မိုဆူးလ်မြို့ ပြန်သိမ်းရေး ဒုတိယနေ့ ဆက်လက် စစ်ဆင်

အီရတ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ထိုးစစ်မစမီ အီရတ် တပ်ဖွဲ့ဝင်တွေ ပြင်ဆင်နေစဉ်။

အီရတ်နိုင်ငံမှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ လက်အောက်က မိုဆူးလ်မြို့ကို ပြန်သိမ်းနိုင်ဖို့ အီရတ် တပ်ဖွဲ့တွေ ဒုတိယမြောက် နေ့အဖြစ် ဆက်လက် ထိုးစစ် ဆင်နေရာမှာ စီစဉ်ထားတာထက် ရှေ့ရောက်နေတယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။

တနင်္လာနေ့ ည တစ်ညလုံး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အီရတ် သံချပ်ကာ ယာဉ်တွေကို IS တွေက တိုက်ခိုက် နေခဲ့ပါတယ်။

အီရတ် တပ်တွေဟာ မိုဆူးလ်မြို့နဲ့ မိုင် ၃၀ လောက် ဝေးနေသေးတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တပ်ဖွဲ့ဝင် သုံးသောင်းလောက် ရှိတဲ့ အီရတ် တပ်ဖွဲ့ထဲမှာ အစိုးရ တပ်ဖွဲ့ဝင်တွေ၊ ကာဒစ်ရှ် တပ်သားတွေ၊ ဆွန်နီ အာရပ် လူမျိုးစုတွေ၊ ရှီးယား ပြည်သူ့စစ် အဖွဲ့ဝင်တွေ ပေါင်းစည်း ပါဝင် နေပါတယ်။

IS တွေ ခြေကုပ်ယူထားတဲ့ မိုဆူးလ်မြို့ကို ပြန်သိမ်းနိုင်ရေး စစ်ဆင် တိုက်ခိုက်မှုတွေကို အီရတ် တပ်ပေါင်းစုက တနင်္လာနေ့က စတင်ခဲ့တာ ဖြစ်ပါတယ်။

IS တွေက မြို့ခံ အရပ်သားတွေကို လူသား ဒိုင်းအဖြစ် အသုံးချလာမှာကိုလည်း အကူအညီ အဖွဲ့အစည်းတွေက စိုးရိမ် နေကြပါတယ်။