ထိုင်းဘုရင်ကြီး ဘူမိဘော နတ်ရွာစံ ကံတော်ကုန်

ဓာတ်ပုံ ရင်းမြစ်, AFP
ထိုင်းဘုရင်ကြီး ဘူမိဘောကို ထိုင်းနိုင်ငံသား အားလုံးက လေးစား ချစ်ခင်ကြ။
ကမ္ဘာပေါ်မှာ နန်းသက်အရှည်ဆုံး ဖြစ်တဲ့ ထိုင်းဘုရင်ကြီး ဘူမိဘော အဒူယာဒက်ဟာ အနှစ် ၇၀ ကြာ ထီးနန်းစိုးစံခဲ့ပြီးနောက် အခု သက်တော် ၈၉ နှစ် အရွယ်မှာ နတ်ရွာစံ ကံတော်ကုန်သွားပြီလို့ ထိုင်း နန်းတော်က ကြေညာပါတယ်။
ထိုင်းနိုင်ငံသားတွေက သူ့ကို နတ်တစ်ပါးလို လေးစား ချစ်ခင်ကြတာပါ။
အလှုပ်အယိမ်းများတဲ့ ထိုင်းနိုင်ငံရေးကို တည်ငြိမ်အောင် ထိန်းပေးနိုင်သူ အဖြစ်လည်း သူ့ကို အများက ရှုမြင်ကြပါတယ်။
၂၀၁၄ မှာ အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရ အုပ်ချုပ်နေဆဲမှာပဲ အခု သူ နတ်ရွာစံ ကံတော်ကုန်သွားတာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့က စပြီး ဘုရင့် ကျန်းမာရေး အခြေအနေ ဆိုးလာလို့ အသက်ရှူစက် တပ်ထားရတယ်လို့ ထိုင်းနန်းတော်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီ အချိန်ကစပြီး ထိုင်းဘုရင် တက်ရောက်နေတဲ့ ဆေးရုံ အပြင်ဘက်မှာ ဘုရင့်ကျန်းမာရေးအတွက် ဆုတောင်းပေးကြသူတွေနဲ့ ပြည့်နေခဲ့ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, EPA
ဘုရင် တက်ရောက်ရာ ဆေးရုံရှေ့မှာ ဆုတောင်း ခဲ့ကြသူတွေ။
ပြည်သူလူထုရဲ့ ကြည်ညိုလေးစားမှု ခံရတဲ့ ဘုရင်ကြီးဟာ သူ့နန်းသက်အတွင်း တိုင်းပြည်မှာ စစ်အာဏာသိမ်းပွဲတွေ ဝန်ကြီးချုပ် အပြောင်းအလဲတွေနဲ့ အခြေခံဥပဒေပေါင်း ၁၇ ခုလောက် နိုင်ငံရေးအပြောင်းအလဲ ရှိခဲ့ပါတယ်။
ဒီလို တည်ငြိမ်မှုမရှိလှတဲ့ ထိုင်းနိုင်ငံရေးလောကမှာ ဘုရင်ကြီးဟာ တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် လုပ်ပေးနိုင်တဲ့ တန်ခိုးဩဇာရှိသူ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
