မိုဆူးလ်မြို့ တိုက်ပွဲတွေအတွင်း IS ၈၀၀ ကျော် သုတ်သင်နိုင်

ဓာတ်ပုံ ရင်းမြစ်, Reuters
မိုဆူးလ်မြို့ တောင်ဘက်က ချီတက်တဲ့ အီရတ် အစိုးရတပ်တွေကို IS တွေက အပြင်းအထန် တိုက်ခိုက်ခဲ့။
အီရတ် နိုင်ငံမှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ လက်အောက်က မိုဆူးလ်မြို့ကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ခဲ့တဲ့ စစ်ဆင်ရေးတွေ အတွင်းမှာ IS စစ်သွေးကြွ ၈၀၀ နဲ့ ၉၀၀ အကြားကို သုတ်သင် ခဲ့တယ်လို့ အမေရိကန် ထိပ်တန်း ဗိုလ်ချုပ် တစ်ဦးက ပြောပါတယ်။
IS တွေက မြို့ နေရာအနှံ့မှာ အရပ်သားတွေနဲ့ ရောနေတဲ့အတွက် သေဆုံးတဲ့ IS စစ်သွေးကြွ အရေအတွက်ကို အတိအကျ ပြောဖို့ ခက်တယ်လို့ အမေရိကန် ဗဟိုကွပ်ကွဲရေးဌာန အကြီးအကဲ Joseph Votel က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။
မိုဆူးလ်မြို့သိမ်း စစ်ဆင်ရေးတွေ မစခင်ကတော့ မြို့ထဲမှာ IS စစ်သွေးကြွ ငါးထောင် လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်း ထားခဲ့ကြပါတယ်။
အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ လေကြောင်း ပစ်ကူတွေနဲ့အတူ အီရတ်နဲ့ ကာ့ဒ် တပ်ဖွဲ့တွေဟာ မိုဆူးလ်မြို့ ပတ်ပတ်လည်ကနေ ရှေ့တိုး ချီတက် လာနိုင်နေကြပါတယ်။
မိုဆူးလ်မြို့ကို အပြီးသတ် သိမ်းယူနိုင်ဖို့ အတွက်တော့ သီတင်းပတ် အတော်များများ ကြာနိုင်တယ်လို့ မျှော်လင့် ထားကြပါတယ်။