အဖမ်းခံရတဲ့သင်္ဘောသားတွေ ဆိုမာလီဓါးပြလက်ကလွတ်

ဓာတ်ပုံ မူပိုင် AFP
Image caption ပြန်ပေးဆွဲသူတွေ တောင်းထားတဲ့ငွေ ရ မရ မသိရသေးပေမယ့် ဒီလွှတ်ပေးမှုမှာ ဒေသခံအုပ်စုတခုက အဓိက ကူညီခဲ့

ဆိုမာလီပင်လယ်ဓါးပြတွေက ငါးနှစ်နီးပါး ဖမ်းဆီးထားတဲ့ သင်္ဘောသား ၂၆ယောက် ပြန်လွတ်လာပြီလို့ နိုင်ငံတကာ ဓါးစာခံ စေ့စပ်သူတွေက ပြောပါတယ်။

ဒီလွတ်လာသူတွေဟာ ဓါးပြတွေရဲ့ ၂ထောင်ပြည့်နှစ်နောက်ပိုင်း ရာချီ ဖမ်းထားတဲ့ အထဲက နောက်ဆုံးအသုတ် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီသင်္ဘောသားတွေဟာ ၂၀၁၂ခုနှစ်က အဖမ်းခံခဲ့ရတာ ဖြစ်ပြီး အဖမ်းခံရစဉ်မှာ လျစ်လျူရှုထား ခံရတဲ့အတွက် အာဟာရမပြည့်ဝတဲ့ ဝေဒနာတွေလည်း ခံစားနေရပါတယ်။

အဖမ်းခံထားရတဲ့ အထဲက သင်္ဘောသား သုံးယောက်ကတော့ ဖမ်းဆီးထားစဉ်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပြန်ပေးဆွဲသူတွေ တောင်းထားတဲ့ငွေ ရ မရ မသိရသေးပေမယ့် ဒီလွှတ်ပေးမှုမှာ ဒေသခံအုပ်စုတခုက အဓိက ကူညီခဲ့တာ ဖြစ်ပါတယ်။

လတ်တလော အခြေအနေတွေအရ ဆိုမာလီကမ်းခြေဒေသတွေမှာ ပင်လယ်ဓါးပြမှုတွေလည်း လျော့ကျလာပြီ ဖြစ်ပါတယ်။