နိုင်ငံရေးမှာ မပါဘဲ ကရုဏာ ကြီးမားတဲ့ တိုင်းပြည်ဖခင် အဖြစ် မြင်တွေ့ရတဲ့ ဘုရင်ဘူမိဘောလ်ဟာ သိပ်တင်းမာတဲ့ နိုင်ငံရေးပြဿနာတွေမှာ အကြမ်းမဖက်တဲ့ နည်းနဲ့ အဖြေရှာဖို့ ဝင်ရောက် ဖြေရှင်းရတဲ့အချိန်တွေ ရှိခဲ့ပါတယ်။
ဘုရင် ဘူမိဘောလ်ဟာ စည်းမျဉ်းခံ ဘုရင်ဖြစ်လို့ လုပ်ပိုင်ခွင့်တွေ အကန့်အသတ် ရှိပေမယ့် ထိုင်းတွေကတော့ သူ့ကို နတ်ဘုရားသဖွယ် ကြည်ညိုကြတာ ဖြစ်ပါတယ်။
ဘုရင် ဘူမိဘောလ်ရဲ့ အရိုက်အရာကို ဆက်ခံမယ့် သူကတော့ ၆၃ နှစ်အရွယ် အိမ်ရှေ့မင်းသား မဟာ ဗာဂျီရာလောင်ကွန် ဖြစ်ပါတယ်။
တော်ဝင်ဘုရင့်စီမံကိန်းများ
ဘုရင် ဘူမိဘောလ်ကို သူ့ခမည်းတော် ပညာသင်ကြားတဲ့ အမေရိကန်နိုင်ငံ မက်ဆီချူးဆက် ပြည်နယ်ရှိ ကင်းဘရိတ်မှာ မွေးဖွားခဲ့ပါတယ်။
ဘုရင် ဘူမိဘောလ်ဟာ ဘန်ကောက်နန်းတွင်းမှာ နောင်တော်ဘုရင် အာနန္ဒာမဟီဒေါ လုပ်ကြံခံရပြီး ၁၉၄၆ ခုနှစ် ဇွန်လ၉ရက်မှာ ထီးနန်း အရိုက်အရာ ဆက်ခံခဲ့ပါတယ်။
သူဟာ ဆွစ်ဇာလန်နိုင်ငံမှာ ပညာဆည်းပူးခဲ့ပါတယ်။
အဲဒီမှာ နောက်ပိုင်း ပညာဆုံးခန်းတိုင် သင်ပြီးမှ ၁၉၅၀ မေလမှာ ဘိသိက်ခံခဲ့ပါတယ်။
ဘုရင်ကြီး ငယ်စဉ်ကတော့ ဓာတ်ပုံပညာ၊ ဆက်ဆိုဖုန်း လေမှုတ်ကရိယာ မှုတ်ပြီး တေးဂီတရေးစပ်သူ၊ ပန်းချီဆွဲသူ၊ စာရေးဆရာ စတဲ့ ဝါသနာအမျိုးမျိုး လိုက်စားသူဖြစ်ပါတယ်။
ထိုင်းဘုရင်မင်းမြတ် နန်းစံသက် ၆၀ ပြည့်တဲ့ ၂၀၀၆ ခု ဇွန်လတုန်းက ဘုရင်ကြီး မိန့်ခွန်းချွေတဲ့အခါ တိုင်းသူပြည်သား သိန်းချီ တက်ရောက်ခဲ့ကြပါတယ်။
အသက်အရွယ်ကြီးလာလို့ ကျန်းမာရေးပြဿနာတွေ တွေ့ရတိုင်း ဒါဟာ တမျိုးသားလုံးအတွက် စိုးရိမ်စရာကိစ္စလို့ သဘောထားကြပါတယ်။
ဓာတ်ပုံ ရင်းမြစ်, EPA
ဘုရင် ဘူမိဘောကို ၂၀၀၃ ခုနှစ်က တော်ဝင် အခမ်းအနား တစ်ခုမှာ တွေ့ရစဉ်။
ကြားဖြတ် ဝင်ရောက်ဖြေရှင်းမှုများ
သက်ဦးဆံပိုင် ဘုရင်စနစ်ကို ၁၉၃၂ခုနှစ်မှာ ဖျက်သိမ်းပြီး ၁၉၃၅ခုမှာ ဘုရင်ဘူမိဘောလ်ရဲ့ ဦးရီးတော် ဖုရာဂျာဒီပုခ်ဘုရင် နန်းစွန့်ပြီးတဲ့နောက် ထိုင်းဘုရင်စနစ် တဖြည်းဖြည်း ကျဆင်းလာပါတယ်။
သူနန်းတက်ခါစကဆိုရင် တိုင်းပြည်မှာရှိတဲ့ တန်ခိုးကြီးတဲ့ စစ်ခေါင်းဆောင်တွေရဲ့ အရိပ် လွှမ်းမိုးတာ ခံခဲ့ရပါတယ်။
