အာဖဂန်မှာ လူ ၃၀ ကို IS တွေ သတ်ဖြတ်

ဂေါပြည်နယ် ရွာသားတွေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

IS တွေ သတ်ဖြတ်ထားခဲ့တဲ့ အလောင်းတွေ ရှိရာကို ရွာသားတွေ စုဝေးလာစဉ်။

အာဖဂန် နစ္စတန် နိုင်ငံ၊ ဂေါပြည်နယ်မှာ အရပ်သား အယောက် ၃၀ ကို IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့နဲ့ အဆက်အစပ် ရှိတဲ့ စစ်သွေးကြွတွေက ပြန်ပေးဆွဲ ဖမ်းဆီးခဲ့ပြီးနောက် သတ်ဖြတ် ပစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီလူတွေ အဖမ်းခံထားရစဉ်က ရဲတပ်ဖွဲ့က ကယ်တင်ဖို့ ကြိုးပမ်းခဲ့ရာမှာ IS တပ်မှူးတစ်ယောက် သေဆုံးခဲ့ရတာကို လက်တုံ့ပြန်တဲ့ အနေနဲ့ ဓားစာခံတွေကို စစ်သွေးကြွတွေက အခုလို သတ်ဖြတ် ပစ်ခဲ့တာလို့ ဂေါပြည်နယ် အုပ်ချုပ်ရေးမှူးက ဘီဘီစီကို ပြောပါတယ်။

အဲဒီ အရပ်သားတွေဟာ တောင်ပေါ်ကို ထင်းခုတ်သွားကြစဉ် စစ်သွေးကြွတွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာလို့ ဆိုပါတယ်။

အသတ်ခံရသူတွေထဲမှာ ကလေးတွေလည်း ပါတယ်လို့ ဂေါပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အာဖဂန် နစ္စတန် နိုင်ငံမှာ တာလီဘန်တွေနဲ့ အပြိုင် IS အဖွဲ့ကို သစ္စာခံသူတွေ တိုးပွား လာနေပါတယ်။

ဂေါပြည်နယ်က IS စစ်သွေးကြွတွေဟာ အရင်က တာလီဘန် တိုက်ခိုက်ရေးသမား ဟောင်းတွေ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

တာလီဘန် အဖွဲ့နဲ့ IS အဖွဲ့ဟာ မနှစ်တုန်းက အပြန်အလှန် စစ်ကြေညာ ခဲ့ကြပါတယ်။