ပိုလာဝက်ဝံ အတွက် တရုတ်မှာ လူတသန်း လက်မှတ်ထိုးတောင်းဆို

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂွမ်ဂျိုး ကုန်တိုက်ထဲက ဝက်ဝံ
တရုတ်ပြည် တောင်ပိုင်း ဂွမ်ဂျိုး မြို့က ကုန်တိုက်ကြီး တခု ထဲမှာ ပြသထားတဲ့ ပိုလာ ဝက်ဝံ တကောင် အတွက် လူ တသန်းကျော် လက်မှတ်ထိုး တောင်းဆို ခဲ့ကြပါတယ်။
ကမ္ဘာပေါ်မှာ စိတ်ဆင်းရဲစရာ အကောင်းဆုံး ဝက်ဝံလို့ ခေါ်ကြတဲ့ ဒီဝက်ဝံကို ကုန်တိုက် ထဲက ဖန်လှောင်အိမ်မှာ ထည့်ပြီး ပြထားတာကနေ ဖယ်ရှားပေးဖို့ ဝိုင်းဝန်းတောင်းဆို ခဲ့ကြတာ ဖြစ်ပါတယ်။
ပီဇာလို့ ချစ်စနိုး ခေါ်ကြတဲ့ ဒီဝက်ဝံလေး ခေါင်းယမ်းပြီး လှောင်အိမ်ပြင်ဘက်ကို ငေးမောနေတဲ့ ဗီဒီယို ကို အင်တာနက်မှာ တိရစ္ဆာန် အခွင့်အရေး ကာကွယ်ရေး အဖွဲ့တွေက လွှင့်တင် ခဲ့ကြတာပါ။
ဒါဟာ စိတ်အလိုမကျတဲ့ သဘောကို ပြတယ်လို့ တိရစ္ဆာန် အကြောင်း နားလည်သူတွေက ဆိုပါတယ်။
ကုန်တိုက် ပိုင်ရှင်တွေ ဘက်ကတော့ သူတို့ တရုတ် နိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်မှု မရှိတဲ့ အတွက် ဝက်ဝံကို ဒီနေရာက ဖယ်မပေးနိုင်ဘူးလို့ ငြင်းဆို ထားပါတယ်။