ထိုင်းဘုရင် ရုပ်ကလာပ် သယ်ဆောင်၊ ထောင်သောင်းချီ ဂါရဝပြု

ဂါရဝပြုသူတွေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ဘုရင့်ရုပ်ကလာပ် သယ်ဆောင်စဉ် ထောင်သောင်းချီတဲ့ လူတွေ စောင့်ဆိုင်း ဂါရဝပြုခဲ့ကြ။

နတ်ရွာစံ ကံတော်ကုန်သွားတဲ့ ထိုင်းဘုရင်ကြီး ဘူမိဘောရဲ့ ရုပ်ကလာပ်ကို ဆေးရုံကနေ နန်းတော်ဆီ ပြန်လည် သယ်ဆောင်ခဲ့ရာမှာ ထောင်သောင်းချီတဲ့ ဂါရဝပြုသူတွေ ဘန်ကောက်မြို့က လမ်းတွေပေါ်မှာ ပြည့်နှက် နေခဲ့ပါတယ်။

ကမ္ဘာ့ နန်းသက်အရှည်ဆုံး ဘုရင်ကြီးဟာ ကြာသပတေးနေ့က သက်တော် ၈၉ နှစ်အရွယ်မှာ နတ်ရွာစံခဲ့တာ ဖြစ်ပြီး ထိုင်း တစ်နိုင်ငံလုံးကို ပူဆွေး ဝမ်းနည်း စေခဲ့ပါတယ်။

တစ်နှစ်ကြာမယ့် ဝမ်းနည်းခြင်း ကာလကို ထိုင်းအစိုးရက သတ်မှတ် ကြေညာခဲ့ပါတယ်။

အိမ်ရှေ့စံ မင်းသား မဟာ ဝပ်ချီရာလောင်ကွန်က အရိုက်အရာကို ဆက်ခံဖို့ ဖြစ်ပေမယ့် သူက နန်းတက်ဖို့ ကိစ္စကို ဆိုင်းငံ့ထားဖို့ ပြောခဲ့တဲ့အတွက် လောလောဆယ် ထီးနန်း ထိန်းသိမ်းသူ အဖြစ် ဝန်ကြီးချုပ်ဟောင်း ပရမ် တင်ဆူလာနွန်ဒါ ကို ရွေးချယ် ခန့်အပ်ထားပါတယ်။

ဒီကနေ့ သောကြာနေ့ကိုလည်း အစိုးရ ရုံးပိတ်ရက်အဖြစ် ထိုင်းအစိုးရက ကြေညာထားပြီး အလံတွေကို ရက်ပေါင်း ၃၀ ကြာအောင် တိုင်ဝက် လျှော့ချ လွှင့်ထူထားမှာ ဖြစ်ပါတယ်။

ဘုရင်ကြီးရဲ့ ရုပ်ကလာပ်ကို သယ်ဆောင်စဉ် ဘုရင့် နန်းတော်ကို သွားတဲ့ လမ်းတွေမှာ အနက်ရောင်တွေ ဝတ်ထားတဲ့ လူတွေ တန်းစီ စောင့်ဆိုင်း နေခဲ့ကြပါတယ်။

သောကြာနေ့ ညနေပိုင်းမှာ ဘုရင့် ရုပ်ကလာပ်ကို အိမ်ရှေ့မင်းသားက ရေသန့်စင်ပေးမယ့် အစီအစဉ်ကို အစဉ်အလာအတိုင်း ပြုလုပ်မှာ ဖြစ်ပါတယ်။

ဘုရင် ဘူမိဘောကို ထိုင်းပြည်သူတွေက နတ်ဘုရား တစ်ပါးလို ကြည်ညိုလေးစား ချစ်ခင်ကြတာ ဖြစ်ပါတယ်။