ဒါပေမယ့် ဘုရင် ဘူမိဘောလ်ဟာ တိုင်းပြည်အနှံ့ ခရီးဆန့်ပြီး တသက်လုံး ကြိုးပမ်းခဲ့တဲ့ စိုက်ပျိုးရေး ဖွံ့ဖြိုးမှုစီမံကိန်းတွေ အပါအဝင် တော်ဝင် စီမံကိန်းတွေ ချပြီး ထီးနန်းစံနစ်ကို ရုပ်လုံးဖေါ်ခဲ့ပါတယ်။
၂၀၀၆ ခုနှစ်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုဖီအာနန်က ဘုရင်ကြီးကို လူသားဖွံဖြိုးမှုဆိုင်ရာ တသက်တာ ဆုကို ပထမဆုံးအကြိမ် ချီးမြှင့်ခဲ့ပါတယ်။
ဘုရင်ကြီးကို အများပြည်သူက အမှန်တကယ် ကြည်ညိုကြတာ ဖြစ်ပါတယ်။ တဖက်ကလည်း နန်းတော်ရဲ့ လူထုဆက်ဆံရေးစနစ်က ဘုရင်ကို ကြည်ညိုလေးစားအောင် အသေအချာ ကြိုးပမ်းတာမျိုး ရှိသလို ဘုရင်စနစ်ကို ဝေဖန်ရင် ထောင်ဒဏ် ၁၅ နှစ်အထိ ချနိုင်တဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်နဲ့လည်း ကာကွယ်ထားတာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်တွင်းပြည်ပ သတင်းသမားတွေဟာ တော်ဝင်မိသားစု အရေးကိစ္စတွေမှာ အပြည့်အစုံ သတင်းပေးပို့ဖို့ အကန့်အသတ်တွေ ဖြစ်ခဲ့ရပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Empics
၂၀၀၈ ခုနှစ်က သက်တော် ၈၁ နှစ်ပြည့် မွေးနေ့ပွဲမှာ ဘုရင် ဘူမိဘောကို တွေ့ရစဉ်။
ထိုင်းနိုင်ငံမှာ ၁၉၇၃ ခုနှစ်တုန်းက နိုင်ငံရေး ဖရိုဖရဲ ဖြစ်ပြီး ဒီမိုကရေစီ တောင်းဆိုဆန္ဒပြသူတွေကို စစ်တပ်က ဖြိုခွင်းတော့ နန်းတော်ထဲမှာ ခိုလုံခွင့်ပြုပြီး ပထမဆုံး အများပြည်သူအတွက် ဘုရင်က ပါဝင် ပတ်သက်ခဲ့ပါတယ်။
ဒါကြောင့် အဲဒီတုန်းက ဝန်ကြီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ထနွံကတီကာချွန် အစိုးရ ပြုတ်ကျခဲ့ပါတယ်။
နောက် သုံးနှစ်အကြာ လက်ဝဲယိမ်း ကျောင်းသားတွေကို ပြည်သူ့စစ်တွေက လူအုပ်နဲ့ သတ်ဖြတ်လိုက်တာကိုတော့ ဘုရင်ကြီးက အကာအကွယ် မပေးနိုင်ခဲ့ပါဘူး။
အဲဒီအချိန်တုန်းက ဗီယက်နမ်စစ်ပွဲ ပြီးခါစမှာ ကွန်မြူနစ် လိုလားသူတွေ အားကောင်းလာမှာကို ဘုရင်စနစ်က စိုးရွံ့နေချိန် ဖြစ်ပါတယ်။
