံတကာ အမြင်နဲ့ ကြောက်စရာ ကောင်းလိမ့်မယ်လို့ မစ္စတာ ဟူစိန်က ဆိုပါတယ်။

သူ့အနေနဲ့ ဘယ်နိုင်ငံရဲ့ နိုင်ငံရေး မဲဆွယ်မှုကိုမှ ဝင်စွက်ဖက်လိုစိတ် မရှိပေမယ့်လည်း ဒီလို ရွေးကောက်ပွဲ တခုကြောင့် ညှဉ်းပန်း နှိပ်စက်မှုတွေ အသုံးပြုတာ တိုးပွားလာရင်၊ နောက်ပြီး နိမ့်ကျတဲ့ လူ့အသိုင်းအဝိုင်းက လူတွေရဲ့ လူ့အခွင့်အရေးတွေ ချိုးဖောက် ခံလာရမယ် ဆိုရင် ပြောစရာ လိုလာပြီလို့ လူ့အခွင့်အရေး မဟာမင်းကြီး ဟူစိန်က ဆိုပါတယ်။

လိုအပ်ရင် မျက်နှာ အဝတ်အုပ်ပြီး ရေလောင်းစစ်တာထက် ဆိုးတာတွေ ပြန်သုံးမယ်လို့ မစ္စတာ ထရမ့်က ပြောကြား ခဲ့ပါတယ်။

ဒီလို ကြမ်းတမ်း ရက်စက်တဲ့ စစ်ဆေးနည်းတွေကို အကြမ်းဖက်လို့ မသင်္ကာသူတွေကို အမေရိကန် တပ်တွေက စစ်ဆေးရာမှာ အသုံးပြုခဲ့ပြီး ဒါကို အိုဘားမား လက်ထက်မှာ တားမြစ်ခဲ့ပါတယ်။

နောက်ပြီး မက္ကဆီကို လူမျိုးတွေလို အမေရိကန်ထဲ ဝင်လာသူတွေနဲ့ ပတ်သက်ပြီး သူပြောတဲ့ စကားတွေက လူ့အခွင့်အရေး အဖွဲ့တွေ အတွက် စိတ်ဆိုး ဒေါသ ထွက်ခဲ့ရပါတယ်။

မက္ကဆီကိုနယ်စပ်မှာ တံတိုင်းဆောက်မယ်တို့၊ ဒီလို ဝင်လာသူ တွေဟာ လူသတ်သမားတွေ မုဒိမ်း သမားတွေ ဆိုတဲ့ စကားမျိုးတွေကို ထရမ့်က ပြောခဲ့တာပါ။

ကုလသမဂ္ဂကိုလည်း အမေရိကန်ရဲ့ မိတ်ဆွေ မဟုတ်ဘူး ဒီအတွက် သုံးတဲ့ ငွေတွေ အလကားဖြစ်တယ်လို့ မစ္စတာ ထရမ့်က ရစရာ မရှိအောင် ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