မိုဆူးလ် မှာ IS အဖွဲ့က အရပ်သား တွေကို လူသား အကာအရံ အဖြစ် အသုံးချ

ဓာတ်ပုံ ရင်းမြစ်, AP
နှစ်ဘက် အဖွဲ့တွေ အနေနဲ့ အရပ်သား တွေ အပေါ်မှာ လူသားချင်း စာနာ ထောက်ထားဖို့ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC က တိုက်တွန်း
အီရတ် နိုင်ငံထဲ က အစ္စလမ်မစ် နိုင်ငံ IS အဖွဲ့ရဲ့ အဓိက ခြေကုပ်စခန်း မိုဆူးလ် မြို့ကို ပြန်လည် သိမ်းယူ ဖို့ ကြိုးစားရာမှာ IS အဖွဲ့ဟာ အရပ်သား တွေကို လူသား အကာအရံ တွေ အဖြစ် အသုံးချ နေတယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။
IS အဖွဲ့ဟာ မြို့တွင်းက ပြည်သူ တွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး လူတွေကို အကာအရံ အဖြစ် အသုံးချ နေတာ ဖြစ်ကြောင်း ပင်တဂွန် စစ်ဌာနချုပ် ပြောရေး ဆိုခွင့် ရှိသူက ပြောပါတယ်။
မိုလ်ဆူး မြို့က အခြေအနေ တွေ နဲ့ ပတ်သက်ပြီး IS တွေ အနေနဲ့ အပြစ်မဲ့ အရပ်သား တွေကို လူသား အကာအရံ အဖြစ် အသုံးချ နေကြောင်း၊ အီရတ် တပ်မတော် အနေနဲ့ အထိအခိုက် နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်နေကြောင်း အီရတ် နိုင်ငံခြားရေး ဝန်ကြီး က ပြောပါတယ်။
မိုဆူးလ် မြို့ကို သိမ်းယူဖို့ အနီးကပ် တိုက်ခိုက်မှုတွေ လုပ်နေတဲ့ အီရတ် အစိုးရ စစ်တပ် ကို အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် ညွှန့်ပေါင်း အဖွဲ့က လေကြောင်း ကနေ ကူညီ တိုက်ခိုက် ပေးနေပါတယ်။
မိုဆူးလ် မြို့ထဲမှာ အရပ်သား ၁ သန်း ကျော် ရှိနေ နိုင်တဲ့ အတွက် နှစ်ဘက် အဖွဲ့တွေ အနေနဲ့ အရပ်သား တွေ အပေါ်မှာ လူသားချင်း စာနာ ထောက်ထားဖို့ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC က တိုက်တွန်း နေပါတယ်။
တစ်ဆက်တည်းမှာပဲ မိုဆူးလ် မြို့ကနေ ထွက် လာနိုင်တဲ့ အစွန်းရောက် အကြမ်းဖက် သမားတွေ ရဲ့ ရန်ကနေ ကာကွယ်ဖို့ ကြိုတင် ပြင်ဆင် မှုတွေ လုပ်ထားသင့်တယ်လို့ ဥရောပ သမဂ္ဂ က အဖွဲ့ဝင် နိုင်ငံတွေကို နှိုးဆော် လိုက်ပါတယ်။
အစွန်းရောက် သမား တွေဟာ ဥရောပ နိုင်ငံတွေ အတွင်း ကို စိမ့်ဝင် လာပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်လာ နိုင်တယ်လို့ EU လုံခြုံရေး အကြီးအကဲ ဂျူလီယန် ကင်းက သတိပေး ပြောကြား လိုက်ပါတယ်။
အောက်တိုဘာလ ၁၇ ရက်နေ့မှာကတည်းက မိုဆူးလ် မြို့ကို အီရတ် စစ်တပ်က ထိုးစစ်ဆင် မှုတွေ ပြုလုပ်နေရာမှာ မြို့အနီးအနား က ကျေးရွာ ၁၀ ရွာ ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပြီ ဖြစ်ကြောင်း စစ်တပ်တာဝန် ရှိသူတွေက ပြောပါတယ်။
ဒါပေမယ့် အစ္စလာမ်မစ် အစွန်းရောက် တိုက်ခိုက်ရေးသမား ၅ထောင် လောက်ဟာ မိုဆူးလ်မြို့ထဲမှာ ရှိနေနိုင်တယ်လို့ စစ်ရေး ကျွမ်းကျင်သူတွေက ခန့်မှန်း ထားပါတယ်။