ရွေးကောက်ပွဲ ရလဒ်ကို လက်ခံပါ့မယ်လို့ ထရမ့်က ကတိမပေး

စကား စစ်ထိုးပွဲ အပြီး မိသားစုနဲ့ အတူ တွေ့ရတဲ့ မစ္စတာ ထရမ့်
အမေရိကန် ပြည်ထောင်စုရဲ့ ရီပတ်ပလစ်ကင် သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲ မှာသာ သူ ရှုံးနိမ့် ခဲ့ရင် အဲဒီ့ ရလဒ် အတိုင်း လက်ခံ လိုက်နာပါမယ်လို့ ကတိပြု ပြောကြား ဖို့ရာ ငြင်းဆန် ခဲ့ပါတယ်။
သမ္မတလောင်း နှစ်ယောက်ရဲ့ ရုပ်မြင်သံကြားပေါ် မျက်နှာချင်းဆိုင် စကား စစ်ထိုးပွဲ နောက်ဆုံး အကြိမ် ပြုလုပ်ခဲ့စဉ် မစ္စတာ ထရမ့်က အဲဒီလို ငြင်းဆန် ခဲ့တာ ဖြစ်ပါတယ်။
စကား စစ်ထိုးပွဲကို ကြီးကြပ်ပေးတဲ့ ခရစ် ဝေါလေ့စ်ကို မစ္စတာ ထရမ့်က ရွေးကောက်ပွဲ ရလဒ်ကို သူလိုက်နာ မလား ဆိုတာ အဲဒီ အချိန် ရောက်တဲ့ အခါကျမှ ပြောမယ်လို့ ဆိုခဲ့ပါတယ်။
လာ့စ်ဗေးဂတ်စ် မြို့မှာ ကျင်းပခဲ့တဲ့ စကား စစ်ထိုးပွဲ မှာလည်း သမ္မတ လောင်း နှစ်ဦး အကြား ခါးခါးသည်းသည်း ပြောဆိုတာတွေ ဆက်လက် ရှိခဲ့ပြီး ပြိုင်ဘက် ဟီလာရီ ကလင်တန်ကို မစ္စတာ ထရမ့်က အင်မတန် ဆိုးရွားတဲ့ မိန်းမလို့ ခေါ်ဝေါ် ခဲ့ပါတယ်။
အခု နောက်ဆုံး အကြိမ် စကား စစ်ထိုးပွဲဟာ ရွေးကောက်ပွဲရင် နိုဝင်ဘာ ၈ ရက် ရောက်ဖို့ သီတင်း သုံးပတ်တောင် မလို တော့တဲ့ အချိန်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
စကားစစ်ထိုးပွဲ မစတင်ခင် မှာရော အဆုံးမှာပါ သမ္မတလောင်း နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် လက်ဆွဲ နှုတ်ဆက်ဖို့ ငြင်းပယ်ခဲ့ပြီး၊ တစ်ယောက် စကား ပြောနေချိန်မှာလည်း ကြားဖြတ် အော်ဟစ် ပြောဆို တာတွေ ပြုလုပ် ခဲ့ပါတယ်။
မစ္စတာ ထရမ့်က သူသာ သမ္မတ ဖြစ်လာရင် အမေရိကန်မှာ ကိုယ်ဝန် ဖျက်ချခွင့်ကို တရားဝင် ပြုထားတာကို ပြန်လည် ပြင်ဆင် နိုင်ဖို့ ကွန်ဆာဗေးတစ်ဗ် အမြင်ဘက် တိမ်းညွတ်မှု ရှိတဲ့ ဗဟိုတရားရုံးချုပ် တရားသူကြီး တွေကို ခန့်အပ်မယ်လို့ ကတိပေး ပြောခဲ့သလို၊ သေနတ် ကိုင်ဆောင်ခွင့် ကိုလည်း အကာအကွယ်ပြု သွားမယ်လို့ ပြောခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါ့အပြင်၊ နေထိုင်ခွင့် စာရွက်စာတမ်း အထောက်အထား မရှိသူတွေကို ပြည်နှင်ဒဏ် ပေးမယ် ၊ အမေရိကန် နယ်စပ်တွေ လုံခြုံ စေရမယ် ဆိုတဲ့ သူ့ ပြောစကား တွေ ကို ထပ်လောင်း အတည်ပြု ပြောဆို ခဲ့ပါတယ်။
