ဆီးရီးယား လေကြောင်းတိုက်မှု၊ ကျောင်းသားငယ်တွေ သေဆုံး

ဆီးရီးယား

ဓာတ်ပုံ ရင်းမြစ်, Syria Civil Defence

ဓာတ်ပုံ ပုံစာ,

တိုက်ခိုက်ခံရတဲ့ ကျောင်းဝင်းထဲမှာ စာသင်ကျောင်း ၃ ကျောင်း ရှိတယ်လို့ ဆို။

ဆီးရီးယား နိုင်ငံ အနောက်မြောက်ပိုင်းက သူပုန်တွေ ထိန်းချုပ်တဲ့ ရွာတစ်ရွာကို ပြင်းထန်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့အတွက် ကျောင်းသားငယ် အများစု အပါအဝင် လူ ၂၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အိုင်ဒ်လစ်ဘ် ပြည်နယ်က အဲဒီ ရွာအတွင်း လေကြောင်း တိုက်ခိုက်ခံရတဲ့ ပစ်မှတ်တွေထဲမှာ စာသင်ကျောင်း ၃ ကျောင်း ပါတဲ့ ကျောင်းဝင်းကြီးကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခံရတာလို့ သတင်းတွေက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ ဆီးရီးယား လေယာဉ်တွေရဲ့ လက်ချက်လား၊ ရုရှား လက်ချက်လား ဆိုတာကိုတော့ မသိရသေးပါဘူး။

ဆီးရီးယား အစိုးရ သတင်းမီဒီယာ ကတော့ တိုက်ခိုက်မှုတွေ အတွင်းမှာ အကြမ်းဖက် သမားတွေကို သုတ်သင် နိုင်ခဲ့တယ် ဆိုပြီး ကြေညာသွားပါတယ်။

အလက်ပိုမြို့က သူပုန် နယ်မြေတွေအပေါ် ဗုံးကြဲ တိုက်ခိုက်တာ တွေကိုတော့ ဆက်ပြီး ရပ်နားထားမယ်လို့ ဆီးရီးယား အစိုးရနဲ့ ရုရှား တို့က ပြောဆိုခဲ့ပြီး နောက်မှာ အခုလို အိုင်ဒ်လစ်ဘ် ပြည်နယ်မှာ ဗုံးကြဲ တိုက်ခိုက်မှု ပေါ်ပေါက် လာတာပါ။

အိုင်ဒ်လစ်ဘ် ပြည်နယ်ဟာ ဆီးရီးယား အတိုက်အခံ သူပုန်တွေရဲ့ အမာခံ နယ်မြေတစ်ခု ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။