ကယ်လေ ဂျန်းဂဲလ်စခန်းက ဒုက္ခသည်တွေကို စတင်ရွှေ့ပြောင်း

Migrants queue for Jungle reception points
ဓာတ်ပုံ ပုံစာ,

ဂျန်းဂဲလ် ဒုက္ခသည်တွေထဲမှာ အတော်များများက ယူကေဘက်ကို ကူးချင်သူတွေ ဖြစ်။

ပြင်သစ် နိုင်ငံ၊ ကယ်လေမြို့က ရွှေ့ပြောင်း ဒုက္ခသည်တွေရဲ့ Jungle စခန်းကို ရှင်းလင်းမှုတွေ စတင် လုပ်ဆောင်နေရာမှာ ဒုက္ခသည်တွေကို ပြင်သစ် ရဲတပ်ဖွဲ့ဝင် ထောင့်နှစ်ရာလောက်နဲ့ အုပ်စုခွဲ ရွှေ့ပြောင်းတာတွေ လုပ်နေပါတယ်။

အဲဒီ ဂျန်းဂဲလ် စခန်းမှာ ညစ်ထေး စုတ်ပြတ်တဲ့ အခြေအနေတွေနဲ့ စခန်းချ နေထိုင်နေကြတဲ့ ရွှေ့ပြောင်းဒုက္ခသည် အရေအတွက်က ၇ ထောင်လောက် ရှိတာပါ။

အဲဒီ ရွှေ့ပြောင်း ဒုက္ခသည်တွေကို အုပ်စုခွဲ၊ အမျိုးအစားခွဲပြီး သီးခြားစီ စီတန်းစေကာ မှန်လုံကားတွေနဲ့ တင်ဆောင်ပြီး ပြင်သစ် နိုင်ငံအနှံ့က ဒုက္ခသည် စခန်းတွေဆီ ရွှေ့ပြောင်း ပေးနေပါတယ်။

ပထမအသုတ် အဖြစ် မှန်လုံကား အစီး ၆၀ ထွက်ခွာသွားပြီ ဖြစ်ပြီး ခုချိန်အထိတော့ ဆန့်ကျင်သူ မရှိဘဲ အေးအေးချမ်းချမ်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အခုလို ရွှေ့ပြောင်းတာတွေကို ဗြိတိန်ဘက်ကို ကူးချင်တဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ ဆန့်ကျင်ကြမှာကိုတော့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဂျန်းဂဲလ် စခန်းကို ဖြိုဖျက် ရှင်းလင်းမှုတွေကိုတော့ အင်္ဂါနေ့မှာ စတင်မယ်လို့ ယူဆရပါတယ်။

အဲဒီ စခန်းက အုပ်ထိန်းသူ အဖော်မပါတဲ့ ကလေး ၁၃၀၀ လောက် ရှိတဲ့အထဲက တချို့ကို ယူကေက စတင် လွှဲပြောင်း လက်ခံနေပါတယ်။