မစ္စ ကလင်တန်က တော့ လိင်တူ ချစ်သူတွေရဲ့ LGBT လူမှု အသိုင်းအဝိုင်း ရဲ့ အခွင့်အရေးတွေ အတွက် ရပ်တည်သွားမယ် ဆိုပြီး အခိုင်အမာ ပြောခဲ့ပါတယ်။
ဒါ့အပြင် ကိုယ်ဝန် ဖျက်ချပိုင်ခွင့်ကိုလည်း အကာအကွယ် ပေးမှာ ဖြစ်ပြီး၊ လူလတ်တန်းစား ပြန်လည် ထွန်းကားလာရေး အပေါ် အာရုံစိုက် လုပ်ကိုင်ရင်းနဲ့ အမျိုးသမီးတွေ လုပ်ခလစာ ညီတူညီအမျှ ရရှိရေး အတွက်လည်း ဆောင်ရွက် ပေးသွားမယ်လို့ ပြောဆို ခဲ့ပါတယ်။
ဒီ စကား စစ်ထိုးပွဲ အတွင်း စိတ်ဝင်စားဖို့ အကောင်းဆုံး ဖြစ်ခဲ့တာ ကတော့ ရွေးကောက်ပွဲ ရလဒ်အပေါ် လက်ခံ လိုက်နာမလား ဆိုတာကို ကတိပေး ပြောဖို့ရာ မစတာ ထရမ့်က နှစ်ကြိမ်တိုင်တိုင် ငြင်းဆန် ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါဟာ ရွေးကောက်ပွဲက ဆန္ဒမဲ တွေကို ရေတွက်အပြီး အရှုံး အနိုင် ရလဒ် ထွက်ပေါ် လာတဲ့ အခါတိုင်း ရှုံးနိမ့်တဲ့ သမ္မတလောင်းက သူ့ရဲ့ အရှုံးကို ဝန်ခံ အတည်ပြု ပြောကြား လေ့ ရှိကြတဲ့ အမေရိကန် နိုင်ငံရေး အစဉ်အလာကို မစ္စတာ ထရမ့်က ချိုးဖျက် လိုက်တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ အရှုံးကို လက်ခံမယ် ဆိုတဲ့ ကတိစကား ပေးဖို့ ပျက်ကွက်တာဟာ အင်မတန် ထိတ်လန့်ဖို့ ကောင်းတယ်လို့ မစ္စစ် ကလင်တန်က တုံ့ပြန် ပြောဆို ခဲ့ပါတယ်။
အမေရိကန် ဒီမိုကရေစီကို ထရမ့်က အသရေ ယုတ်လျော့အောင် ပြုလုပ် နေတာပဲ ဆိုပြီး မစ္စစ် ကလင်တန် ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့ပါတယ်။
ဒီလို လူစားမျိုးက အမေရိကန်ရဲ့ အဓိက ပါတီကြီး နှစ်ခုထဲက တစ်ခုကို ကိုယ်စားပြုတဲ့ သမ္မတလောင်း တစ်ယောက် ဖြစ်နေတဲ့ အပေါ် အင်မတန် ကြောက်ရွံ့ ထိတ်လန့် မိတယ်လို့ မစ္စစ် ကလင်တန်က ဆိုပါတယ်။
အမေရိကန် NBC သတင်း ရုပ်သံက နိုင်ငံရေး ဝေဖန်သူလည်း ဖြစ်၊ ဆီနိတ်တာ ဂျွန် မက်ကိန်း ၂ဝဝ၈ သမ္မတ ရွေးကောက်ပွဲ ဝင်တုန်းက အကြံပေးလည်း လုပ်ခဲ့တဲ့ နီကိုလ် ဝေါလေ့စ်က မစ္စတာ ထရမ့်ဟာ သူ့ရဲ့ နိုင်ငံရေး သေတွင်း သူကိုယ်တိုင် တူးလိုက်တာပဲ ဆိုပြီး ရွေးကောက်ပွဲ ရလဒ်ကို လက်ခံဖို့ ငြင်းဆန်ခဲ့တဲ့ အပြုအမူ အပေါ် မှတ်ချက် ချခဲ့ပါတယ်။