နိုင်ငံတကာ အကူအညီပေးရေး ရံပုံငွေတွေကို ဗြိတိန် ဖြတ်တောက်မယ်

ဗြိတိသျှ အမျိုးသမီး ဝန်ကြီး မစ္စပတေးလ် ကင်ညာမှာ ရောက်နေစဉ်။
ဗြိတိန်က ပေးနေတဲ့ နိုင်ငံတကာ ထောက်ပံ့ရေး အကူအညီတွေကို ရယူ သုံးစွဲနေတဲ့ အဖွဲ့အစည်းတွေ ဘက်က အဲဒီ ရံပုံငွေတွေကို အကျိုးရှိရှိ သုံးစွဲနေကြောင်း မပြသနိုင်ဘူး ဆိုရင် ပေးနေတဲ့ ထောက်ပံ့ကြေး တွေကို ဖြတ်တောက်မယ်လို့ ဗြိတိသျှ အစိုးရက ကြေညာပါတယ်။
နိုင်ငံတကာ အကူအညီပေးရေး စီမံကိန်းကြီးတွေမှာ ဗြိတိန်က ထည့်ဝင်နေတဲ့ ငွေကြေးဟာ ဒေါ်လာ ၁၅ ဘီလီယံ ရှိတယ်လို့ နိုင်ငံတကာ ဖွံ့ဖြိုးရေးဆိုင်ရာ ဗြိတိသျှ ဝန်ကြီး ပရစ်တီ ပတေးလ်က ဘီဘီစီကို ပြောပါတယ်။
အီးယူ ထဲကနေ ဗြိတိန် ထွက်ပြီးတဲ့ အခါ အသစ် ပြုလုပ်ရမယ့် ကုန်သွယ်ရေး သဘောတူမှု တွေမှာ မျှဝေ သုံးစွဲ နိုင်ဖို့ အကျိုးမရှိ ဖြစ်နေတဲ့ ထောက်ပံ့ရေး ရံပုံငွေတွေကို စိစစ် ရလိမ့်မယ် ဆိုပြီး မစ္စ ပတေးလ်က ဆိုပါတယ်။
ဗြိတိန်ရဲ့ ထည့်ဝင် ငွေတွေကို လက်ခံ သုံးစွဲ နေကြတဲ့ အဖွဲ့အစည်းတွေထဲ ကမ္ဘာ့ဘဏ်လို နိုင်ငံတကာ စုပေါင်း ထားတဲ့ အဖွဲ့အစည်းမျိုးတွေ ပါဝင် နေပါတယ်။