အိုင်အက်စ်စစ်သွေးကြွတွေက ရတ်ဘာမြို့ကို ဝင်တိုက်

ဓာတ်ပုံ ရင်းမြစ်, AFP
မိုဆူးလ်မြို့ဝန်းကျင်ကဒေသခံတွေ ထွက်ပြေးရ
အစ္စလမ်မစ်နိုင်ငံအဖွဲ့ အိုင်အက်စ်ဟာ မိုဆူးလ်မြို့မှာ အဝိုင်းခံရတာကို အာရုံလွှဲဖို့အတွက် အီရတ်မြောက်ပိုင်းက ရတ်ဘာမြို့ကို ဝင်ရောက်တိုက်ခိုက်လိုက်ပါတယ်။
အိုင်အက်စ်အဖွဲ့ဝင်တွေဟာ ဗုံးတင်လာတဲ့ ကားငါးစီးနဲ့ အသေခံတိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသတွင်း အီရတ်စစ်ဗိုလ်ချုပ်ကပြောပါတယ်။
ဒါပေမယ့် အခြေအနေတွေ တည်ငြိမ်သွားပြီလို့ သူကပြောပါတယ်။
အီရတ်နဲ့ ကာ့ဒ် လက်နက်ကိုင်တပ်တွေကတော့ အီရတ်မြောက်ပိုင်းက မိုဆူးလ်မြို့မှာ အိုင်အက်စ်အဖွဲ့ဝင်တွေကို ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
အီရတ်မှာရှိတဲ့ ကုလသမဂ္ဂယူနီဆက်ဖ်အရာရှိ ပီတာ ဟော်ကင်က မိုဆူးလ်မြို့ခံ အခြေအနေတွေနဲ့ ပတ်သက်ပြီး မိုဆူးလ်မြို့နဲ့ အနီးတဝိုက်ရွာတွေက ထွက်ပြေးလာသူ လေးထောင်ကျော်အတွက် ဒုက္ခသည် စခန်းတွေကို မရောက်ခင် ရေသန့်ရဖို့နဲ့ ရောဂါပြန့်ပွားမှုတွေ မဖြစ်ဖို့ စီစဉ်ထားတယ်လို့ ပြောဆိုထားပါတယ်။