ကယ်လေက ရွှေ့ပြောင်းဒုက္ခသည် အားလုံးကို ရှင်းလင်းပြီးပြီ

Fire breaks out in the Jungle camp as migrants prepare to leave while the authorities start to demolish the site on 26 October 2016 in Calais, France

ပြင်သစ်နိုင်ငံ၊ ကယ်လေမြို့မှာရှိတဲ့ Jungle စခန်းက ရွှေ့ပြောင်း ဒုက္ခသည်တွေကို ရှင်းလင်း ပို့ဆောင်ပေးနေရာမှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ သုံးရက်မြောက် နေ့မှာ အဲဒီစခန်းက လူအားလုံးကို ပြောင်းရွှေ့ပေးနိုင်ခဲ့ပြီလို့ ပြင်သစ် အာဏာပိုင်တွေက ပြောပါတယ်။

အခုလို ကြေညာချက်ကို ကယ်လေ ပြည်နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး Jungle စခန်း အနှံ့အပြားမှာတော့ မီးရှို့ခဲ့ရလို့ မီးလောင်ကျွမ်းနေတဲ့ တဲတွေ ရှိနေဆဲ ဖြစ်ပါတယ်။

အင်္ဂါနေ့ တစ်ညလုံး Jungle စခန်း အနှံအပြားက ရွက်ဖျင်တဲ တချို့ မီးလောင်ကျွမ်းခဲ့သလို ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာလည်း မီးလောင်တဲ့ တဲတွေ ဆက်ရှိ နေပြီး၊ မီးရှို့တဲ့ သူတွေကိုတော့ မသိရပါဘူး။

မီးရှို့သူတွေဟာ ယူကေ ဘက်ကို ဖြတ်ကူးဖို့ ရည်မှန်းပြီး Jungle စခန်းကနေ မခွာချင်ကြတဲ့ ရွှေ့ပြောင်းသူတွေ ဖြစ်နိုင်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ယူကေဘက်ကို ဖြတ်ကူးဖို့ ရည်ရွယ်ချက်နဲ့ စခန်းချနေကြတဲ့ ရွှေ့ပြောင်းသူတွေရဲ့ Jungle စခန်းဟာ ဥရောပက ရွှေ့ပြောင်းဒုက္ခသည် ပြဿနာတွေကို ကိုယ်စားပြုတဲ့ အဓိက သင်္ကေတ တစ်ခုလို ဖြစ်လာခဲ့တာပါ။

ဒီစခန်း ရှင်းလင်းရေးမှာ ပြင်သစ် ရဲတပ်ဖွဲ့ဝင် ထောင့်နှစ်ရာလောက် ပါဝင်ခဲ့ပါတယ်။

Jungle စခန်းကို အပြီးသတ် ရှင်းလင်းပြီးရင်လည်း ဒီနေရာကို ရွှေ့ပြောင်းသူတွေ ပြန်ရောက်လာကြပြီး ထပ်မံ စခန်းချကြမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ယ်။