၁၉၈၁ ခုနှစ်တုန်းက ဘုရင့်မိတ်ဆွေ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရမ်တင်ဆူလာနန္ဒာကို စစ်တပ်က အာဏာသိမ်းတဲ့အခါ ဘုရင်က ဝန်ကြီးချုပ်ဘက်က ရပ်တည်ပေးလိုက်ပြီး ဘုရင့်သစ္စာခံ တပ်ဖွဲ့တွေက ဘန်ကောက်ကို ပြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
၁၉၉၂ ခုနှစ် ရောက်တော့လည်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဆူချင်ဒါ ကရာဖရာယွန်က ဝန်ကြီးချုပ်လုပ်ဖို့ ကြိုးစားစဉ် ဆန္ဒပြသူတွေကို ပစ်သတ်ရာမှာ ဘုရင်ကြီး ပါဝင်စွက်ဖက်ခဲ့ရပါတယ်။
ရွေးကောက်ပွဲအသစ် လုပ်ဖို့ ဘုရင်မင်းမြတ်က တောင်းဆိုပြီး ဒီမိုကရေစီ ပြန်တည်ဆောက်နိုင်ခဲ့ပါတယ်။
၂၀၀၆ ခုနှစ်မှာ ဝန်ကြီးချုပ် သပ်ဆင် ရှင်နာဝပ် ခေါင်းဆောင်မှုကို ဆန့်ကျင်တဲ့ ဆူပူမှုတွေအတွင်း ဘုရင်ကို ဝင်ဖြေရှင်းဖို့ အကြိမ်ကြိမ် တောင်းဆိုပေမယ့် မသင့်လျော်ဘူး ဆိုပြီး နေခဲ့ပါတယ်။
ဒါပေမယ့် အဲဒီ ဧပြီလတုန်းက သပ်ဆင် အနိုင်ရတဲ့ ရွေးကောက်ပွဲမှာ တရားမဝင်ဘူးလို့ ရုံးတော်က ဆုံးဖြတ်လိုက်တဲ့အတွက် ဘုရင်ကြီးရဲ့ ဩဇာလွှမ်းမိုးမှု အရေးပါသေးတယ်လို့ ပြောလို့ရပါတယ်။
သပ်ဆင်ကို ဖြုတ်ချတဲ့ အာဏာသိမ်းမှုမှာတော့ ဘုရင်ကြီးရဲ့ အခန်းကဏ္ဍက ဘာလဲဆိုတာ ရေရေရာရာ မသိရပါဘူး။
အဲဒီနောက်မှာတော့ အာဏာရဖို့ ကြိုးပမ်းနေကြတဲ့ သပ်ဆင် လိုလားသူတွေရော မလိုလားသူတွေကပါ ဘုရင်နာမည်နဲ့ ဘုန်းရိပ်ကံရိပ်ကို အုပ်စုအားလုံးက အသုံးပြုခဲ့ကြပါတယ်။
၂၀၀၈ ခုနှစ် ဘုရင်ကြီးသက်တော် ၈၀ပြည့်တဲ့ ကြီးကျယ်တဲ့ မွေးနေ့ပွဲတော်ကို တပြည်လုံး အုံးအုံးကျွက်ကျွက် ပါဝင် ဆင်နွဲကြတဲ့အတွက် ထိုင်း လူ့အဖွဲ့အစည်းကြီးမှာ ဘုရင်ကြီးရဲ့ သူမတူတဲ့ အဆင့်အတန်းမျိုးကို ထင်ဟပ်စေခဲ့ပါတယ်။
ဘုရင့်မွေးနေ့ ရောက်ခါနီးတိုင်း သန်းနဲ့ချီတဲ့ ထိုင်းပြည်သူတွေဟာ ဘုရင်ကြီး ကုသိုလ်ကံကောင်းအောင် သူ့ရဲ့ နေ့နံသင့်တဲ့ အဝါရောင်ကို ဝတ်ပြီး ဆုတောင်းလေ့ ရှိခဲ့ကြပါတယ်။