နုတ်ဆဲဗင်းကြောင့် ဒေါ်လာ ၅.၄ ဘီလျံ ထိခိုက်မယ်

ဓာတ်ပုံ ရင်းမြစ်, AFP
တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီး ဆမ်ဆောင်းက သူတို့ရဲ့ ဂလက်ဆီ နုတ် ဆဲဗင်း ဖုန်းတွေကို စျေးကွက်ထဲကနေ ပြန်သိမ်းရတဲ့ အတွက် စုစုပေါင်း ကုန်ကျစရိတ် ဒေါ်လာ ၅.၄ ဘီလျံ အနည်းဆုံး ကုန်ကျနိုင်တယ်လို့ ပြောလိုက်ပါတယ်။
လာမယ့် ခြောက်လအတွက် အမြတ်ငွေ ဒေါ်လာ ၃ ဘီလျံလောက် လျော့သွားမယ်လို့ ဆမ်ဆောင်းက သောကြာနေ့မှာ ပြောပါတယ်။
အခုနှစ် တတိယ လေးလပတ်အတွက် အမြတ်ငွေ ဒေါ်လာ သန်း နှစ်ထောင်လောက် လျော့သွားနိုင်တယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ကုမ္ပဏီက ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် အခုလို ထပ်မံ ပြောဆိုခဲ့တာပါ။
အမြတ်လျော့နည်းရတဲ့ ကုန်ကျစရိတ်တွေထဲမှာ ဂလက်ဆီ နုတ်ဆဲဗင်း ဟမ်းဆက်တွေ ပြန်သိမ်းရတဲ့ စရိတ်တွေ အပြင်၊ ဟန်းဆက် ၀ယ်ယူထားသူ နှစ်သန်းခွဲလောက်အတွက် ပြန်အမ်းရမယ့် ကုန်ကျငွေတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဂလက်ဆီ နုတ်ဆဲဗင်း ဖုန်းတွေ ဘက်ထရီကနေ မီးထလောင်တဲ့ အဖြစ်တွေ ပေါ်ခဲ့ပြီးနောက် အခု သီတင်းပတ် အစောပိုင်းမှာ နုတ်ဆဲဗင်း ဖုန်းတွေ ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပါတယ်။
ဆမ်ဆောင်း ကုမ္မဏီ အနေနဲ့ အခုလို အမြတ်ငွေ လျော့နည်းသွားပေမယ့် အဲဒီ ကုန်ကျစရိတ်တွေ နုတ်အပြီးမှာ တတိယ လေးလပတ်အတွက် အမြတ် ၃.၇ ဘီလျံ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။