ဖိလစ်ပိုင် သမ္မတရဲ့ တရုတ်ခရီးစဉ် သမိုင်းဝင် မှတ်တိုင်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒူတာတေးနဲ့ ရှီကျင်းပင် မိတ်ဆွေသစ်တွေ ဖြစ်လာ။
တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ဖိလစ်ပိုင် သမ္မတ ရော့ဒရီဂို ဒူတာတေးကို သမ္မတ ရှီကျင်းပင်က ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။
မစ္စတာ ဒူတာတေး တရုတ်ပြည်ကို လာရောက်တဲ့ ခရီးစဉ်ဟာ သမိုင်းဝင် မှတ်တိုင် တစ်ခုပဲလို့ မစ္စတာ ရှီကျင်းပင်က ပြောခဲ့ပါတယ်။
ဖိလစ်ပိုင် သမ္မတ ဒူတာတေးဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ပြန်ထူထောင်ဖို့နဲ့ ကုန်သွယ်ရေး တိုးမြှင့်ဖို့ ရည်ရွယ်ချက်တွေနဲ့ ၄ ရက်ကြာ ခရီးစဉ်ကို အင်္ဂါနေ့က စတင်ခဲ့တာပါ။
တောင်တရုတ် ပင်လယ်ပြင်က အငြင်းပွား ကျွန်းစုတွေနဲ့ ပတ်သက်ပြီး ကတောက်ကဆ ဖြစ်ခဲ့ရတာတွေကို နှစ်နိုင်ငံစလုံးက မေ့လိုက်ကြဖို့ အသင့်ပါပဲလို့ တရုတ် ထိပ်တန်း အရာရှိ တစ်ဦးက ပြောပါတယ်။
မစ္စတာ ဒူတာတေး အနေနဲ့ ကာလရှည် မိတ်ဖက် ဖြစ်ခဲ့တဲ့ အမေရိကန်ကို ခွာထုတ်နေချိန်မှာ တရုတ်နဲ့ ပိုနီးကပ်လာအောင် ကြိုးပမ်းတဲ့ ဆောင်ရွက်မှုအဖြစ် သူ့ခရီးစဉ်ကို ရှုမြင်ရပါတယ်။
သူတို့ရဲ့ ပြောဆို ဆွေးနွေးမှုတွေမှာ တောင်တရုတ် ပင်လယ်ပြင်က အငြင်းပွား ကျွန်းတွေ ကိစ္စကို အသားမပေးခဲ့ပါဘူး။
ဆွေးနွေး ညှိနှိုင်းမှုတွေက တဆင့် ပြေလည်မှုတွေ ရအောင် ဆောင်ရွက်သွားဖို့ နှစ်နိုင်ငံ သဘော တူခဲ့ကြတယ်လို့ တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။