မိုဆိုးလ် မြို့သိမ်းစစ် ပထမနေ့ အောင်မြင်ကြောင်း အမေရိကန် ပြော

မိုဆိုးလ် ပက်ရှ်မာဂါ
ဓာတ်ပုံ ပုံစာ,

ပက်ရှ်မာဂါ လက်နက်ကိုင် တွေဟာ မြို့သိမ်းစစ် ဆင်နွှဲတဲ့ တပ်ဦးမှာ ရှိနေ

အီရတ် နိုင်ငံထဲ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တို့ အဓိက ခြေကုပ် ယူထားတဲ့ မိုဆိုးလ်မြို့ကို ပြန်လည် သိမ်းပိုက် နိုင်ဖို့ အီရတ် အစိုးရတပ်တွေ စတင် တိုက်ခိုက် လာခဲ့တာမှာ ပထမ ဆုံးရက် အတွက် ရည်မှန်းချက်တွေ အားလုံး စီစဉ် ထားထက်ကို ပိုစောပြီး အထမြောက် အောင်မြင် ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေး ဌာနက ထုတ်ပြန် ပါတယ်။

IS တွေ လက်ထဲ ကျရောက်နေတဲ့ မိုဆိုးလ်မြို့က သိန်းနဲ့ချီတဲ့ အီရတ် ပြည်သူတွေ လွတ်မြောက်ရေး အတွက် မြို့သိမ်းစစ်ပွဲရဲ့ ကနဦး ကာလဟာ အင်မတန် အရေးပါ အခရာ ကျတယ်လို့ အမေရိကန် စစ်ဌာနချုပ် ပင်တာဂွန်က ပြောပါတယ်။

ကာ့ဒ်မျိုးနွယ်စုဝင် ပက်ရှ်မာဂါ လက်နက်ကိုင် တွေဟာ မြို့သိမ်းစစ် ဆင်နွှဲတဲ့ တပ်ဦးမှာ ရှိနေပြီး မိုဆိုးလ်မြို့ အရှေ့ခြမ်းက ကျေးရွာတွေဘက် ထိုးဖောက် ဝင်ရောက် သွားနိုင်ခဲ့လို့ အီရတ် အစိုးရ တပ်တွေ ချီတက် လာဖို့ရာ လမ်းကြောင်း ပွင့် သွား ခဲ့ပါတယ်။

ပက်ရှ်မာဂါ တပ်ဖွဲ့ဝင်တွေဟာ ချီတက်ရာ လမ်းကြောင်း တလျှောက်နဲ့ ကွင်းပြင်တွေထဲ IS တို့ ထောင်ထားတဲ့ ဗုံးတွေနဲ့ အသေခံ ကားဗုံးခွဲ တိုက်ခိုက်မှုတွေ တွေ့ကြုံ ခဲ့ရတယ် ဆိုပြီး ကာ့ဒ် တပ်မှုး တစ်ဦးက ပြောပါတယ်။

အီရတ် မှာ နေရာချထားတဲ့ အမေရိကန် တပ်ဖွဲ့တွေ ကတော့ မိုဆိုးလ် မြို့သိမ်း ထိုးစစ်ရဲ့ ရှေ့တန်းမှာ မပါဝင်ပဲ အကြံပေး နေရာမှာပဲ ရှိနေမယ်လို့ အမေရိကန် အရာရှိတွေက အတည်ပြု ပါတယ်။

ဒီအချိန်မှာပဲ၊ မိုဆိုးလ် စစ်ပွဲကြောင့် အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေး လာရနိုင်တဲ့ အရပ်သားတွေ အတွက် အရေးပေါ် နေရာ ထိုင်ခင်းတွေ ချထား ပေးနိုင်ဖို့ အပူတပြင်း စီမံ ဆောင်ရွက် နေတယ် ဆိုပြီး ကုလသမဂ္ဂ အဖွဲ့က ပြောပါတယ်။

အကူအညီပေးရေး အဖွဲ့တွေမှာ လူ လေးသိန်း စာ အတွက် ယာယီတဲတွေ အပါအဝင် ထောက်ပံ့ရေး ပစ္စည်းတွေ အလုံအလောက် ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ အီရတ် နိုင်ငံ အတွင်း လူသားချင်း စာနာ နားလည်မှု ဆိုင်ရာ အကူအညီပေးရေး တာဝန်ခံ လိစ် ဂရန်ဒေး က ပြောပါတယ်။

မိုဆိုလ်း မြို့ထဲကနေ အရပ်သားတွေ ထွက်ပြေး လာနိုင်ဖို့ လမ်းကြောင်းတွေ ဖွင့်ပေးမယ် လို့ အီရတ် အစိုးရက ကတိပေး ထားသလို၊ မြို့ထဲကို လက်နက်ကြီးတွေနဲ့ အပြင်းအထန် ပစ်ခတ် တာမျိုး မလုပ်ဘူးလို့လည်း ပြောထားပါတယ်။